အစိုးရအခြေခံပညာကျောင်းများတွင် ကျောင်းသားဦးရေ လျော့နည်းလာသောကြောင့် ကျောင်းပေါင်းစည်းရေးစီမံချက်ကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းမှတဆင့် သိရသည်။
ရန်ကုန်နှင့် မန္တလေးတို့မှ ကျောင်းအချို့ကို ကျောင်းပေါင်းစည်းရေးစီမံချက်ဖြင့် အထက်တန်းအဆင့်မှ အလယ်တန်းအဆင့်ကို လျှော့ချမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစိုးရကျောင်းများတွင် ကျောင်းသားဦးရေလျော့နည်းလာပြီး ဆရာ၊ ဆရာမဦးရေ များနေသောကြောင့် ကျောင်းပေါင်းစည်းရေး စီမံချက်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
အဆင့်လျှော့ချမှုကြောင့် အထက်တန်းအဆင့် တက်ရောက်နေသည့် ကျောင်းသားများအား အနီးစပ်ဆုံး အထက်တန်း ကျောင်းများသို့ ပြောင်းရွှေ့ပညာသင်နိုင်ရေး စီစဉ်ပေးမည်ဖြစ်သလို ပိုထွက်လာသည့် ဆရာ/ဆရာမများကိုလည်း လိုအပ်သောနေရာများသို့ ပို့ဆောင်မည်ဟု သိရသည်။
လျှော့ချမည့် ကျောင်းအမည်များနှင့် ကျောင်းအရေအတွက် စာရင်းကို အတိအကျ ထုတ်ပြန်ထားခြင်းမရှိဘဲ ဇူလိုင်လအတွင်း မန္တလေးမှ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အမှတ် ၁၅ အခြေခံပညာအထက်တန်းကျောင်း၊ ရန်ကုန်မှ လှိုင်၊ ကြည့်မြင်တိုင်၊ အလုံ စသည့် အထက်တန်းကျောင်းများကို အလယ်တန်းအဆင့်သို့ လျှော့ချခဲ့ကြကြောင်း သိရသည်။
ကိုဗစ်မတိုင်ခင်ကာလက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်နှံသူ (၈) သန်းကျော်မှ (၉) သန်းနီးပါးအထိ ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် (၅) သန်းအထိ လျော့ကျခဲ့ပြီး ယခုပညာသင်နှစ်တွင် (၇) သန်းကျော်သာရှိကြောင်း သိရသည်။
Source - The Irrawaddy, BBC Burmese