Sales Hotline : 09448001653       Download App



ဘုန်းတော်ကြီးသင်ပညာရေးဆရာတော်များနှင့် မြန်မာနိုင်ငံအထူးပညာရေးအသင်း ညှိနှိုင်းအစည်းအဝေးကျင်းပ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ပြုစုရေးအတွက်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉း၃၀ နာရီ တွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

Image may contain: 16 people

အစည်းအဝေးသို့ ဖောင်တော်ဦးဆရာတော် နှင့် IBEC ဆရာတော် အမှူးပြုသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာတော်သံဃာတော်များ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ ။ ရွှေမင်းသားဖောင်ဒေးရှင်းမြန်မာ၊ မြန်မာနိုင်ငံအထူးပညာရေးအသင်း၊ မသန်စွမ်းပညာရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ပြုစုရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးတွင် ယဉ်ကျေးမှုများသည် ခေတ်စနစ်အခြေအနေများနှင့်အညီ လိုက်လျောညီထွေစွာ ပြောင်းလဲနေပါကြောင်း၊ လူသားကောင်းယဉ်ကျေးမှု(Global citizen culture) သည် အရေးကြီးသလို ၊ သင်ယူခြင်း၊ သင်ယူသည့်ယဉ်ကျေးမှု(Learning culture) သည်လည်း အလွန်အရေးကြီးပါကြောင်း။ 

လူတိုင်း အခြေခံစာ ဖတ်တတ်၊ ရေးတတ်၊ တွက်တတ်မည်ဆိုပါက တစ်သက်တာလုံး သင်ယူနိုင်မှာဖြစ်ပါကြောင်း။ ဆရာတော်သံဃာတော် အရှင်သူမြတ်များအနေဖြင့် ကျောင်းနေအရွယ် ကလေးများ၊ လူပုဂ္ဂိုလ်များ၊ သာမဏေ၊သီလရှင်၊ သံဃာတော်များအား တစ်သက်တာသင်ယူနိုင်ရေးအတွက် ဘုန်းတော်ကြီးသင်ပညာရေးဖြင့် ဆောင်ရွက်ပေးနေ သည်များကို ပညာရေးဝန်ကြီးဌာနအနေဖြင့် အလွန်ကျေးဇူးတင်ဝမ်းမြောက်ကြောင်းကို လျှောက်ထားအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် လူပုဂ္ဂိုလ်များအပြင် သန်စွမ်းသူ၊ မသန်စွမ်းသူ၊ မြို့ပြ ကျေးလက်၊ ချမ်းသာ ဆင်းရဲ စသည်ဖြင့် မည်သည့်အကြောင်းကြောင့်မှ မခွဲခြားဘဲ သင်ယူမှုအခွင့်အလမ်းရရှိအောင် အားပေးမြှင့်တင် ဆောင်ရွက်ပေးနေပါကြောင်း၊ ကလေးငယ်များ၏ သင်ယူတတ်မြောက်မှု အရည်အသွေးပိုမိုကောင်းမွန်ရေးအတွက် မိဘများ၊ မိဘဆရာအသင်းများစသည်ဖြင့် ပူးပေါင်း ဆောင်ရွက်သည့် ယဉ်ကျေးမှုများ (Cooperation and collaboration culture) ပိုမိုမြှင့်တင်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊၊ 

ယနေ့အစည်းအဝေးအတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာတော် သံဃာတော်များ၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသည်များကို ဝမ်းမြောက်ရပါကြောင်း၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား များ၏ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ထောင်စုကြီး၏ ငြိမ်းချမ်းသာဝပြောရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးစသည်ဖြင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို တစ်ဦးနှင့်တစ်ဦး မေတ္တာ၊ ကရုဏာထားပြီး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နှင့် ဆွေးနွေးသည့်ယဉ်ကျေးမှု (Discussion culture)သည် အလွန်မွန်မြတ်ပါကြောင်း၊ သုတေသနယဉ်ကျေးမှု (Research culture)၊ သုတေသနအချက်အလက်၊ အထောက်အထားများကိုအခြေခံ၍ ဆောင်ရွက်ရန်လည်း အရေးကြီးပါကြောင်း၊ ယခုလို ယဉ်ကျေးမှုများကို အထူးအားပေးလိုပါကြောင်း။

