ကျောင်းလုပ်ငန်းတစ်ခုမှာ စီးပွားရေးနဲ့ ပညာရေးကို ဟန်ချက်ညီအောင် ဘယ်လိုစီမံမလဲ?

သင်က ပုဂ္ဂလိကကျောင်းလုပ်ငန်းတစ်ခုကို ဦးဆောင်နေသူဆိုရင် သင့်ကျောင်းရဲ့ ပညာရေးအရည်အသွေး ကောင်းမွန်ဖို့အပြင် လုပ်ငန်းမှာ အမြတ်အစွန်းရဖို့အတွက်ပါ စီမံခန့်ခွဲရတော့မှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကကျောင်းလုပ်ငန်းတစ်ခုအနေနဲ့ စီးပွားရေးအရ တိုးတက်ဖို့နဲ့ ပညာရေးအရ အရည်အသွေး မြင့်မားဖို့ဆိုတဲ့ ရည်မှန်းချက် (၂) ခုကို တစ်ပြိုင်တည်း အောင်မြင်အောင် လုပ်ဆောင်ရတာဟာ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါတယ်။

ခေတ်အခြေအနေကိုက မိဘတွေက သားသမီးတွေရဲ့ အနာဂတ်ပညာရေးအတွက် ပုဂ္ဂလိကကျောင်း (သို့) နိုင်ငံတကာကျောင်းတွေအပေါ်မှာ မျှော်လင့်ချက် ပိုထားလာကြပါတယ်။ ပုဂ္ဂလိကကျောင်းတွေကလည်း အရင်ကထက် သူ့ထက်ငါအပြိုင် ဖွင့်လှစ်လာကြတာဖြစ်တဲ့အတွက် အပြိုင်အဆိုင်တွေ များလာပါတယ်။ ဒါကြောင့် ကျောင်းလုပ်ငန်းတစ်ခုအနေနဲ့ ပညာရေးရော စီးပွားရေးကိုပါ ဟန်ချက်ညီညီ ပေါင်းစပ်နိုင်မှသာ ရေရှည်မှာ အောင်မြင်တဲ့ ပညာရေးအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုဂ္ဂလိကကျောင်းတွေမှာ စီးပွားရေးနဲ့ ပညာရေးရည်မှန်းချက်တွေကို ဘယ်လို ချိန်ညှိပေးရမလဲ၊ ဘယ်လိုနည်းဗျူဟာတွေ ချမှတ်အသုံးပြုရမလဲဆိုတာတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

၁။ ရည်မှန်းချက်ပန်းတိုင်ကို ရှင်းလင်းစွာ သတ်မှတ်ပါ။

သင့်ကျောင်းရဲ့ Mission နဲ့ Vision တွေကို ပညာရေးနဲ့ စီးပွားရေး ရည်မှန်းချက် (၂) ခုလုံးအပေါ် အကျိုးသက်ရောက်မှုရှိအောင် ရေးဆွဲသင့်ပါတယ်။ သင့်ကျောင်းရဲ့ ရည်မှန်းချက်က အကျိုးအမြတ်အပေါ်ပဲ အာရုံစိုက်ထားမယ်ဆိုရင် ကျောင်းသားတွေအတွက် ကောင်းမွန်တဲ့ ပညာရေးအရည်အသွေးကို ပေးဆောင်နိုင်မှာမဟုတ်သလို ပညာရေးလောကမှာလဲ ရေရှည်ရပ်တည်နိုင်ဖို့ အလားအလာ မရှိပါဘူး။

ဒါကြောင့် ကျောင်းသားတွေရဲ့ ဘက်စုံဖွံ့ဖြိုးမှုအတွက် ခေတ်မီတဲ့ သင်ကြားနည်းတွေနဲ့ ပညာရေးအရည်အသွေးကို ဈေးနှုန်းသင့်တင့်စွာ ပေးဆောင်နိုင်ဖို့က ကျောင်းရဲ့ ရည်မှန်းချက်ဖြစ်သင့်ပါတယ်။ ဒါဆိုရင် ဒေသတွင်း ပညာရေးစံပြအဖြစ် အသိအမှတ်ပြုခံရပြီး ရေရှည်တည်တံ့တဲ့ စီးပွားရေးမော်ဒယ်အဖြစ် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

