 
						နိုင်ငံကတာ ပညာရေးလမ်းကြောင်းကို ရွေးချယ်လိုတဲ့ ကျောင်းသားတွေအနေနဲ့ တက္ကသိုလ်မတက်ခင် ပြီးမြောက်အောင်မြင်ထားရမယ့် ဒီပရိုဂရမ်တွေကို သိရှိထားဖို့ လိုအပ်ပါတယ်။ ဒီပရိုဂရမ်တွေကိုသာ အောင်မြင်ထားမယ်ဆိုရင် နိုင်ငံတကာတက္ကသိုလ်တွေမှာ ဝင်ခွင့်လျှောက်တဲ့အခါ၊ ပညာသင်ဆု လျှောက်တဲ့အခါမှာ သူများတွေထက် အခွင့်အရေး ပိုရနိုင်မှာ ဖြစ်ပါတယ်။
ပရိုဂရမ်တစ်ခုချင်းစီတိုင်းက ထူးခြားကောင်းမွန်တဲ့ သင်ကြားမှုပုံစံတွေ၊ ပညာရေး ပန်းတိုင်တွေကို ပေးဆောင်တဲ့အပြင် ကျောင်းသားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေနဲ့ အသိပညာတွေကို ပံ့ပိုးပေးပါတယ်။ ဒါ့အပြင် အပြိုင်အဆိုင်များပြီး အပြန်အလှန် ချိတ်ဆက်နေတဲ့ ကမ္ဘာကြီးမှာ စိန်ခေါ်မှုတွေကို အောင်မြင်နိုင်ဖို့လည်း ခွန်အားဖြစ်စေပါတယ်။
ဒါကြောင့် မြန်မာကျောင်းသားတွေအတွက် တက္ကသိုလ်မတက်ခင် ရွေးချယ်တက်ရောက်နိုင်ဖို့ နိုင်ငံတကာ ပညာရေးပရိုဂရမ် (၉) ခုအကြောင်း မျှဝေပေးချင်ပါတယ်။
1. GED

GED (General Education Development) ဆိုတာကတော့ အမေရိကန်နိုင်ငံရဲ့ အထက်တန်းအဆင့် ဒီပလိုမာ အောင်လက်မှတ်တစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အထက်တန်း မပြီးဆုံးသေးတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အစားထိုး ဖြေဆိုနိုင်တဲ့ စာမေးပွဲတစ်ခုလို့ ဆိုနိုင်ပါတယ်။
နိုင်ငံတကာက အသိအမှတ်ပြုထားတာဖြစ်ပြီး အမေရိကန်၊ ကနေဒါ၊ ဩစတေးလျ၊ ထိုင်း၊ တရုတ်နိုင်ငံတို့မှ တက္ကသိုလ်၊ ကောလိပ်တွေကလည်း GED အောင်လက်မှတ်ကို လက်ခံကြပါတယ်။ အချိန်အားဖြင့်တော့ မိမိသင်ယူနိုင်မှု အရှိန်အလိုက် သင်တန်းကာလ (၄) လမှ (၆) လ အထိ ကြာမြင့်နိုင်ပါတယ်။
GED အောင်လက်မှတ်ကို ရရှိဖို့ဆိုရင် ကျောင်းသားတွေအနေနဲ့ သတ်မှတ်ထားတဲ့ ဘာသာရပ် (၄) ခုကို ဖြေဆိုရမှာပါ။ ဖြေဆိုရမယ့် ဘာသာရပ်တွေကတော့ အထက်တန်းကျောင်းရဲ့ သင်ရိုးထဲကမှ အဓိက ဘာသာရပ်ကြီးတွေ ဖြစ်ကြတဲ့ Language Arts ၊ Mathematical Reasoning ၊ Science နဲ့ Social Studies တို့ပဲဖြစ်ပါတယ်။
2. IGCSE A-Level

IGCSE ဆိုတာကတော့ International General Certificate of Secondary Education ရဲ့ အရှည်ကောက် ဖြစ်ပါတယ်။ (၁၁) တန်း ပြီးထားတဲ့ ကျောင်းသားတွေက (၁၂) တန်း တက်ရသလို IGCSE O-Level ပြီးထားတဲ့ကျောင်းသားတွေက A-Level ကို ဆက်လက် တက်ရောက်ရမှာ ဖြစ်ပါတယ်။
