နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုရင် ဘာတွေပြင်ဆင်သင့်လဲ?

လူငယ်တိုင်းရဲ့ အိမ်မက်တွေထဲက တစ်ခုကတော့ နိုင်ငံခြားက ထင်ရှားကျော်ကြားတဲ့ တက္ကသိုလ်ကြီးတစ်ခုခုမှာ ပညာသင်ကြားလိုတာပဲ ဖြစ်ပါတယ်။ ဒီအိမ်မက်ကို တကယ့်လက်တွေ့မှာဖြစ်အောင် လုပ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် အောက်ကအချက် (၁၀) ချက်ကို အထူးဂရုပြု ပြင်ဆင်ထားသင့်ပါတယ်။ သင့်ဘက်က စနစ်တကျ ပြင်ဆင်ထားမှ သင့်ပညာရေးခရီးစဉ်က ချောမွေ့မှာ ဖြစ်ပါတယ်။ 

၁။ ပညာရေးပတ်စ်ပို့ (Education Passport - PE) လျှောက်ထားပါ

ပညာရေးပတ်စ်ပို့ (PE) က မြန်မာနိုင်ငံက ကျောင်းသား/သူတွေအတွက် နိုင်ငံခြားမှာ ပညာသွားရောက်သင်ကြားနိုင်ဖို့ ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ သက်ဆိုင်ရာ ဌာနက ထုတ်ပေးလိုက်တဲ့ ဒီပတ်စ်ပို့စာအုပ်ကို ကျောင်းလျှောက်ထားခြင်း၊ ဗီဇာလျှောက်ထားခြင်းတို့မှာ အသုံးပြုရမှာဖြစ်တာကြောင့် မရှိမဖြစ် လိုအပ်ပါတယ်။

၂။ အင်္ဂလိပ်စာ ကျွမ်းကျင်မှု (Language Proficiency)

နိုင်ငံခြားမှာ ပညာသင်ယူဖို့ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်မှုက အခရာကျတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ TOEFL၊ IELTS (သို့) Duolingo English Test (DET) တို့လို နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲတွေကို ဖြေဆိုအောင်မြင်ထားဖို့ လိုအပ်ပါတယ်။

ကျောင်းနဲ့ ဘာသာရပ်အလိုက် သတ်မှတ်ထားတဲ့ အနိမ့်ဆုံးရမှတ် (Minimum Score) ကို မပြည့်မီပါက ကျောင်းလျှောက်ထားခွင့် မရနိုင်ပါ။ ဒါကြောင့် ကျောင်းလျှောက်ထားခြင်း လုပ်ငန်းစဉ်မစမီ အင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ် စာမေးပွဲတစ်ခုခု ဖြေဆိုထားရပါမယ်။

၃။ ကျောင်း စည်းမျဉ်းဥပဒေတွေကို လေ့လာပါ

သင်တက်ရောက်မယ့်ကျောင်းရဲ့ သင်ရိုးညွှန်းတမ်း (Curriculum)၊ ကျောင်းစည်းမျဉ်းတွေ (School Policies)၊ ဘာသာရပ်တွေ (Majors/Courses) ၊ ငွေကြေးထောက်ပံ့မှု/ပညာသင်ဆုတွေ (Financial Aids and Scholarships) နဲ့ ဘွဲ့ရရှိဖို့ သတ်မှတ်ချက်တွေ (Graduation Requirements) ကို ကြိုတင်ပြီး သေသေချာချာ လေ့လာထားသင့်ပါတယ်။ ဒါမှသာ ကျောင်းတက်ချိန်မှာ အခက်အခဲမရှိဘဲ စနစ်ကျတဲ့ သင်ယူမှုအတွေ့အကြုံကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

၄။ ငွေကြေးအလုံအလောက် စုဆောင်းသွားပါ။

ဗီဇာလျှောက်ထားရာမှာ ငွေကြေးပြမှု (Financial Proof) က အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ သင့်အနေနဲ့ ကျောင်းစရိတ်အပြင် နေထိုင်စားသောက်ခြင်းအတွက် လုံလောက်တဲ့ ငွေကြေးရှိကြောင်း (သို့) ငွေကြေးထောက်ပံ့သူရှိကြောင်း သက်သေပြနိုင်ဖို့ လိုအပ်ပါတယ်။ 

၅။ စာရွက်စာတမ်းတွေ ပြင်ဆင်ပါ။

ကျောင်းဘက်က တောင်းဆိုတဲ့ ပညာရေးဆိုင်ရာ မှတ်တမ်းများ၊ ဘွဲ့လက်မှတ်များ၊ တခြား အောင်မြင်မှု Certificates များ စတာတွေကို အင်္ဂလိပ်ဘာသာစကားနဲ့ ဘာသာပြန်ထားဖို့ လိုအပ်ပါတယ်။ စာရွက်စာတမ်းတွေ ပြည့်စုံမှန်ကန်ခြင်းက ကျောင်းလျှောက်တဲ့အခါမှာ အဆင်ပြေပြီး ဗီဇာပြသနာဖြစ်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

