အခြေခံပညာကျောင်းများ မေလ (၂၅) ရက်နေ့မှ စတင် ကျောင်းအပ်နိုင်

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ၂၀၂၆ ခုနှစ် ဇွန် (၁) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်ကို လာမည့် မေလ (၂၅) ရက်နေ့မှ (၃၁) ရက်နေ့အထိ သတ်မှတ်ထားသည်။

အခြေခံပညာကျောင်းများမှာ အခမဲ့ပညာရေးစနစ်ဖြစ်ခြင်းကြောင့် ကျောင်းအပ်နှံရာတွင် ကျောင်းဝင်ကြေးနှင့် အခြားမည်သည့်ကြေးမျှ ပေးသွင်းရန်မလိုဘဲ အခမဲ့ အပ်နှံနိုင်ကြသည်။ 

ကျောင်းအပ်နှံသူများအား မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် သင်ရိုးပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်၊ ခဲတံ (၄) ချောင်းနှင့် ကျောင်းဝတ်စုံ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့တွင် သင်ရိုးပုံနှိပ်စာအုပ် တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ (၂) ချောင်းနှင့် ဘောပင်(၂)ချောင်းတို့ကို နိုင်ငံတော်က အခမဲ့ ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတို့၌ နှစ်စဉ်ကျောင်းအပ်နှံသူဦးရေ ပျမ်းမျှအားဖြင့် ၆ သန်းကျော်ရှိသည်။ အစိုးရ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းအပ်နှံသူစုစုပေါင်းမှာ ၂၀၂၄ ခုနှစ်တွင် (၆,၃၉၄,၅၂၈) ဦး၊ ၂၀၂၅ ခုနှစ်တွင် (၆,၁၁၉,၂၆၀) ဦးတို့ရှိခဲ့သည်။ 

ကျောင်းထွက်နှုန်းနှင့် ပညာသင်ယူမှုအခွင့်အလမ်းဆုံးရှုံးမှုနှုန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်ချိန်မှစ၍ များစွာ မြင့်တက်လာခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက် (၆) နှစ်မှ (၁၇) နှစ်ကြား ကလေးများ၏ (၂၁) ရာခိုင်နှုန်းမှ (၂၈) ရာခိုင်နှုန်းခန့်သည် ကျောင်းပြင်ပသို့ ရောက်ရှိနေကြပြီး အထက်တန်းအဆင့်အရွယ်တွင် ကျောင်းထွက်နှုန်း (၄၅) ရာခိုင်နှုန်းခန့်အထိ ရှိလာသည်။

Source - ပြန်ကြားရေးဝန်ကြီးဌာန

Latest Post Local News Read 60 times