A-level က (၂) နှစ် တက်ရောက်ရမယ့် ပရိုဂရမ်ဖြစ်ပြီး ပထမနှစ်မှာ AS Level နဲ့ ဒုတိယနှစ်မှာ A2 Level ဆိုပြီး (၂) ပိုင်း ခွဲထားပါတယ်။ IGCSE စာမေးပွဲကို Cambridge International Examinations (CIE) နဲ့ Pearson Edexcel ဆိုတဲ့ အဖွဲ့ကြီး (၂) ခုကနေ တရားဝင် အသိအမှတ်ပြု တာဝန်ယူ စစ်ဆေးပေးပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ CIE က စစ်ဆေးတဲ့ IGCSE စာမေးပွဲတွေကိုပဲ ပိုပြီး ဖြေဆိုကြပါတယ်။
ပုံမှန်အားဖြင့်တော့ A-Level မှာ ဘာသာရပ် အရေအတွက်ကို ကန့်သတ်ထားတာ မရှိပေမယ့် ဘာသာရပ် (၆) ခုလောက်တော့ သင်ယူသင့်ပါတယ်။ English ၊ Mathematics ၊ Physics ၊ Chemistry ၊ Economics ၊ History ၊ Psychology ၊ Biology ၊ ICT (Information and Communication Technology) ၊ Accounting ၊ Business Study တို့အပြင် မိမိတက်ရောက်မယ့် တက္ကသိုလ် (သို့) ကောလိပ်ကို စိတ်ကူးထားတာရှိရင် လိုအပ်သလို ဘာသာရပ်တွေကိုလည်း ရွေးချယ် သင်ယူနိုင်ပါတယ်။
3. OSSD

OSSD ဆိုတာ Ontario Secondary School Diploma ရဲ့ အတိုကောက်ဖြစ်ပြီး ကနေဒါနိုင်ငံ Ontario ပြည်နယ်မှ တိုက်ရိုက်ထုတ်ပေးတဲ့ အထက်တန်း အောင်လက်မှတ်ဖြစ်ပါတယ်။ OSSD က (၉) တန်းကနေ (၁၂) တန်းအထိ တက်ရောက်ရမယ့် ပရိုဂရမ်ဖြစ်ပြီး (၄) နှစ် တက်ရောက်ရမယ်ဆိုတာထက် Credit (၃၀) ရရှိဖို့ ပိုလိုအပ်ပါတယ်။ ဒါကြောင့် သင်တန်းကာလက ကျောင်းသားရဲ့ ပညာရေးနောက်ခံအပေါ် မူတည်ပြီး Credit ဘယ်လောက် ထပ်ယူရမလဲဆိုတာ ကွဲပြားနိုင်တဲ့အတွက် ပုံသေမရှိပါဘူး။
OSSD အောင်လက်မှတ် ရရှိဖို့အတွက် အနည်းဆုံး (၆) ဘာသာ (သို့) (၇) ဘာသာ သင်ယူရမှာ ဖြစ်ပါတယ်။ စုစုပေါင်း Credit (၃၀) မှာ English ၊ Mathematics ၊ Science ၊ History ၊ Geography ၊ Physical Education တို့လို မသင်မနေရ ဘာသာရပ်တွေမှာ Credit (၁၈) ရရှိရမှာဖြစ်ပြီး Arts ၊ Business ၊ Technology တို့လို မိမိစိတ်ဝင်စားရာ ရွေးချယ်လို့ရတဲ ဘာသာရပ်တွေမှာ Credit (၁၂) ပြည့်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကိစ္စတွေမှာ နာရီ (၄၀) အချိန်အပြည့်ပေးပြီး ပါဝင်ရမှာ ဖြစ်ပါတယ်။
4. SAT

