ပညာရေးဒီဂရီကောလိပ်အချို့ကို ဆရာအတတ်သင်တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်မည်

အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသည့် ဆရာ၊ ဆရာမများ၏ ပညာအရည်အချင်းများ ပိုမိုတိုးတက်မြင့်မားစေရေးအတွက် ဆရာအတတ်သင်ကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်များအား တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဟု သိရသည်။

ပညာရေးဒီဂရီကောလိပ်အချို့ကို ဆရာအတတ်သင်တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ကာ သတ်မှတ်အရည်အချင်း ကိုက်ညီသူများအား ပညာရေးဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့များ ပေးအပ်ပြီး ရာထူး၊ လစာ၊ အခွင့်အလမ်းများ တိုးမြင့်လာစေရေး ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ (၇) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

၎င်းဆွေးနွေးပွဲကို နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ တက်‌ရောက်ခဲ့ကြသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝှမ်း ပညာရေးဒီဂရီကောလိပ် (၂၅) ကျောင်း ဖွင့်လှစ်ထားပြီး အလယ်တန်းပြ ဆရာ၊ ဆရာမလောင်းများကို မွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ပညာရေးဒီဂရီကောလိပ်မှ သင်တန်းပြီးမြောက်အောင်မြင်လာသော အလယ်တန်းပြ ဆရာ၊ ဆရာမလောင်းများနှင့် နိုင်ငံတစ်ဝန်း တာဝန်ထမ်းဆောင်လျက်ရှိကြသော အလယ်တန်းပြ ဆရာ၊ ဆရာမများ၏ ပညာသင်ယူမှုအခွင့်အလမ်းကို ဆက်လက်၍ လမ်းဖွင့်‌ပေးလိုသည့်အတွက် ပညာရေးဒီဂရီ ကောလိပ်အချို့ကို ဆရာအတတ်သင်တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

သတ်မှတ်အရည်အချင်းကိုက်ညီသူများအား ဆရာအတတ်သင်တက္ကသိုလ်သို့ ဆက်လက် တက်ရောက်စေပြီး ပညာရေးဘွဲ့ပေးကာ အထက်တန်းပြ ဆရာ၊ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်လျက် မဟာတန်း၊ ပါရဂူတန်းအထိ ဆက်လက် ပညာသင်ယူနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် အခြေခံပညာကျောင်းများရှိ မူလတန်းပြနှင့် အလယ်တန်းပြ ဆရာ၊ ဆရာမများ၏ ပညာအရည်အချင်း၊ ရာထူးနှင့် လစာများ တိုးမြင့်လာကာ လူမှုဘဝမြင့်မားလာစေမည့် အခွင့်အလမ်းကောင်းများ ‌ပေါ်ထွန်းလာမည်ဖြစ်သည်။

ထို့အပြင် အထက်တန်းကျောင်းများတွင် အထက်တန်းပြ ဆရာ၊ ဆရာမများ လိုအပ်ချက်ကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်သွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

Local News Read 19 times