၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကောလိပ်များ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများ၊ အမျိုးသားသင်ရိုးသင်ကျောင်းများ၏ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲတွင် လာမည့်ပညာသင်နှစ်များအတွက် အပြောင်းအလဲများကို ဆွေးနွေးခဲ့ကြသည်။
ဦးစွာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စု၀န်ကြီးက ပညာရေးဝန်ကြီးဌာန၏ကြီးကြပ်မှုအောက်တွင်ရှိသည့် အချို့သော ပုဂ္ဂလိက ကျောင်းများသည် သတ်မှတ်ထားသည့် စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရသဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ကျောင်းအင်္ဂါရပ်နှင့် စံချိန်စံညွှန်းအသစ်များအတွက် ပြင်ဆင်ရန် ယခုပညာသင်နှစ်ကို ပြင်ဆင်ချိန်အဖြစ် သတ်မှတ်ပေးထားသည့်အတွက် ကျောင်းများအနေဖြင့် လာမည့်နှစ်တွင် ကြိုတင်ပြင်ဆင်မှုများ ပြီးစီးနေရမည် ဖြစ်သည်။ ထို့ပြင် ကျောင်းများ ဖွင့်လှစ်ရာတွင် သတ်မှတ်ထားသော စာသင်ခန်းအရေအတွက်၊ ကျောင်းဧရိယာအကျယ်အဝန်းများ ကိုက်ညီမှုရှိရပါမည်။
ပုဂ္ဂလိကကျောင်းများအနေဖြင့် ကျောင်းတစ်ကျောင်း လက်ခံနိုင်သည့် ကျောင်းသားဦးရေ ပမာဏထက် အများကြီး လက်ခံခွင့် မရှိသလို လာမည့်နှစ်များမှစ၍ နှစ်ချိန်စနစ်ဖြင့် ကျောင်းဖွင့်လှစ်သင်ကြားခြင်းကိုလည်း ရပ်ဆိုင်းရမည်ဖြစ်သည်။
ပုဂ္ဂလိကသင် ဆရာဆရာမများ၏ အရည်အသွေး တိုးတက်လာစေရန် B.A ဘွဲ့တစ်ခုခု ရရှိပြီးသူ ဆရာဆရာမများသည် ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သည့် Diploma in Education ကို (၉) လအပြည့် တက်ရောက်သင်ကြားရမည် ဖြစ်ပြီး အောင်မြင်သူများကိုသာ Green Card လျှောက်ထားခွင့်ပြုသွားမည် ဖြစ်သည်။
ကျောင်းအပ်နှံမှုစာရင်းများကိုလည်း ကျောင်းအပ်နှံမှု (Enrollment) ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ မြို့နယ်ပညာရေးမှူးရုံးများသို့ မှန်ကန်စွာ တင်ပြရပါမည်။ ကျောင်းအမှန်တကယ် မတက်ရောက်ဘဲ ကျောင်းစာရင်းသွင်းထားခြင်းရှိသည့် ပုဂ္ဂလိကကျောင်းများကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်သည်။
နိုင်ငံတကာသင်ရိုး ညွှန်းတမ်းသင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများ အထက်တန်းပြီးသည့်အခါ နိုင်ငံခြားသွားစရာမလိုဘဲ ပြည်တွင်းရှိ တက္ကသိုလ်များသို့ ဝင်ခွင့်ဖြေဆိုလျှောက်ထားနိုင်ရန် ပညာရေးမူဝါဒ ရေးဆွဲနေသည်။
အဆိုပါကျောင်းသား၊ ကျောင်းသူများသည် ပြည်တွင်းတက္ကသိုလ်သို့ ဝင်ခွင့်ရရှိရန် မြန်မာစာ (၁) ဘာသာ၊ မြန်မာ့သမိုင်းနှင့် ပထဝီပေါင်းစပ်ဘာသာ (၁) ဘာသာ စုစုပေါင်း (၂) ဘာသာကို မဖြစ်မနေ ဖြေဆိုရမည်ဖြစ်ပြီး တိကျသည့် မူဝါဒ ထွက်ပေါ်လာပြီးနောက် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် အသေးစိတ် ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်သည်။
=============================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။