The Scholastic Assessment Test လို့ခေါ်တဲ့ SAT ဟာဆိုရင် College Board က ကျင်းပတဲ့ စံပြုထားတဲ့ စာမေးပွဲတစ်ခုဖြစ်ပြီး ၀င်ရောက်ဖြေဆိုသူတွေရဲ့ သင်္ချာစွမ်းရည်၊ စာဖတ်စွမ်းရည်နဲ့ စာအရေးအသား စွမ်းရည်တို့ကို စစ်ဆေးတဲ့ စာမေးပွဲတစ်ခုပဲ ဖြစ်ပါတယ်။ SAT Test ဖြေဆိုပြီးတာနဲ့ အမေရိကန်နဲ့ တခြားနိုင်ငံတကာတက္ကသိုလ်တွေမှာ ပထမနှစ်ကနေ စတင်ပြီး ကျောင်းတက်နိုင်မှာ ဖြစ်ပါတယ်။
SAT က (၁၂) တန်းပညာရေးအတွက် အစိုးရက စစ်ဆေးတဲ့ စာမေးပွဲတော့ မဟုတ်ပါဘူး။ (၁၂) တန်းကျောင်းသားတွေအတွက် နိုင်ငံတကာတက္ကသိုလ် လျှောက်ဖို့ College Board က စစ်ဆေးတဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတစ်မျိုး ဖြစ်ပါတယ်။
SAT Test ကို ၀င်ရောက်ဖြေဆိုမယ်ဆိုရင်တော့ ဘာသာရပ်အနေနဲ့ English နဲ့ Maths နှစ်ဘာသာကို အဓိကထား သင်ယူရမှာဖြစ်ပြီး စာမေးပွဲဖြေဖို့ လေ့လာပြင်ဆင်ချိန်ကတော့ ကျောင်းသားလိုအပ်ချက်အပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
စာမေးပွဲမှာ Maths (No Calculator + Calculator)၊ Evidence Based Reading and Writing (EBRW) ဆိုပြီး ဖြေဆိုရမှာပါ။ Optional အနေနဲ့ Essay တစ်ပုဒ် ပါဝင်ပြီး မဖြေဆိုလိုဘူးဆိုရင် ချန်ခဲ့လို့ ရပါတယ်။
5. ACT
ACT (American College Testing) ဆိုတာ SAT လိုပဲ နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်တွေအတွက် ဖြေဆိုရတဲ့ စာမေးပွဲ တစ်မျိုးပါ။ ACT စာမေးပွဲကို အမေရိကန်နိုင်ငံရဲ့ Non-profit Organization တစ်ခုဖြစ်တဲ့ ACT Inc က နှစ်စဉ် ဦးစီး ကျင်းပပေးနေတာဖြစ်ပါတယ်။
ACT စာမေးပွဲအတွက် ပြင်ဆင်လေ့လာချိန်က ကျောင်းသားရဲ့ ကြိုးအားထုတ်မှုကောင်းရင်ကောင်းသလို အချိန် (၃) လကနေ အများဆုံး (၆) လအထိသာ ကြာမြင့်နိုင်ပါတယ်။ SAT နဲ့ မတူတာကတော့ ACT မှာ Science ဘာသာ ပါဝင်လာပြီး မေးခွန်းအာလုံးက Mutiple Choice အမျိုးအစားတွေ ဖြစ်ပါတယ်။
အဓိကအားဖြင့် ACT စာမေးပွဲမှာ English ၊ Reading ၊ Mathematics ၊ Science တို့ကို ဖြေဆိုရပါမယ်။ နောက်ပြီး ACT မှာ Writing Section တစ်ခုပါဝင်ပေမယ့် Optional ဖြစ်တဲ့အတွက်ကြောင့် မဖြေဆိုလို့လည်း ရပါတယ်။ ACT စာမေးပွဲကတော့ အထက်တန်းပညာရေး ဗဟုသုတတွေအပြင် ကျိုးကြောင်းဆီလျော်မှုစွမ်းရည်တို့ကို အခြေပြု စစ်ဆေးခြင်း ဖြစ်ပါတယ်။
6. AP (Advanced Placement)