စက်မှုနှင့် ပညာရေး ယှဉ်တွဲပြောင်းလဲမှုအနေဖြင့် ၁၈ ရာစုတွင် ရေနွေးငွေ့စက်ရုံများ ထွန်းကားလာခြင်းစသည့် ခေတ်နှင့်လိုက်လျောညီထွေသော ပညာရေးစနစ်များသည် Industry 1.0 နှင့် Education 1.0 ဖြစ်ပါကြောင်း၊ ၁၉ ရာစုတွင် လျှပ်စစ်၊ ထုတ်ကုန်အမြောက်အများထုတ်လုပ်ခြင်းစသည့် ခေတ်နှင့်လိုက်လျောညီထွေရှိသော ပညာရေးစနစ်များသည် Industry 2.0 နှင့် Education 2.0 ဖြစ်ပါကြောင်း၊ ၂ဝရာစုတွင် အလိုအလျောက်နည်းပညာ၊ အီလက်ထရောနစ်၊ အိုင်တီ ထွန်းကားလာခြင်းနှင့် လိုက်လျောညီထွေရှိသည့် ပညာရေးစနစ်များသည် Industry 3.0 နှင့် Education 3.0 ဖြစ်ပါကြောင်း၊ ၂၁ ရာစုအစပိုင်းတွင် Artificial Intelligence, Internet of Things, Cloud Computing, Big Data, Robotics စသည်များ အားကောင်းလာသည်နှင့် လိုက်လျောညီထွေရှိသည့် ပညာရေးစနစ်များသည် Industry 4.0 နှင့် Education 4.0 ဟူ၍ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာနေပါကြောင်း၊ ပညာရေးဖွံ့ဖြိုးမှုသည် စက်မှုဖွံ့ဖြိုးမှုထက် သာလွန်ပါက ပြည်သူများ သာယာပြည့်ဝသည့် ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း၊ စက်မှုဖွံ့ဖြိုးမှုက ပညာရေးဖွံ့ဖြိုးမှုထက် သာလွန်သွားပါက စိတ်ဖိစီးမှုများ၊ စိတ်ပိုင်းဆိုင်ရာခံစားမှုများဖြင့် တွေ့ကြုံရမည်ဖြစ်ပါကြောင်း၊ ပညာရေးသည် အမြဲတမ်း စက်မှုထက် သာလွန်နေရန် အရေးကြီးပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၁ အရ ပညာရေး ပြုပြင်ပြောင်းလဲမှုများကိုဆောင်ရွက်ရာတွင် ပညာရေးတွင် ရင်းနှီးမြုပ်နှံခြင်း၊ သူငယ်တန်း+၁၂ တန်း အခြေခံပညာရေး သင်ရိုးသစ် ကျောင်းသုံး ဖတ်စာအုပ်များ အခမဲ့ဖြန့်ဝေခြင်း၊ သင်ကြားသင်ယူမှု နည်းလမ်းများဖြင့် ဆရာဆရာမများအားလုံး တို့ကို သင်တန်းပေးခြင်း၊ စစ်ဆေးအကဲဖြတ်မှု ပြောင်းလဲခြင်း၊ တိုင်းရင်းသားဒေသများတွင် ဦးစားပေး၍ လိုအပ်ချက်များ ပံ့ပိုး ဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်မှုများကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပညာသင်ယူပြီးမြောက်သူ ဦးရေ တိုးတက်လာပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမဆုံးအကြိမ် အထက်တန်းကျောင်းသားဦးရေ စုစုပေါင်း တစ်သန်းကျော်ရှိလာပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် (မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ၉,၇၁၆,၃၇၃ ဦး၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသား -၃၁၅,၉၄၄ ဦး၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ ကျောင်းသား ၂၆၁,၉၂၂ဦး ရှိလာပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ ကျပ်(၇၉၄.၄)သန်း၊ အမြင်အာရုံမသန်စွမ်း၊ အကြား အာရုံမသန်စွမ်း၊ ကျောင်းသား(၁၄၃၁)ဦးတို့အား ကျပ်(၉၁.၂၇)သန်း ထောက်ပံ့ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် သတ်မှတ်ချက် ၇ ချက်နှင့် ပြည့်မီသည့် အထက်တန်းသင်ယူပြီးမြောက်သည့် လက်မှတ်ရရှိသူ ဦးရေ (၅၆၆၂၇၄) ဦးရှိပါကြောင်း။

ယခုလို အရည်အသွေးရှိသော ပညာရေးစနစ်ကို ဦးတည်ဆောင်ရွက်ကြရာတွင် စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်က အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းလုပ်ငန်းများကိုလည်းကောင်း၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀) အခန်း(၅)မှ အခြေခံပညာကဏ္ဍကိုလည်းကောင်း မိတ်ဆက် ရှင်းလင်းတင်ပြကြသည်။ 

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ချိတ်ဆက်၍ အခြေခံပညာကဏ္ဍဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များ၊ သိရှိလိုသည်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြသည်။ 

ဆက်လက်၍ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) အခန်း (၆) နည်းပညာနှင့်သက်မွေးပညာကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)၊ အခန်း(၇) အဆင့်မြင့်ပညာ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း အသီးသီးရှင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာသူများက အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြကြောင်း သတင်းရရှိသည်။
Educational Information Department

Latest Post News Read 2739 times