၆။ ကိုယ်သွားမယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကို နားလည်အောင်လုပ်ပါ

နိုင်ငံခြားမှာ နေထိုင်ခြင်းက ယဉ်ကျေးမှုရိုက်ခတ်မှု (Culture Shock) ကို ခံစားရနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် သင်သွားရောက်မယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ စားသောက်မှုပုံစံ၊ ရာသီဥတု၊ လူမှုဆက်ဆံရေးနဲ့ အခြေခံတရားဥပဒေတွေ (ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်ခွင့် ရှိ/မရှိ) ကို ကြိုတင်လေ့လာထားမယ်ဆိုရင် စိတ်ဖိစီးမှုတွေကနေ အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ပါလိမ့်မယ်။ 

၇။ အိမ်လွမ်းခြင်းအတွက် စိတ်ပြင်ဆင်ထားပါ

အမိမြေမှာ မိသားစုနဲ့ မိတ်ဆွေတွေကို  ချန်ထားခဲ့ရတဲ့အတွက် အိမ်လွမ်းခြင်းနဲ့ အထီးကျန်ခြင်းစတဲ့ စိတ်အဆင်မပြေမှုတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒီခံစားချက်တွေကို ရင်ဆိုင်နိုင်ဖို့ မသွားခင်ထဲက သေချာဆုံးဖြတ်ပြီး စိတ်ကို ပြင်ဆင်သွားပါ။ ဒါပေမဲ့ အခုခေတ်က အနေဝေးနေပေမဲ့ ဖုန်း၊ ဗီဒီယိုခေါ်ဆိုမှု၊ ချက်တင်း စတဲ့  မိသားစုနဲ့ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေပါပြီ။

၈။ကျန်းမာရေးနဲ့ စိတ်ဓာတ်ခိုင်မာမှုကို ဂရုစိုက်ပါ

နိုင်ငံခြားမှာ တစ်ကိုယ်တော် နေထိုင်ရခြင်းက စိတ်ခွန်အား လိုအပ်ပါတယ်။ စိတ်ဓာတ်ခိုင်မာမှု၊ လိုက်လျောညီထွေရှိမှုနဲ့ ကိုယ်တိုင်ပြဿနာဖြေရှင်းနိုင်စွမ်းတို့ကို မွေးမြူထားသင့်ပါတယ်။ ဒါ့အပြင် ခရီးမသွားမီ လိုအပ်တဲ့ ကာကွယ်ဆေးများ (Vaccinations) ထိုးထားခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ထားခြင်းတို့ကိုလည်း မမေ့သင့်ပါဘူး။

၉။ ယုံကြည့်ရတဲ့ အေဂျင်စီ ရွေးချယ်ပါ

ကျောင်းလျှောက်ထားရာမှာ အေဂျင်စီတွေရဲ့ အကူအညီကို ရယူလိုတဲ့အခါ ဂရုတစိုက် ရွေးချယ်ပါ။ အင်တာနက်ပေါ်ကဖြစ်ဖြစ် စီနီယာတွေထဲကဖြစ်ဖြစ် ဝေဖန်သုံးသပ်ချက်တွေကို မေးမြန်းပြီး စုံစမ်းသင့်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်တက်မယ့်ကျောင်းနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ အေဂျင်စီတွေကတဆင့် လျှောက်မယ်ဆိုရင် ပိုပြီး စိတ်ချရပါတယ်။ 

၁၀။ အသိမိတ်ဆွေတွေနဲ့ ကြိုတင်ဆက်သွယ်ထားပါ။

ကိုယ်သွားမယ့်နိုင်ငံမှာ ကိုယ်သိတဲ့သူတွေ ရှိနေတယ်ဆိုရင် မသွားခင်ထဲက သူတို့နဲ့ အဆက်အသွယ်လုပ်ထားပါ။ သူတို့နေတဲ့နေရာ၊ သူတို့ဖုန်းနံပါတ် တောင်းထားပါ။ နေရာထိုင်ခင်းရှာဖွေခြင်း၊ ပို့ဆောင်ရေးစနစ်၊ ဆက်သွယ်ရေးစနစ်တွေအကြောင်း မေးမြန်းခြင်း၊ အခြေခံအသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူခြင်း စတဲ့ အသေးအမွှား ကိစ္စတွေကအစ အရေးကြီးကိစ္စကြုံရတာအထိ အကူအညီတောင်းလို့ ရပါတယ်။ 

University / College Read 16 times