အမျိုးသားသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ အမည်များကို မြန်မာဘာသာဖြင့်ဖြစ်စေရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျင်းပသည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။
ထိုမေးခွန်းကို ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မောင်က မေးမြန်းခဲ့ခြင်းဖြစ်ပြီး ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ အမည်များကို အင်္ဂလိပ်ဘာသာဖြင့် ပေးထားခြင်းသည် ဇာတိသွေး၊ ဇာတိမာန်များ ပျောက်ဆုံးသွားနိုင်သည့်အတွက် မြန်မာဘာသာဖြင့်သာ အမည်ပေးသင့်ကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။
နိုင်ငံတကာသင်ရိုးဖြင့် သင်ကြားသည့် ပုဂ္ဂလိကကျောင်းများနှင့်လည်း အမျိုးအစားနှစ်ခု ကွဲပြားစေရန်လည်းကောင်း၊ အမျိုးသားသင်ရိုးသင် ကိုယ်ပိုင်ကျောင်း သို့မဟုတ် ပုဂ္ဂလိကကျောင်းအားလုံး၏ အမည်များကို မြန်မာဘာသာဖြင့်သာ တစ်ပြေးညီဖြစ်စေရန် စီမံဆောင်ရွက်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဝင်းမောင်သိန်းက ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသောကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၊ အမျိုးသား သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများအားလုံး၏ အမည်များ မြန်မာဘာသာဖြင့် တစ်ပြေးညီ ဖြစ်စေရေးဆောင်ရွက်ရန် အစီအစဉ်မရှိသေးကြောင်း ဖြေကြားခဲ့သည်။
နိုင်ငံတကာသင်ရိုးသင်ကျောင်းများသည် နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ရာတွင်လည်းကောင်း၊ အသိ အမှတ်ပြုမှု Accreditation ရယူရာတွင်လည်းကောင်း၊ မူရင်းအမည်နှင့် ပိုမိုသင့်တော်ပါကြောင်း၊ တရားဝင်ရုံးသုံး စာရွက်စာတမ်းများတွင် မြန်မာဘာသာဖြင့် အသုံးပြုလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
လွတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မောင်ကလည်း နိုင်ငံတကာသင်ရိုးသင်ကျောင်းများ၏ အမည်များကို မေးမြန်းခြင်းမဟုတ်ပါကြောင်းနှင့် အမျိုးသားသင်ရိုးညွှန်းတမ်း KG+12 နှင့် သင်ကြားသည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ အမည်များကိုသာ မေးခြင်းခြင်းဖြစ်ပါကြောင်း ပြန်လည် မေးခွန်းထုတ်ခဲ့သည်။
နိုင်ငံတကာကျောင်းများ၏ နာမည်က အင်္ဂလိပ်လို၊ KG+12 သင်ရိုးနှင့် သင်သည့်ကျောင်းများ၏ နာမည်ကလည်း အင်္ဂလိပ်လိုဖြစ်နေမည်ဆိုပါက မိဘပြည်သူများသည် ဒီကျောင်းက International School လား။ KG+12 School လားဆိုသည်ကို ခွဲခြားမသိနိုင်ပါကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် မိမိက အမျိုးသားသင်ရိုးသင် ကိုယ်ပိုင်ကျောင်းများ၏ အမည်များကိုသာ မြန်မာဘာသာဖြင့် အားလုံး တစ်ပြေးညီ ဖြစ်စေရန် မေးခြင်းဖြစ်ပါကြောင်း ပြန်လည်ပြောကြားရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက စာဖြင့် ပြန်လည် ဖြေကြားသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။