AP ဆိုတာ Advanced Placement ရဲ့ အတိုကောက်ဖြစ်ပြီး အမေရိကန် College Board ကနေ စစ်ဆေးတဲ့ စာမေးပွဲတစ်ခုဖြစ်ပါတယ်။ အထက်တန်းကျောင်းသားတွေ တက်ရောက်ပြီး ကောလိပ် (သို့) တက္ကသိုလ်မှာ ကိုယ်ယူမယ့် မေဂျာပေါ်လိုက်ပြီး နှစ်သက်ရာ AP Course ကို တစ်ခုဖြစ်စေ၊ တစ်ခုထက်ပိုပြီးဖြစ်စေ ရွေးချယ်တက်ရောက်နိုင်ပါတယ်။
AP မှာ အင်္ဂလိပ်၊ သင်္ချာနှင့် ကွန်ပျူတာသိပ္ပံ၊ သမိုင်းနှင့် လူမှုသိပ္ပံ၊ သိပ္ပံ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုပြီး ဘာသာရပ်တွေ များစွာ ရှိပါတယ်။ ဒီထဲကမှ ကိုယ်ရွေးချယ်ထားတဲ့ Course အလိုက် ကောလိပ် (သို့) တက္ကသိုလ်မှာ Credit Transfer လုပ်ပြီး တက်ရောက်နိုင်ပါတယ်။
မှတ်ချက်အနေနဲ့ ပြောချင်တာက AP ဆိုတာ GED၊ IGCSE တို့လို အထက်တန်းပညာရေးအစား တက်ရောက်ရတဲ့ ပရိုဂရမ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အထက်တန်း (ဥပမာ - ၁၁ တန်း၊ ၁၂ တန်း) တက်ရင်း ကိုယ်တက္ကသိုလ်ရောက်ရင် ယူမယ့် မေဂျာကို အခြေခံရအောင် လေ့လာတဲ့ ပရိုဂရမ်မျိုး ဖြစ်ပြီး AP အမှတ်ကောင်းရင် ကောလိပ် (သို့) တက္ကသိုလ်တွေမှာ Credit Transfer လုပ်နိုင်ပါတယ်။
7. IBDP

IBDP က IB သင်ရိုးညွှန်းတမ်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး အရှည်ကောက်ကတော့ International Baccalaureate Diploma Program ဖြစ်ပါတယ်။ IBDP ကို (၁၂) တန်းပညာရေး လိုလားတဲ့ ကျောင်းသားတွေ တက်ရောက်နိုင်ပြီး ပရိုဂရမ်ကြာချိန်က (၂) နှစ်ဖြစ်ပါတယ်။ IBDP က နိုင်ငံတကာကျောင်းသားတွေကို ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေမှာ ဝင်ခွင့်ရရှိဖို့ လိုအပ်တာတွေ လေ့ကျင့်သင်ကြားပေးပါတယ်။
IBDP မှာ ဘာသာရပ်အုပ်စု (၆) ခုနဲ့ အဓိက အစိတ်အပိုင်း (၃) ခု ရှိပါတယ်။ ဘာသာရပ်အုပ်စု (၆) ခုကတော့ Language and Literature ၊ Language Acquisition ၊ Individuals and Societies ၊ Science၊ Mathematics နဲ့ Arts တို့ဖြစ်ပါတယ်။ IBDP မှာ ဒီဘာသာရပ်အုပ်စု (၆) ခုထဲက နှစ်သက်ရာ ဘာသာရပ် (၆) မျိုးကို ရွေးချယ်သင်ယူရမှာ ဖြစ်ပါတယ်။ ဘာသာရပ် (၆) မျိုးအပြင် ပရိုဂရမ်ရဲ့ အဓိက အစိတ်အပိုင်း (၃) ခုဖြစ်တဲ့ Theory of Knowledge (TOK)၊ Extended Essay (EE) နဲ့ Creativity, Activity, Service (CAS) တို့ကိုလည်း သင်ကြားရမှာဖြစ်ပါတယ်။
8. BTEC Level (3) Diploma
