လာမည့်ပညာသင်နှစ် အလယ်တန်းအဆင့်တွင် စိုက်/မွေးပညာများ ထည့်သွင်းသင်ကြားမည်

လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှ စပြီး အခြေခံပညာ အလယ်တန်းကျောင်းအဆင့်၌ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အခြေခံပညာများကို ထည့်သွင်းသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီဥက္ကဌသည် ဇန်နဝါရီ (၈) ရက်နေ့၊ နံနက်ပိုင်းတွင် ပန်းတောင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ် ယခုလို ပြောကြားခဲ့သည်။  

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသတွင်း ပညာတတ်အရင်းအမြစ်များ လိုအပ်သဖြင့် နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေး အားပေးဆောင်ရွက်လျက်ရှိသည်။  

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် လာမည့်ပညာသင်နှစ်တွင် အခြေခံပညာ အလယ်တန်းကျောင်းအဆင့်၌ စိုက်ပျိုးမွေးမြူရေးဆိုင်ရာအခြေခံပညာများကို ထည့်သွင်းသင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

အခြေခံပညာ အလယ်တန်းအဆင့် (Grade-6,7,8,9 ) အတန်းများတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်ဆိုင်ရာ အခြေခံဗဟုသုတများ ရရှိစေရေးအတွက် တစ်ပတ်လျှင် (၂) ချိန် သင်ကြားပို့ချပေးရန်အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ကျောင်းသားလူငယ်များအတွက် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အခြေခံဗဟုသုတများရရှိလာပြီး အထက်တန်းအဆင့် တက်လှမ်းပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများသို့လည်းကောင်း၊ ပုံမှန်ဘာသာရပ်သင် အထက်တန်းကျောင်းများသို့လည်းကောင်း မိမိဝါသနာအလျောက် ရွေးချယ်တတ်ရောက်နိုင်သည့် အခွင့်အလမ်းများ ရရှိပါမည်။

ထို့အပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို ခရိုင်အလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဖွင့်လှစ်ရန် ကျန်ရှိသည့် ခရိုင်များတွင်လည်း ထပ်မံ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ (၈၉) ကျောင်းအထိ ဖွင့်လှစ်ထားရှိပြီး ကျောင်းသား၊ ကျောင်းသူ (၁၃,၀၀၀) ကျော် တက်ရောက်နေကြောင်း ပညာရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ထုတ်ပြန်ချက်အရ သိရသည်။

Latest Post Local News Read 326 times