အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဆာရာတိုဂါစပရင်းမြို့တွင် နေထိုင်သော မြန်မာကျောင်းသူလေးသည် ကောလိပ်နှင့် တက္ကသိုလ်ပေါင်း (၉၃) ခုမှ ကျောင်းဝင်ခွင့်ကမ်းလှမ်းချက်များ ရရှိခဲ့သည်။
သူမအမည်သည် မင်္ဂဂါမိုးသူဖြစ်ပြီး Saratoga Central Catholic School မှ အထက်တန်းစီနီယာကျောင်းသူတစ်ဦးဖြစ်သည်။
သူမသည် အထက်တန်းအောင်မြင်ပြီးနောက် အမေရိကန်ပြည်ထောင်စုရှိ ကောလိပ်နှင့် တက္ကသိုလ်ပေါင်း (၁၀၅) ခုတွင် ဝင်ခွင့်လျှောက်ထားရာ ကျောင်း (၉၃) ကျောင်းမှ ဝင်ခွင့်ရရှိခဲ့သည့်အပြင် ပညာသင်ဆုကြေးအနေဖြင့် ဒေါ်လာ (၇) သန်းကျော် ကမ်းလှမ်းခံထားရသူလည်း ဖြစ်ပါသည်။
သူမသည် အဆိုပါဝင်ခွင့်ရရှိထားသည့် တက္ကသိုလ် (၉၃) ခုအနက် နယူးယောက်ပြည်နယ်၊ Binghamton တက္ကသိုလ်တွင် ဥပဒေပညာ ဆက်လက်သင်ယူရန် ရွေးချယ်ထားသည်ဟု သိရသည်။
ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေကြောင့် သူမ အသက် (၁၃) နှစ်တွင် မိခင်ဖြစ်သူနှင့်အတူ မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
သူမ၏အောင်မြင်မှုသည် မိခင်ဖြစ်သူ၏ ပံ့ပိုးမှုကြောင့်ဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။ သူမမိခင်သည် သမီးဖြစ်သူကို တကိုယ်တော် ပြုစုစောင့်ရှောက်ကာ အလုပ် သုံးခုအထိ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရကြောင်း ဆိုသည်။
မိခင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင်းမှာ လက်ရှိကြုံတွေ့နေရသည့် ပဋိပက္ခများနှင့် ဒုက္ခများကို မြင်တွေ့ရတာ မိမိအတွက် ဘဝသင်ခန်းစာများ ရရှိစေခဲ့သည်ဟု သူမက ဆိုသည်။ "အခြားသူတွေရဲ့ အခွင့်အရေးတွေအတွက် ရပ်တည်ကာကွယ်ပေးမယ့် ရှေ့နေတစ်ဦး ဖြစ်လာချင်တဲ့ ရည်မှန်းချက်ကြောင့် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တာပါ" ဟု သူမက ပြောသည်။
မဂင်္ဂါမိုးသူသည် သူမ၏ တက္ကသိုလ်ပညာရေးကို လာမည့် ၂၀၂၆ ခုနှစ် ဆောင်းဦး စာသင်နှစ်တွင် Binghamton တက္ကသိုလ်တွင် ဥပဒေပညာသင်ယူရင်း စတင် လျှောက်လှမ်းမည်ဖြစ်ကြောင်း သိရသည်။
Source - BBC၊ WNYT