BTEC Level 3 Diploma ဆိုတာ UK ရဲ့ ပညာရေးအဖွဲ့အစည်း Pearson မှ ပေးအပ်တဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဒီပလိုမာလက်မှတ် ဖြစ်ပါတယ်။ BTEC ရဲ့ အရှည်ကောက်က (Business and Technology Education Council) ဖြစ်ပြီး Level-3 က IGCSE A-Level နဲ့ ညီမျှတယ်လို့ ယူဆနိုင်ပါတယ်။
ရွေးချယ်စရာဘာသာရပ်တွေကတော့ Business၊ Engineering၊ Health၊ IT စတဲ့ မိမိဝါသနာပါရာ ပညာရပ်ကို အထူးပြု လေ့လာနိုင်ပါတယ်။ BTEC Level 3 ကို မြန်မာမှာတော့ (၉) လကနေ (၁) နှစ်အတွင်း တက်ရောက်နိုင်ပါတယ်။
BTEC Level (3) ပြီးရင် Level (4) HNC (Higher National Certificate) နဲ့ Level (5) HND (Higher Natonal Diploma) ကို ဆက်လက်တက်ရောက်နိုင်သလို နိုင်ငံခြားက တက္ကသိုလ်တွေကိုလည်း တိုက်ရိုက် လျှောက်ထားနိုင်ပါတယ်။
9. HND
HND က အထက်တန်းအဆင့်တော့မဟုတ်ပေမဲ့ မြန်မာကျောင်းသားတွေနဲ့ မစိမ်းလို့ Bonus အနေနဲ့ ရှင်းပြပေးချင်ပါတယ်။ သူက တက္ကသိုလ် (ပထမနှစ်-ဒုတိယနှစ်) အဆင့်နဲ့ ညီမျှပြီး BTEC Level (3) Diploma ပြီးရင် ကျောင်းသားတွေက HNC နဲ့ HND ကို ဆက်တက်ကြပါတယ်။
HND က UK နိုင်ငံအသိအမှတ်ပြု ပညာရေးအဖွဲ့အစည်းဖြစ်တဲ့ Pearson နဲ့ Scottish Qualifications Authority (SAQ) က တိုက်ရိုက်ပေးအပ်တဲ့ Diploma တန်း ဖြစ်ပါတယ်။
HND Diploma က ကျောင်းသား၊ ကျောင်းသူတွေအတွက် အသက်မွေးဝမ်းကျောင်းဘာသာရပ်တွေကို သင်ကြားပေးတာဖြစ်ပြီး ရွေးချယ်စရာအနေနဲ့ IT၊ Business၊ Hospitality၊ Engineering၊ Health၊ Art စတဲ့ ဘာသာရပ်တွေ ရှိပါတယ်။
HND က တက္ကသိုလ်ဒုတိယနှစ်အထိ ပြီးဆုံးတာနဲ့ ညီမျှတဲ့အတွက် တက္ကသိုလ် နောက်ဆုံးနှစ် (Top-up degree) အတွက် နိုင်ငံခြားတက္ကသိုလ်တွေမှာ Bachelor ဘွဲ့မှ Master ဘွဲ့တွေအထိ ဆက်လက် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
(၁၂) တန်းနဲ့ ညီမျှတဲ့ ပညာရေး ပရိုဂရမ်တွေဟာ ကျောင်းသားတွေအတွက် အရေးကြီးပြီး အလယ်တန်းပညာရေးနဲ့ အနာဂတ်အခွင့်အလမ်းတွေကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးပါတယ်။
ပရိုဂရမ်တစ်ခုချင်းစီတိုင်းမှာ မတူညီတဲ့ အားသာချက်တွေရှိတဲ့အတွက် တစ်ဦးချင်း ရည်မှန်းချက်တွေ၊ စိတ်ဝင်စားမှုတွေ၊ အခြေအနေတွေပေါ် မူတည်ပြီး ကြိုက်နှစ်သက်ရာ ပရိုဂရမ်ကို ရွေးချယ် တက်ရောက်နိုင်ပါတယ်။