ပညာရေး၀န်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ၊ အမျိုးသားသင်ရိုးဖြင့် သင်ကြားနေသော ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်သားကျောင်းသူများအား လက်ကိုင်တယ်လီဖုန်းများ ယူဆောင်ခွင့် မပြုရန် ညွှန်ကြားထားကြောင်း သိရသည်။
သင်ကြားသင်ယူမှုနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝင်းအတွင်းသို့ လက်ကိုင်တယ်လီဖုန်းများ ယူဆောင်ခွင့်မပြုကြောင်းနှင့် ဆရာ၊ ဆရာမများအား စာသင်ချိန်တွင် စာသင်ခန်းအတွင်းသို့ လက်ကိုင်တယ်လီဖုန်းများ ယူဆောင်ခွင့်မပြုကြောင်း သိရသည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် လမ်းညွှန်မှာကြားချက်အပေါ် လိုက်နာဆောင်ရွက်နိုင်ရေး အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ရန် မှာကြားထားသည်။
စက်တင်ဘာလ (၂၂) ရက်က ကျင်းပခဲ့သည့် တတိယအကြိမ်အမျိုးသားလွှတ်တော်အစည်းအဝေးမှာလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျောင်းသားများ ကျောင်းသို့ ဖုန်းယူဆောင်လာမှုနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ယခုလို ဖြေကြားခဲ့သည်။
"အခြေခံပညာကျောင်းသားတစ်ယောက်အနေနဲ့ သတ်မှတ်ထားတဲ့ ကျောင်းစည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်ပါက ပထမအကြိမ်ဆိုရင် ဖုန်းကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီး ဒါမှမဟုတ် အတန်းပိုင်ဆရာက သိမ်းဆည်းတာ၊ ဒုတိယအကြိမ်ဆိုရင် ဖုန်းကို သိမ်းဆည်းထားပြီး ကျောင်းသားရဲ့ မိဘအုပ်ထိန်းသူကို ကျောင်းကို လာရောက်စေကာ ဝန်ခံကတိပြုလက်မှတ် ရေးထိုးခိုင်းတာ၊ နောက်ဆုံးအကြိမ်ဆိုရင်တော့ မိဘဆရာ အသင်းနဲ့ ညှိနှိုင်းပြီးတော့ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း ကျောင်းသားကို ကျောင်းခေတ္တရပ်နားစေတာ အပြင် ဖုန်းကို တစ်နှစ်ပတ်လုံး သိမ်းဆည်းထားတာ စတဲ့ အဆင့်ဆင့် ကြပ်မတ်အရေးယူ ဆောင်ရွက်နေပါတယ်" ဟု ပြောကြားခဲ့သည်။
Source -
