တက္ကသိုလ်များတွင် သုတေသနများလုပ်ရန် ပညာရေးဝန်ကြီးမှ တိုက်တွန်း

တက္ကသိုလ်များအနေဖြင့် သုတေသနလုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပညာရေးဝန်ကြီးမှ ဩဂုတ်လ (၅) ရက်နေ့ အွန်လိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ဩဂုတ်လ (၅) ရက်နေ့တွင် ပညာရေးဝန်ကြီးအသစ် ဒေါက်တာချောချောစိန်က ဒုတိယဝန်ကြီး အပါအဝင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများနှင့် အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးသည် သုတေသနမလုပ်သော တက္ကသိုလ်သည် တူရိယာမပါသော သီချင်းတစ်ပုဒ်နှင့်တူသောကြောင့် အထူးပြုဘာသာရပ်များအလိုက် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

တက္ကသိုလ်များ၏ အဓိကနယ်ပယ် (၄) ခုဖြစ်သည့် သင်ကြားသင်ယူရေး (Teaching and Learning)၊ လေ့ကျင့်သင်ကြားရေး (Training)၊ သုတေသနဆောင်ရွက်ခြင်း (Research) နှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း (International cooperation) တို့အနက် သင်ကြားသင်ယူရေးနယ်ပယ်တွင် ထိရောက်သည့် သင်ကြားသင်ယူမှုနည်းလမ်းများဖြစ်ရန် တက္ကသိုလ်ပါမောက္ခချုပ်များအနေဖြင့် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တက္ကသိုလ်များရှိ နိုင်ငံတကာဆက်ဆံရေးရုံးများသည် နားလည်မှုစာချွန်လွှာတွင် ဖော်ပြထားသော ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ်များတွင် ချိတ်ဆက်ပူးပေါင်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြရမည်ဟုလည်း အသိပေးခဲ့သည်။

နောက်ဆုံးအနေဖြင့် (၁၂) တန်းကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်များတွင် သင်ကြားပေးလျက်ရှိသော အထူးပြုဘာသာရပ်များ၏ အကျိုးရှိပုံများကို လာမည့် အောက်တိုဘာလတွင် ကွင်းဆင်းရှင်းလင်းဆွေးနွေးရန် အစီအစဉ်ရှိကြောင်း သိရသည်။ 

Source - MYANMAR NATIONAL PORTAL 

Local News Read 42 times