မန္တလေးတိုင်းမှ (၁၂) တန်းစာမေးပွဲ အဖြေလွှာများကို လေယာဉ်ဖြင့် ပို့ဆောင်

၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် ဖြေဆိုပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများမှ စာမေးပွဲအဖြေလွှာများကို မြန်မာအမျိုးသားလေးကြောင်းလိုင်းဖြင့် သက်ဆိုင်ရာ စာစစ်ဌာနများသို့ စနစ်တကျ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မန္တလေးငလျင်ဒဏ်ကြောင့် ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပျက်စီးခဲ့ရသည့်အတွက် အဆိုပါဒေသများတွင် ဒုတိယအကြိမ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ (၁၆) ရက်နေ့ကနေ (၂၁) ရက်နေ့အထိ ပိတ်ရက်မရှိ ပြန်လည်ကျင်းပခဲ့သည်။

သို့ရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ စာစစ်ဌာန (၁၀၁) ခုဖွင့်လှစ်ထားရှိပြီး စာမေးပွဲဖြေဆိုရန် စာရင်းရှိ (၃၄,၂၄၁) ဦးတွင် (၃၃,၇၈၈) ဦး လာရောက်ဖြေဆိုသည့်အတွက် ဖြေဆိုသူရာခိုင်နှုန်းအနေဖြင့် (၉၈.၆၈%) ရှိကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဇွန်လ (၂၄) ရက် နံနက်ပိုင်းတွင် မန္တလေးစာစစ်ဌာနအသီးသီးမှ အဖြေလွှာများကို စနစ်တကျ သိမ်းဆည်းထားရှိမှုအား စစ်ဆေးပြီး မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ကာ အဖြေလွှာများကို သက်ဆိုင်ရာစာစစ်ဌာနများသို့ လေယာဉ်ဖြင့် စနစ်တကျ ပို့ဆောင်နေမှုကို ကိုယ်တိုင် ကြည့်ရှုစစ်ဆေးခဲ့သည်။

Source - ပြန်ကြားရေးဝန်ကြီးဌာန 

Latest Post Local News Read 184 times