ဇန်နဝါရီမှ ဧပြီလအတွင်း ECCD ဆရာဖြစ်သင်တန်း (၄) ကြိမ် ဖွင့်လှစ်မည်

ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး မူလတန်းဆရာ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်းကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ သင်ကြားလေ့ကျင့်ပေးနေသည့် မူလတန်းအရွယ်ကလေးများအတွက် ကျောင်းနေရာတွင် အသင့်ဖြစ်စေပြီး ပညာသင်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအား ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်သည်။

သင်တန်းကာလမှာ (၁၀) ရက်ကြာ တက်ရောက်ရမည့် ရက်တိုသင်တန်းဖြစ်ကာ ဇန်နဝါရီလမှ ဧပြီလအတွင်း သင်တန်းလေးကြိမ် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘာသာရပ်များဖြစ်သည့် ကလေးသဘောသဘာဝနှင့် အခြေခံလိုအပ်ချက်၊ ကစားခြင်းဖြင့်သင်ကြားခြင်း၊ ကလေးဖွံ့ဖြိုးမှု၊ စာသင်ခန်းစီမံခန့်ခွဲမှုနှင့် သင်ယူရာနေရာများ၊ ကလေးစိတ်ပညာ၊ သင်ယူမှု၏ အခြေခံအုတ်မြစ်များ၊ မိသားစုပုံစံအမျိုးမျိုးနှင့် မိဘရပ်ရွာပူးပေါင်းဆောင်ရွက်ခြင်း၊ အထူးဂရုပြုစောင့်ရှောက်ရန် လိုအပ်သော ကလေးများနှင့် သင်ကြားမှုနည်းလမ်းများ၊ ဘာသာစကားဖွံ့ဖြိုးမှု၊ အစောပိုင်းကာလ စာတတ်မြောက်မှု၊ ကလေးများအား ကြည့်ရှုလေ့လာခြင်း၊ အကူးအပြောင်းကာလ အရေးကြီးပုံ စသည့်ဘာသာရပ်များကို စာတွေ့၊ လက်တွေ့နည်းလမ်းများ၊ Role Play များဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

မူလတန်းဆရာ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ ဆရာဖြစ် သင်တန်းအမှတ်စဉ်(၁) ကို ဖွင့်လှစ်လျက်ရှိပြီး ပညာရေးဝန်ကြီးဌာန နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမ (၄၆) ဦးနှင့် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းများမှ ဆရာမ (၃၀) စုစုပေါင်း သင်တန်းသား သင်တန်းသူ (၇၆) ဦး တက်ရောက်လျက်ရှိသည်။

Source - ပြန်ကြားရေးဝန်ကြီးဌာန

Latest Post Local News Read 11 times