ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ သုတေသနစာစောင်များကို နိုင်ငံတကာသို့ ဖြန့်ဝေမည်

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ ထုတ်ဝေသည့် သုတေသနစာစောင်များကို CABI ဒီဂျစ်တယ် စာကြည့်တိုက် မှတစ်ဆင့် နိုင်ငံတကာသို့ ဖြန့်ဝေရေးအတွက် ဆွေးနွေးမှုများကို  လန်ဒန်မြို့မှ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်နှင့် CABI မှ CEO တို့က တိုင်ပင် ဆွေးနွေးခဲ့ကြသည်။

မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၂) ရက်တွင် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးနှင့် ဇီဝသိပ္ပံဗဟိုဌာန (Center for Agriculture and Bioscience International – CABI) မှ CEO ဖြစ်သူ Dr. Daniel Elger အား အဆိုပါဌာနတွင် သွားရောက် တွေ့ဆုံခဲ့သည်။

တွေ့ဆုံဆွေးနွေးရာတွင် သံရုံးယာယီတာဝန်ခံက မြန်မာပြည်သူများအတွက် စိုက်ပျိုးရေးကဏ္ဍ၏ အရေးကြီးမှုနှင့် နိုင်ငံတော်အစိုးရမှ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍရှိ ပြည်သူများ ဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ပေးမှုများအား တင်ပြခဲ့သည်။

ရာသီဥတုပြောင်းလဲမှု၊ သီးနှံဖျက်ပိုးများနှင့် သီးနှံရောဂါများ အစရှိသည့် စိန်ခေါ်မှုများ၊ စိုက်ပျိုးရေးနည်းပညာ၊ လူနှင့် တိရစ္ဆာန်ဆက်နွယ်ကျန်းမာရေး စောင့်ရှောက်မှု (One Health) ကိစ္စရပ်များနှင့် သုတေသန လုပ်ငန်းများအတွက် CABI နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်လုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်။

စိုက်ပျိုးရေးဆိုင်ရာ အဆင့်မြင့်နည်းပညာများ ရရှိရန် CABI Academy ၏ သင်တန်းများသို့ မြန်မာပြည်သူများ ပိုမိုတက်ရောက်နိုင်ရန်နှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ ထုတ်ဝေသည့် သုတေသနစာစောင်များကို CABI ဒီဂျစ်တယ် စာကြည့်တိုက် မှတစ်ဆင့် နိုင်ငံတကာသို့ ဖြန့်ဝေနိုင်ရန်အတွက်လည်း ဆွေးနွေးခဲ့ကြသည်။

CABI သည် စိုက်ပျိုးရေးကဏ္ဍနှင့် တောင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ အကူအညီများ ပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး၊ မြန်မာနိုင်ငံသည် ၁၉၉၃ ခုနှစ်မှ စတင်၍ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပါသည်။

Source - နိုင်ငံခြားရေးဝန်ကြီးဌာန

Latest Post Local News Read 58 times