၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ် (၁၅၈) ကျောင်းမှ တစ်ကျောင်းလျှင် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ (၂) ဦးစီဖြင့် စုစုပါင်း (၃၁၅) ဦး ရွေးချယ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန် ရွေးချယ်ရေးဆိုင်ရာ အစည်းအဝေးကို နိုဝင်ဘာ (၂၄) ရက်နေ့တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိုင်ငံတော်အတွက် အားထားရမည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို ဗလငါးတန်နှင့် ပြည့်စုံသော လူချွန်လူကောင်းများ မွေးထုတ်လေ့ကျင့်ပေးရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အဆင့်မြင့်ပညာအဆင့် လူရည်ချွန် ရွေးချယ်ရေး စီမံကိန်းကို စတင်ခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်လည်း အဆင့်မြင့်ပညာအဆင့် လူရည်ချွန်များကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာမှ စတင် ဖွင့်လှစ်ခဲ့သည့် မွေးမြူရေးနှင့် စိုက်ပျိုးရေးတက္ကသိုလ် (မအူပင်) အပါအဝင် တက္ကသိုလ် (၁၅၈) ခုမှ တစ်ကျောင်းလျှင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူတစ်ဦးနှင့် ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူတစ်ဦးစီဖြင့် စုစုပေါင်း (၃၁၅) ဦးကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန် ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်များနှင့် ဖွင့်လှစ်မည့် လူရည်ချွန်စခန်းများကို ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ် ပထနှစ် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ (၁၄၅) ဦး ရွေးချယ်ခဲ့ပြီး ရေးဖြေ၊ နှုတ်ဖြေနှင့် ကိုယ်ကာယကြံ့ခိုင်မူ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Source - ပြန်ကြားရေးဝန်ကြီးဌာန