တက္ကသိုလ်မေဂျာ ရွေးချယ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက်များ

 

ပြည်တွင်း (သို့) ပြည်ပမှာ တက္ကသိုလ်တက်ဖို့ မေဂျာ ရွေးချယ်လျှောက်ထားတော့မယ်ဆိုရင် ကျောင်းသားအများစုဟာ အမှတ်နဲ့ကိုက်ညီတဲ့ တက္ကသိုလ်ကိုပဲ လျှောက်လိုက်ဖို့ အတွေးများကြပါတယ်။ အမှတ်အပြင် ကိုယ်ရွေးချယ်လိုက်တဲ့ မေဂျာကို တကယ်ပဲ စိတ်ဝင်စားရဲ့လား၊ အနာဂတ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါရဲ့လားဆိုတာကိုလည်း စဉ်းစားဖို့ လိုပါတယ်။

 

အနည်းဆုံး (၄) နှစ်ကနေ အများဆုံး (၆) နှစ်အထိ အချိန်ပေးပြီး တက်ရောက်ရမှာဖြစ်တဲ့ တက္ကသိုလ်အတွက် ရွေးချယ်မှုမှန်ကန်ဖို့ ထည့်သွင်းစဉ်းစားရမယ့် အချက် (၆) ချက်ကို မျှဝေပေးသွားပါမယ်။ 

 

၁။ ဝါသနာ (သို့) အားသာချက်

အနာဂတ်မှာ ကိုယ်ဘယ်လိုအလုပ်မျိုး လုပ်ချင်တာလဲ? ကိုယ့်ရဲ့ ဝါသနာကဘာလဲ? ဆိုတာ အရင်သိအောင် လုပ်ပါ။ ဝါသနာနဲ့ အလုပ် ထပ်တူညီဖို့ ခက်တယ်ဆိုရင် ကိုယ့်အားသာချက်ကို တစ်ချက်ပြန်စစ်ဆေးပါ။ ကိုယ်အားသန်တဲ့ ဘာသာရပ်မျိုးကို ရွေးချယ်နိုင်မယ်ဆိုရင် တက္ကသိုလ်တက်နေစဉ်ကာလတစ်လျှောက်မှာ ဖိအားတွေ သိပ်မရှိနိုင်ပါဘူး။ 


ဥပမာ - ကိုယ်က ဆရာဝန်ဖြစ်ချင်တာဆိုရင် ဆေးတက္ကသိုလ်ကို ရွေးလို့ရပါတယ်။ ဒါပေမဲ့ ဝင်ခွင့်သတ်မှတ်ချက်ကို မပြည့်မီဘူးဆိုရင် ကိုယ့်အားသာချက်က ဘာလဲ ပြန်စဉ်းစားပါ။  ကိုယ်က ကျောင်းတက်တုန်းက သူငယ်ချင်းတွေကို စာကူလုပ်နိုင်တယ်၊ စာပြန်ရှင်းပြနိုင်တယ်ဆိုရင် စာသင်ပြခြင်းနှင့် နီးစပ်ရာ မေဂျာတွေကို ရွေးကာ ကိုယ့်အားသာချက်ကို ကောင်းစွာ အသုံးပြုရပါမယ်။ 

 

၂။  အသက်မွေးဝမ်းကျောင်း

လူတစ်ယောက်က ပညာတတ်နေရုံနဲ့ မပြည့်စုံပါဘူး။ ကိုယ်တက်မြောက်ထားတဲ့ ပညာကို အသုံးချပြီး ဝမ်းစာရှာဖွေရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရွေးချယ်ထားတဲ့ ပညာရပ်နဲ့ ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါ စဉ်းစားထားရပါမယ်။

 

အနာဂတ်မှာ ကိုယ်ရရှိမယ့် ဘွဲ့နဲ့ အလုပ်အကိုင် ရှာဖွေရ လွယ်ကူမလား? မျှော်မှန်းလစာ ဘယ်လောက်ရနိုင်လဲ? ဘွဲ့ရပြီးတာနဲ့ ချက်ချင်း အလုပ်ဝင်လို့ရလား? တိုးတက်တဲ့ လမ်းကြောင်းပေါ် ရောက်နိုင်မလား? စသဖြင့် အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီး ကြိုတင်တွေးထားရပါမယ်။ 

 

၃။ ကုန်ကျစရိတ်

တက္ကသိုလ်ကိုတော့ ကိုယ်ဝါသနာပါရာ၊ အမှတ်မီရာကို စိတ်ကြိုက်ရွေးချယ်လိုက်တယ်ဆိုပေမယ့် ကိုယ့်မိဘ၊ မိသားစုက ငွေကြေးတတ်နိုင်ဦးမှ ကျောင်းတက်ရတာ အဆင်ပြေမှာပါ။ ဒါကြောင့် ကိုယ်တက်မယ့်ကျောင်းရဲ့ တစ်နှစ်စာ ကုန်ကျစရိတ်ကို တွက်ချက်လေ့လာထားပါ။ 

