သတ်မှတ်ချက်နှင့် မကိုက်ညီသည့် ပုဂ္ဂလိကကျောင်းများအား မှတ်ပုံတင်ခွင့်မပြု

လာမည့် ၂၀၂၇-၂၀၂၈ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကျောင်းအင်္ဂါရပ်များနှင့် ကိုက်ညီမှုရှိသည့် ပုဂ္ဂလိကကျောင်းများကိုသာ မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဖွင့်လှစ်ခွင့်ပြုခဲ့သော ပုဂ္ဂလိကကျောင်းများအား ကျောင်းအင်္ဂါရပ်အဆောက်အအုံနှင့် အကျယ်အဝန်းသတ်မှတ်ချက်များ၊ ဝင်ဆံ့အင်အားအရ ကျော်လွန် လက်ခံထားသော စာသင်ခန်းအရေအတွက် မပြည့်မီမှုများအတွက် ယခု ပညာသင်နှစ်ကို ပြင်ဆင်ချိန်အဖြစ် သတ်မှတ်ပေးထားသည်။

သို့ဖြစ်ပါ၍ ၂၀၂၇-၂၀၂၈ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်စံနှုန်းများအား လိုက်နာဆောင်ရွက်ထားခြင်းရှိ/မရှိကို မြို့နယ်၊ ခရိုင်၊ တိုင်းပညာရေးမှူးရုံး၊ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များနှင့် ကိုယ်ပိုင် (သို့) ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့မှ ပြန်လည် စစ်ဆေးသွားမည်ဖြစ်သည်။

လာမည့်ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသော ကျောင်းအင်္ဂါရပ်များနှင့် ကိုက်ညီသည့် ပုဂ္ဂလိကကျောင်းများကိုသာ ပုဂ္ဂလိကကျောင်းမှတ်ပုံတင် ခွင့်ပြုသွားမည်ဖြစ်သောကြောင့် အရေအတွက်ထက် အရည်အသွေးကို ပိုမို ဦးစားပေးလာမည်ဖြစ်သည်။

နိုင်ငံတကာသင်ရိုး (သို့) အမျိုးသားသင်ရိုးနှင့် သင်ကြားသော ပုဂ္ဂလိကအခြေခံကျောင်းများတွင် မူလတန်းအဆင့် ကျောင်းသားတစ်ဦးအတွက် စာသင်ခန်းကြမ်းပြင် ဧရိယာ (၁၂) စတုရန်းပေအောက်မလျော့ခြင်း၊ စာသင်ခန်းအနံသည် အနည်းဆုံး (၁၅) ပေရှိခြင်း၊ အထက်တန်းအဆင့် ကျောင်းသားတစ်ဦးအတွက် စာသင်ခန်းကြမ်းပြင် ဧရိယာ (၁၈) စတုရန်းပေအောက်မလျော့ခြင်း၊ စာသင်ခန်းအနံသည် အနည်းဆုံး ပေ (၂၀) ရှိရမည်ဟု သတ်မှတ်ထားသည်။

ထို့ပြင် လူနေရပ်ကွက်လမ်းသွယ်များနှင့် ကန်ထရိုက်တိုက်များတွင် ဖွင့်လှစ်ထားသော ပုဂ္ဂလိကကျောင်းများသည်လည်း ကျောင်းအင်္ဂါရပ် သတ်မှတ်ချက်များနှင့် မကိုက်ညီပါသဖြင့် လာမည့်နှစ်တွင် ပိတ်သိမ်းရနိုင်ဖွယ်ရှိသည်။

Source - NP News, Eleven Media

Latest Post Local News Read 366 times