၂။ ပညာရေးအရည်အသွေးမြှင့်တင်ခြင်း

ပညာရေးအရည်အသွေးမြှင့်တင်တယ်ဆိုတဲ့နေရာမှာ ဆရာတွေရဲ့ အရည်အသွေး၊ သင်ရိုးညွှန်းတမ်း၊ ကျောင်းသားဗဟိုပြုစနစ် စတာတွေကို အဓိကထား လုပ်ဆောင်ရပါမယ်။ ဘာသာရပ်ကျွမ်းကျင်တဲ့ဆရာတွေ၊ သင်ကြားနည်းတွေကို လိုသလို အသုံးချနိုင်တဲ့ ဆရာတွေ၊ ဆက်ဆံရေးကောင်းမွန်တဲ့ဆရာတွေကို ကျောင်းမှာ ရွေးချယ်ခန့်အပ်ထားရပါမယ်။ 

ဒါ့အပြင် လစဉ် (သို့) နှစ်စဉ် သင်ကြားလေ့ကျင့်ရေးသင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ပညာရေးညီလာခံတွေ စတဲ့ Continuous Professional Development လို့ခေါ်တဲ့ စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို စီစဉ်ပေးရပါမယ်။

သင်ရိုးညွှန်းတမ်းကလည်း နိုင်ငံကတာက အသိအမှတ်ပြုလက်ခံထားတဲ့ အရည်အသွေးမီ သင်ရိုးညွှန်းတမ်းကို အသုံးပြု သင်ကြားသင့်ပါတယ်။ (၁၂) ရာစုမှာ မရှိမဖြစ် လိုအပ်တဲ့ AI Skills ၊ Critical Thinking ၊ Practical Skills နဲ့ Communication Skills တွေ၊ STEM သင်ကြားမှုတွေကို သင်ရိုးညွှန်းတမ်းမှာ ပေါင်းစပ် ထည့်သွင်းရပါမယ်။

ကျောင်းသားဗဟိုပြုသင်ကြားရေးကို ရှေးရှုပြီး ကျောင်းသားတစ်ဦးချင်းစီရဲ့ အားနည်းချက်၊ အားသာချက်တွေကို အခြေခံထားတဲ့ သင်ခန်းစာ အစီအစဉ်တွေကို ဖန်တီးရပါမယ်။ စာမေးပွဲ စစ်ဆေးတဲ့အခါမှာလည်း တစ်လုံးမှား တစ်မှတ်လျှော့တဲ့ စနစ်ထက် စွမ်းရည်တိုးတက်မှုကို အဓိကထားတဲ့ Rubrics အမှတ်ပေးစည်းမျဉ်းတွေကို ရေးဆွဲပြီး ကျောင်းသားတွေရဲ့ လိုအပ်ချက်ကို အကဲဖြတ်နိုင်ပါတယ်။

၃။ စီးပွားရေးနည်းဗျူးဟာ ချမှတ်ခြင်း

ပထမဆုံးအရေးကြီးတာက ကျောင်းလခစျေးနှုန်းကို သတ်မှတ်တဲ့အခါမှာ ပြိုင်ဘက်ကျောင်းတွေရဲ့ စျေးနှုန်းကို သုတေသနလုပ်ဖို့ မမေ့ပါနဲ့။ တခြားကျောင်းတွေ စျေးဘယ်လိုယူလဲဆိုတာကြည့်ပြီး မိဘတွေ လက်လှမ်းမီနိုင်တဲ့ ငွေကြေးအနေအထားကို သတ်မှတ်ပါ။ ကျောင်းလခတွေကို တစ်သမတ်တည်း မသတ်မှတ်ဘဲ အတန်းအလိုက်၊ ပရိုဂရမ်အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားရပါမယ်။

ကျောင်းလခအပြင် ကာလတိုသင်တန်း၊ နွေရာသီသင်တန်း၊ အွန်လိုင်းသင်တန်း စတဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖန်တီးထားပါ။ ကျောင်းဘက်က အကျိုးမြတ်တွေ ရရှိလာတဲ့အခါမှာ ကျောင်းအဆင့်မြှင့်တင်ဖို့ (ဥပမာ: စာကြည့်တိုက်၊ အားကစားကွင်း၊ နည်းပညာပစ္စည်းများ၊ ဓာတ်ခွဲခန်း) အတွက် ပြန်လည်ရင်းနှီးမြှပ်နှံပါ။

၄။ မိဘနဲ့ ကျောင်းသားတွေရဲ့ Feedback ကို နားထောင်ပါ။

ကျောင်းဘက်က တစ်နှစ်ကို အနည်းဆုံး နှစ်ကြိမ်လောက်တော့ မိဘတွေနဲ့ ညှိနှိုင်းအစည်းအဝေးပွဲလေးတွေ လုပ်ပေးသင့်ပါတယ်။ ပေးထားရတဲ့ ပိုက်ဆံနဲ့ တန်တဲ့ ပညာရေးအရည်အသွေး၊ ဝန်ဆောင်မှု၊ အကျိုးခံစားခွင့်တွေကို ပေးဆောင်နေတယ်ဆိုတာ မြင်သာအောင် အစီရင်ခံစာ တင်ပြသင့်ပါတယ်။ မိဘတွေ၊ ကျောင်းသားတွေဆီကလည်း ကျောင်းတိုးတက်ရေးအတွက် အကြံဉာဏ်တွေ တောင်းခံပြီး ပိုပြီး ကောင်းမွန်အောင် ပြင်ဆင်သင့်ပါတယ်။  

