စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ) နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ဟဲဟိုး) တို့ကို ကောလိပ်အဆင့် မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ) သို့ ဩဂုတ်လ (၈) ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ) ၏ စာတွေ့လက်တွေ့ သင်ကြားသင်ယူရေးဆိုင်ရာလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ကောလိပ်အဆင့်သို့ တိုးမြှင့်တင်ဖွင့်လှစ်နိုင်ရန် လိုအပ်သည့် အကြိုပြင်ဆင်မှုလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားကြရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။
ထိုနည်းတူ ဩဂုတ် (၁၈) ရက်နေ့တွင်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ဟဲဟိုး) သို့ သွားရောက်၍ အဆောက်အအုံနှင့် အခြားလိုအပ်ချက်များ၊ ဆရာ ဆရာမများအတွက် မွမ်းမံသင်တန်းများ စီမံဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ဆရာ ဆရာမများဘက်းကလည်း ကောလိပ်အဆင့်နှင့်လျော်ညီသော သင်ကြားရေးလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် မှာကြားခဲ့သည်။
အဆိုပါစီမံကိန်းသည် ပညာရေးအခွင့်အလမ်း ပိုမိုကောင်းမွန်လာစေရန်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် ကျွမ်းကျင်ပညာရှင်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန် အလားအလာကောင်းများဖြစ်သည်။