မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မွေးမြူရေးပညာမဟာဘွဲ့သင်တန်း၊ တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့သင်တန်းနှင့် ပါရဂူဘွဲ့သင်တန်းများ ဖွင့်လှစ်ရန်ရှိပါသဖြင့် လျှောက်လွှာများ ခေါ်ယူလျက်ရှိသည်။
သင်တန်းဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံရမည်-
- လျှောက်ထားသူနှင့် ၄င်း၏မိဘနှစ်ပါး (၃) ဦးစလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။ (နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/ မိတ္တူ တင်ပြနိုင်ရမည်။)
- ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဦးစီးဌာနမှ အချိန်ပြည့်တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက်မူရင်း တင်ပြရမည်။
- ဤတက္ကသိုလ်တွင် မွေးမြူရေးပညာမဟာဘွဲ့ (M.A.Sc.) သင်တန်းနှင့် တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့ (M.V.Sc.) သင်တန်း တက်ရောက်နေဆဲ သင်တန်းသားများသည် မေလ (၂၉) ရက်တွင် သက်ဆိုင်ရာကျမ်း ရေးသားပြုစုပြီးကြောင်း သက်ဆိုင်ရာပါမောက္ခ/ဌာနမှူး၏ ထောက်ခံစာ တင်ပြနိုင်ပါက ပါရဂူဘွဲ့ (Ph.D.) သင်တန်းကို လျှောက်ထားခွင့်ပြုမည်။
- မွေးမြူရေးပညာမဟာဘွဲ့ (M.A.Sc.) သင်တန်းနှင့် တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့ (M.V.Sc.) သင်တန်းများအတွက် သင်တန်းကာလ (၂) နှစ်နှင့် ပါရဂူဘွဲ့ (Ph.D.) သင်တန်းကာလမှာ (၃) နှစ်ဖြစ်ပြီး သင်တန်းသို့ အချိန်ပြည့် တက်ရောက်နိုင်ရမည်။
- မွေးမြူရေးပညာမဟာဘွဲ့ (M.A.Sc.) သင်တန်းအတွက် ၂၀၂၅ ခုနှစ်အထိ B.A.Sc. ဘွဲ့ရရှိသူများ လျှောက်ထားနိုင်ပြီး လျှောက်ထားသည့် အထူးပြုဘာသာရပ်တွင် အနိမ့်ဆုံး Grade-4 (သို့မဟုတ်) အမှတ် (၆၅) မှတ်ရရှိရမည်။
- တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့ (M.V.Sc.) သင်တန်းအတွက် ၂၀၂၅ ခုနှစ် အထိ B.V.Sc./D.V.M. ဘွဲ့ရရှိသူများ လျှောက်ထားနိုင်ပြီး လျှောက်ထားသည့် အထူးပြုဘာသာရပ်တွင် အနိမ့်ဆုံး Grade-4 (သို့မဟုတ်) အမှတ် (၆၅)မှတ်ရရှိရမည်။
- ဘာသာရပ်ဆိုင်ရာပါရဂူဘွဲ့သင်တန်းအတွက် B.V.S./B.V.Sc./D.V.M./ B.A.Sc. အခြေခံဘွဲ့ ရရှိထားပြီး သက်ဆိုင်ရာ Veterinary Science Subject/ Animal Science Subject တစ်ခုခုဖြင့် ပြည်တွင်းပြည်ပ တက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာ Master ဘွဲ့ရရှိရမည်။
အထက်ဖော်ပြပါအချက်များနှင့် ပြည့်စုံသူများသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ စစ်ဆေးမည့် ဘွဲ့လွန်သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲ (အင်္ဂလိပ်စာနှင့် သက်ဆိုင်ရာအထူးပြုဘာသာရပ်) ကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်စွာ ဖြေဆိုနိုင်သူများကိုသာ လူတွေ့နှုတ်ဖြေစာမေးပွဲ ဖြေဆိုခွင့်ပြုမည်ဖြစ်ပါသည်။
ဝင်ခွင့်လျှောက်ထားခြင်း
လျှောက်လွှာပုံစံများကို မေလ (၁၈) ရက်နေ့မှစ၍ သင်တန်းရေးရာဌာန၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်တွင် ရယူနိုင်ပြီး လျှောက်လွှာများကို သတ်မှတ်ပုံစံဖြင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် မေလ (၂၉) ရက်နေ့အထိ ညနေ(၄)နာရီ နောက်ဆုံး ထား၍ ကိုယ်တိုင်လျှောက်ထားရမည်။
လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ
- လျှောက်ထားသူ၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ ထောက်ခံစာမူရင်း၊
- ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ(၃)ပုံ၊
- အောင်မြင်ခဲ့သောတက္ကသိုလ်မှ ဘွဲ့လက်မှတ် (သို့မဟုတ်) ဘွဲ့ရထောက်ခံစာမူရင်းနှင့် မိတ္တူတို့ကို တင်ပြရမည်။
ဝင်ခွင့်စာမေးပွဲဖြေဆိုခြင်း
ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၌ ကျင်းပမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာရပ်ကို ဇွန်လ (၁၁) ရက်နေ့ နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအထိ၊ သက်ဆိုင်ရာအထူးပြုဘာသာရပ်ကို ဇွန်လ (၁၂) ရက်နေ့ နံနက်(၉) နာရီမှ မွန်းတည့် (၁၂) နာရီအထိ ဖြေဆိုရပါမည်။
ရေးဖြေစာမေးပွဲအောင်စာရင်းကို ဇွန်လ (၁၆) ရက်နေ့တွင် ထုတ်ပြန်ပေးမည်ဖြစ်ပြီး ရေးဖြေအောင်မြင်သူများအား ဇွန်လ (၁၈) ရက်နေ့တွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၌ လူတွေ့စစ်ဆေးမည်။
ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လာရောက်သည့်အခါ မိမိ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနှင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို တစ်ပါတည်း ယူဆောင် လာရမည်။ ဘွဲ့လွန်သင်တန်းတက်ရောက်ခွင့်ရရှိသူများ၏ အမည်စာရင်းကို ဇွန်လ (၁၉) ရက်နေ့တွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၌ ထုတ်ပြန်မည်။
မွေးမြူရေးပညာမဟာဘွဲ့သင်တန်း၊ တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့သင်တန်းနှင့် ပါရဂူဘွဲ့သင်တန်းများကို ဇွန်လ (၂၂) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
သတ်မှတ်ထားသည့် အချက်အလက်များ၊ တိကျပြည့်စုံစွာ ရေးသားဖော်ပြခြင်းမပြုသော လျှောက်လွှာများ၊ မမှန်မကန်ဖြည့်စွက်ရေးသားဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။
အသေးစိတ်အချက်အလက်များ သိရှိလိုပါက သင်တန်းရေးရာဌာန၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်၊ ဖုန်းနံပါတ် ၀၆၇- ၃၄၁၆၆၅၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်းနှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ Website ဖြစ်သော www.uvs.edu.mm တွင် ကြည့်ရှုရယူနိုင်သည်။
=================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။