ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော အချက်အလက်များအရ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြန်မာနိုင်ငံတစ်ဝန်းတွင် အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကအခြေခံပညာကျောင်းအသစ် စုစုပေါင်း (၃၆၀) ကျောင်း ဖွင့်လှစ်ခွင့်ပြုထားကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းအသစ် (၉၈) ကျောင်းဖြင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် (၉၆) ကျောင်းဖြင့် ဒုတိယအများဆုံး ဖွင့်လှစ်ခွင့်ပြုထားသည်။
အခြားတစ်ဖက်တွင် ကယားပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ကျောင်းအသစ် (၂) ကျောင်းစီသာ ဖွင့်လှစ်ခွင့်ပြုထားပြီး အနည်းဆုံးဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် လှိုင်သာယာမြို့နယ် (အရှေ့နှင့် အနောက်) တွင် (၂၂) ကျောင်းဖြင့် အများဆုံး ဖွင့်လှစ်ခွင့်ပြုထားပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် (၁၀) ကျောင်း ဖြင့် ဒုတိယအများဆုံး ဖွင့်လှစ်ခွင့်ပြုထားသည်။
အဆိုပါ ဖွင့်လှစ်ခွင့်ပြုထားသည့် ကျောင်းများတွင် မူလတန်းကျောင်း (KG မှ Grade 5) ၁၃၂ ကျောင်း၊ အလယ်တန်းကျောင်း (KG မှ Grade 9 / Grade 6 မှ Grade 9) ၇၄ ကျောင်း၊ အထက်တန်းကျောင်း (KG မှ Grade 12 / Grade 6 မှ Grade 12) ၁၂၈ ကျောင်းနှင့် Grade 10 မှ Grade 12 အထိသာ သင်ကြားသည့် ထက်ဆင့်သင်ကျောင်း ၂၆ ကျောင်း ရှိသည်။
ထို့ကြောင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အသစ်ဖွင့်လှစ်ခွင့်ရရှိသော ပုဂ္ဂလိကအခြေခံပညာကျောင်းများအနက် မူလတန်းကျောင်းသည် အများဆုံးဖြစ်ပြီး၊ အထက်တန်းကျောင်းသည် ဒုတိယအများဆုံး အမျိုးအစားဖြစ်သည်။
ယင်းအချက်အလက်များသည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကအခြေခံပညာကဏ္ဍတွင် မူလတန်းနှင့် အထက်တန်းအဆင့်များ၌ ရင်းနှီးမြှုပ်နှံမှုနှင့် တိုးချဲ့ဖွင့်လှစ်မှုများ ဆက်လက်ရှိနေကြောင်းကိုလည်း ဖော်ပြနေသည်။
ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ခွင့်ပြုထားသော အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကအခြေခံပညာကျောင်းအသစ် (၃၆၀) ကျောင်း၏ စာရင်းအပြည့်အစုံကို အောက်ဖော်ပြပါလင့်ခ်မှ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။