ပညာရေးဝန်ထမ်းများ ရာထူးတိုး၊ ရာထူးပြောင်းကိစ္စရပ်များကို တစ်နှစ်လျှင် မေလနှင့် အောက်တိုဘာလတို့တွင် နှစ်ကြိမ် ပြုလုပ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပညာရေးဆိုင်ရာမူဝါဒများသုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို စက်တင်ဘာလ (၂၉) ရက်နေ့၊ နံနက် (၉) နာရီတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တွဲဖက်ပါမောက္ခများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်ပညာကဏ္ဍနှင့် ပတ်သက်သည့် မူဝါဒများကို နှစ်ရက်ကြာ သုံးသပ်အကြံပြုသွားမည်ဖြစ်ပြီး ပါမောက္ခချုပ်များက ဦးဆောင်၍ ထိန်းညှိပေးစေလိုကြောင်း ပြောကြားခဲ့သည်။
“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကိုမြှင့်တင်စို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရေးဆွဲမည့် မူဝါဒများသည် ဆောင်ပုဒ်နှင့် ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း၊ ယခုဆွေးနွေးပွဲမှ အားနည်းချက်များကို ဖော်ထုတ်ပြီး အားသာချက်ဖြစ်မည့် မူဝါဒများကို အတူတကွ ချမှတ်နိုင်ရေး ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ပညာရေးဝန်ထမ်းများ ရာထူးတိုး၊ ရာထူးပြောင်းကိစ္စရပ်များကို တစ်နှစ်လျှင် မေလနှင့် အောက်တိုဘာလတို့တွင် နှစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြာခဲ့သည်။
ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များက တက္ကသိုလ် ဆရာ၊ ဆရာမများ ရာထူးတိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားရေးဆိုင်ရာမူဝါဒများ သုံးသပ်ခြင်း၊ တွေ့ရှိချက်နှင့် အကြံပြုချက်များအပေါ် စုပေါင်းဆွေးနွေးခြင်းများ ဆောင်ရွက်ကာ ရာထူးတိုး၊ ပြောင်းမူဝါဒ (မူကြမ်း) ပြုစုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပညာရေးဆိုင်ရာမူဝါဒများ သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာ (၂၉) ရက်မှ (၃၀) ရက်အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
=========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။