၅။ Brand တည်ဆောက်ပါ။

ကျောင်းဆိုရှယ်မီဒီယာမှာ ကျောင်းနဲ့ ပတ်သက်တဲ့ ပွဲတွေ၊ ထူးချွန်တဲ့ ကျောင်းသားတွေ၊ ကျောင်းရဲ့အောင်မြင်မှုတွေ၊ ပညာရေးဆုတွေကို အများသိအောင် ကြေညာပါ။ လူထုအကျိုးပြုတဲ့ CSR ပရိုဂရမ်တွေကို လုပ်ဆောင်ပါ။

ဥပမာ - ငလျင်ဘေးသင့် ကျောင်းသားတွေအတွက် စာရေးကိရိယာတွေ လှူဒါန်းတာ၊ ကျေးရွာတွေမှာ အခမဲ့ သင်တန်းတွေ ဖွင့်လှစ်ပေးတာ၊ ငွေကြေးခက်ခဲတဲ့ ကျောင်းသားတွေကို ပညာသင်ဆု ထောက်ပံ့တာ စတဲ့ နည်းလမ်းတွေက ကုသိုလ်လည်းရပြီး မိမိကျောင်းရဲ့ Brad Image ကို လူတိုင်းရင်ထဲမှာ စွဲထင်စေပါတယ်။

၆။ ဘဏ္ဍာရေးနှင့် လူသားအရင်းအမြစ်ကို စီမံခန့်ခွဲပါ။

ကျောင်းအတွက် လစဉ်၊ နှစ်စဉ် အရှုံး၊ အမြတ် တွက်ချက်မှုကို စစ်ဆေးပြီး မလိုအပ်တဲ့ သုံးစရိတ်တွေကို လျှော့ချပါ။ ရလာတဲ့ အကျိုးအမြတ်ရဲ့ (၂၀)% ကိုလည်း ကျောင်းအတွက် လိုအပ်တဲ့နေရာမှာ ပြန်လည် ရင်းနှီးမြှပ်နှံပါ။ ဥပမာ - ကျောင်းအဆောက်အဦးပြင်ဆင်ခြင်း၊ ကျောင်းစီမံခန့်ခွဲရေးဆိုင်ရာ နည်းပညာတွေ အသုံးပြုခြင်း။

လူသားအရင်းအမြစ် စီမံခန့်ခွဲရေးမှာ  ဝန်ထမ်းတွေအတွက် စိတ်ကျေနပ်မှုရှိစေဖို့ သင့်တော်တဲ့ Reward တွေ၊ နှစ်စဉ် Bonus တွေ၊ Promotion ပေးတာတွေအပြင် လုပ်ငန်းခွင်မှာ အဆင်ပြေစေဖို့ Flexible Hours၊ Holidays တွေကိုလည်း ပေးသင့်ပါတယ်။ အထူးသဖြင့် ဆရာတွေ စိတ်ဖီစီးမှုများရင် ကျောင်းသားတွေအပေါ် စာသင်ကြားမှုမှာ ချို့ယွင်းချက်ရှိနိုင်ပြီး နောက်ဆုံး ကျောင်းရဲ့ ဂုဏ်သတင်းအထိပါ ထိခိုက်စေနိုင်ပါတယ်။

ပုဂ္ဂလိကကျောင်းလုပ်ငန်းတွေမှာ စီးပွားရေးအောင်မြင်မှုနဲ့ ပညာရေးအရည်အသွေး ဟန်ချက်ညီစေဖို့ လုပ်ဆောင်ရမယ့် အချက်တွေကို အထက်မှာ ပြောပြခဲ့ပြီးဖြစ်ပါတယ်။ သတိထား ရှောင်ရမှာတွေကတော့ စျေးလျှော့ချင်လို့ အရည်အသွေးပိုင်းမှာ ခိုတာမျိုး၊ ကျောင်းကနာမည်ကြီးပြီး လူများလာတော့မှ ကျောင်းသားတစ်ယောက်ချင်းစီအပေါ် ဂရုမစိုက်နိုင်တာမျိုး၊  ကြော်ငြာထားတာနဲ့ တကယ်ပေးနိုင်တဲ့ အရည်အသွေးကြား ကွာဟချက်များနေတာမျိုးစတာတွေ ဖြစ်ပါတယ်။

======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

High Vocational Read 27 times