၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများသည် ဖြေဆိုခွင့်လျှောက်လွှာအား ၂၀၂၆ ခုနှစ် စက်တင်ဘာ (၁) ရက်နေ့မှ စက်တင်ဘာ (၃၀) ရက်နေ့အတွင်း လျှောက်ထားရမည်ဖြစ်သည်။
၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတစ်စောင်လျှင် (၅၀၀) ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက် (၂၀၀၀) ကျပ်တန်ဖိုးရှိ ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရုံချုပ်၊ ရုံးအမှတ် (၅၂) နေပြည်တော်နှင့် ရုံးခွဲဖြစ်သည့် ပါရမီလမ်း၊ (၁၂) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တွင် သွားရောက်ဝယ်ယူ လျှောက်ထားနိုင်သည်။
ပြင်ပဖြေဆိုမည့်သူများသည် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး (၂၀၀၀) တန် ငွေသွင်းတံဆိပ်ခေါင်းများကို ဝယ်ယူ၍ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်ပြီး မိမိတို့အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် လျှောက်ထားရပါမည်။
အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများသည် လျှောက်လွှာတစ်စောင်ချင်းစီတွင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းများကို ကပ်၍ မိမိတို့ကျောင်းအလိုက် ဖြေဆိုခွင့်လျှောက်လွှာများကို မြို့နယ်ပညာရေးမှူးရုံးမှတဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ တင်သွင်းကြရမည်။
စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းရာတွင် ဖြေဆိုမည့်ဘာသာတွဲအလိုက် အစိမ်းရောင်၊ ပန်းရောင် ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံကို အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားပါသည်။
ဖြေဆိုခွင့်လျှောက်လွှာတွင် ပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ/မရှိကို သေချာစိစစ် ဖြည့်စွက်ရမည်။
=================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။