ပုဂ္ဂလိကကျောင်းများတွင် DCS (Disloyalty Civil Servant - ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင် စွန့်ခွာသွားသည့် ဆရာ၊ ဆရာမများ) စာသင်ကြားခြင်း တွေ့ရှိပါက ကျောင်းများအား ပိတ်သိမ်းအရေးယူရန် ညွှန်ကြားဆောင်ရွက်ထာကြောင်း သိရသည်။
နိုဝင်ဘာ (၂) ရက်နေ့က တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ပုဂ္ဂလိကပိုင် ကျောင်းများအနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိ၊ စောင့်ကြည့်ကြပ်မတ်ရန် အစီအစဉ် ရှိ /မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ယခုလို ဖြေကြားခဲ့သည်။
ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ခွင့်ပြုခဲ့သည့် အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိက ကျောင်းများတွင် သင်ကြားရေး တာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂလိကကျောင်းဆရာများ၊ စီမံဝန်ထမ်းများ (အချိန်ပိုင်း၊ အမြဲတမ်း) တို့အား DCS ပြုလုပ်ထားသည့် ဆရာ ဆရာမများ သင်ကြားမှုမရှိစေရေး သေချာစွာ စိစစ်ကြပ်မတ်လျက်ရှိပြီး စာသင်ကြားခြင်း တွေ့ရှိပါက ကျောင်းများအား ပိတ်သိမ်းအရေးယူရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။
ပုဂ္ဂလိက ဆရာ ဆရာမများ၏ ကိုယ်ရေးအချက်အလက်များ တင်ပြရာတွင်လည်း ယခင်ပညာရေး ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ခြင်း ရှိ/မရှိ၊ DCS ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ဝန်ခံကတိပြုချက်၊ ဘွဲ့လက်မှတ် မိတ္တူများအား ကာယကံရှင်နှင့် သက်ဆိုင်ရာကျောင်း တည်ထောင်သူတို့က မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးပြီး ကျောင်းအလိုက် စုစည်းကာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့သို့ ပေးပို့စေလျက်ရှိကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေမဲ့ လုပ်ထုံး လုပ်နည်းနှင့်မညီဘဲ ကျောင်းသားများအား အတန်းကျော်လွန်တက်ရောက် ခွင့်ပြုခြင်း စိစစ်တွေ့ရှိရပါက ပုဂ္ဂလိကပညာရေးဥပဒေ ပုဒ်မ ၅၁ အရ စီမံခန့်ခွဲရေး နည်းလမ်းအတိုင်း ပြစ်ဒဏ်ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။