ဘိလပ်မြေထုတ်လုပ်မှုနည်းပညာများ တိုးတက်ပြန့်ပွားစေရေးအတွက် နည်းပညာတက္ကသိုလ်၊ နည်းပညာကောလိပ် စသည့်အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားပေးနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်း ညှိနှိုင်းအစည်းအဝေးမှတဆင့် သိရသည်။
မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်း ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၉) ရက် နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဆက်စပ်ဝန်ကြီးဌာနများမှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါ အစည်းအဝေးပွဲတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ် (၈) ခုတို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘိလပ်မြေအိတ် (၅.၃၄) သန်းကို ဖြန့်ဝေနိုင်ရန် ဘိလပ်မြေထုတ်လုပ်သူများအသင်းနှင့် ညှိနှိုင်းပြီးပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံအတွင်း ဘိလပ်မြေထုတ်လုပ်မှုနည်းပညာများ တိုးတက်ပြန့်ပွားစေရေးအတွက် နည်းပညာတက္ကသိုလ်၊ နည်းပညာကောလိပ် စသည့်အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများတွင် ဘိလပ်မြေထုတ်လုပ်မှုကို ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားရန် ဆွေးနွေးလျက်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
သို့ရာတွင် ဘိလပ်မြေစက်ရုံများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ လက်တွေ့လာရောက် ကွင်းဆင်းရာတွင် လက်ခံဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း သိရသည်။
Source - Myanmar National Portal