 

ပြည်တွင်းမှာ အစိုးရပိုင် တက္ကသိုလ်တွေ တက်မယ်ဆိုရင်တော့ ငွေကြေးအတွက် ပူပန်စရာ သိပ်မလိုပေမယ့် ပုဂ္ဂလိကတက္ကသိုလ် (သို့) ပြည်ပမှာ တက္ကသိုလ် တက်မယ်ဆိုရင်တော့ ငွေကြေးကိစ္စက အဓိက စဉ်းစားရမယ့်အချက်ပါ။

 

၄။ ပညာသင်ဆုအခွင့်အလမ်း

ကိုယ်တက်ချင်တဲ့ တက္ကသိုလ်နဲ့ ပတ်သက်ပြီး စုံစမ်းလေ့လာတဲ့အခါ ပညာသင်ဆု လျှောက်လို့ရတဲ့ တက္ကသိုလ်ဟုတ်/မဟုတ်ပါ ကြည့်ပါ။ ငွေကြေးကြောင့်တော့ အိမ်မက်တွေကို စွန့်လွှတ်စရာ မလိုပါဘူး။ ခေတ်အခြေအနေအရ ပြည်တွင်း ပညာသင်ဆုတွေ၊ နိုင်ငံတကာမှ ပညာသင်ဆုတွေ အများအပြား ရှိနေပြီဖြစ်လို့ ကိုယ်တက်ရောက်လိုတဲ့ တက္ကသိုလ်ကို စရိတ်ငြိမ်းနဲ့ တက်ရောက်နိုင်ပါတယ်။ 

 

၅။ စုံစမ်းမေးမြန်းပါ

တက္ကသိုလ်မတက်ခင် အရင်ဆုံး လုပ်ရမှာက ကိုယ်ရွေးချယ်ထားတဲ့ မေဂျာနဲ့ပတ်သက်ပြီး စီနီယာအကိုတွေ၊ အမတွေ၊ ဆရာတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ပါ။ နိုင်ငံခြားကို ပညာတော်သင် သွားမယ်ဆိုရင်လည်း အတွေ့အကြုံရှိတဲ့ အကြံပေးပုဂ္ဂိုလ်တွေ၊ သိနားလည်တဲ့သူတွေကို စုံစမ်းမေးမြန်းသင့်ပါတယ်။ ဒါမှ ကိုယ်တက်ရောက်ချင်တဲ့ ကျောင်းရဲ့ အခြေအနေ၊ စာသင်ကြားရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အစစ်အမှန် ရရှိနိုင်မှာပါ။

 

၆။ အဝေးသင် (သို့) Day

ဒီနှစ်ခုမှာက အားနည်းချက်၊ အားသာချက် ကိုယ်စီရှိကြပါတယ်။ Day တက်မယ်ဆိုရင် ကျောင်းသားဘဝ အတွေ့အကြုံကို ကောင်းကောင်း ဖြတ်သန်းနိုင်ပါတယ်၊ အပေါင်းအသင်းများပြီး ကိုယ်ထူးချွန်ရင် ထူးချွန်သလောက် နိုင်ငံခြား ပညာတော်သင်အနေဖြင့် စေလွှတ်ခံရတာမျိုးလည်း ရှိပါတယ်။

 

ဒါပေမဲ့ အဝေးသင်တက်‌တဲ့ ကျောင်းသားတွေနဲ့ ယှဉ်ရင် လုပ်ငန်းအတွေ့အကြုံ နည်းနိုင်ပါတယ်။ အဝေးသင်ကို ‌ရွေးခဲ့မယ်ဆိုရင် တက္ကသိုလ် ကျောင်သားဘဝကို အများကြီး မရနိုင်ပေမယ့် အခြားအသိအမှတ်ပြု လက်မှတ်များ၊ ဒီဂရီများကို ကျောင်းတက်ရင်း ရယူနိုင်ကာ လုပ်ငန်းခွင်အတွေ့အကြုံ စောစီးစွာ ရနိုင်ပါတယ်။

 

ဒီလောက်ဆိုရင်တော့ ဘ၀ရဲ့ တစ်ဆစ်ချိုး အကူးအပြောင်းဖြစ်တဲ့ တက္ကသိုလ် အရွေးမမှားဖို့ ထည့်သွင်းစဉ်းစားရမယ့် အချက်လေးတွေကို တွေးမိပြီလို့ ယူဆပါတယ်။ တက္ကသိုလ်ရွေးချယ်မှုသာ မှန်ကန်ခဲ့မယ်ဆိုရင် ပညာရေးအတွက်သာမက ပရော်ဖက်ရှင်နယ်ဘဝမှာပါ သိသာတဲ့ အကျိုးကို ရရှိစေမှာဖြစ်ပါတယ်။ 

 

Latest Post University / College Read 624 times