Sales Hotline : 09448001653       Download App



၂၀၂၄ ခုနှစ် မူလတန်းဆရာအတတ်ပညာသင်တန်းအတွက် သင်တန်းသားများခေါ်ယူနေ

၂၀၂၄ ခုနှစ်အတွက် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာ သင်တန်း (PPTT)၊ အမှတ်စဉ် (၁၁/၂၄)သင်တန်းအတွက် သင်တန်းသားများခေါ်ယူလျက်ရှိကြောင်း ဆရာအတတ်ပညာဦးစီးဌာနမှ သိရသည်။ သင်တန်းလျှောက်လွှာများကို ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မိမိနေထိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရှိ သက်ဆိုင်ရာ ပညာရေးဒီဂရီကောလိပ်များတွင် လျှောက်ထားရပါမည်။ အဆိုပါ သင်တန်းကို ပညာရေးဒီဂရီကောလိပ်များ၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ 


သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရပါမည်။

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။
  • တက္ကသိုလ်မှ အောက်ပါဘွဲ့တစ်ခုခု ရရှိပြီးသူဖြစ်ရမည်။ 

B.A(မြန်မာမှု)၊ B.A(ရသ)၊ B.A(ဂီတ)၊ B.A(သဘင်)၊ B.A(ပန်းချီ)၊ B.A(ပန်းပု)၊ B.Sc(Sport)၊ B.Econ(Stats)၊ B.Com၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ၊ စိတ်ပညာ၊ အဏ္ဏဝါ သိပ္ပံ၊ ကုန်ထုတ်ဓာတု၊ Microbiology၊ Biotechnology၊ Biochemistry Environmental Studies Geology

  • ပြင်ပဘွဲ့ရများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် အသက်(၃၅) နှစ်ထက်မကြီးသူ ဖြစ်ရမည်။  
  • ဝန်ထမ်းဖြစ်ပါက အမြဲတမ်း ဝန်ထမ်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် (၄၀)နှစ်ထက် မကြီးသူဖြစ်ရမည်။

 

လျှောက်လွှာတင်သည့်အခါ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

  • သတ်မှတ်ထားသော လျှောက်လွှာပုံစံကို ထုတ်ယူပြီး အချက်အလက်များကို တိကျပြည့်စုံစွာ ကိုယ်တိုင်ရေးသားဖော်ပြ၍  လျှောက်လွှာတင်ရမည်။ 
  • လျှောက်လွှာနှင့်အတူ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ထားသည့် တက္ကသိုလ်ဝင် အောင်မြင်သည့် အထောက်အထား(မိတ္တူ)၊ ဘွဲ့လက်မှတ် (မိတ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)၊ ရပ်ကွက်ထောက်ခံစာ၊ ကျန်းမာကြောင်းထောက်ခံစာ (ကိုယ်ဝန်ဆောင်မဖြစ်ရ) နှင့် (၆) လအတွင်းရိုက်ကူး ထားသည့် ပတ်စ်ပို့အရွယ် ဓာတ်ပုံ (၂) ပုံတို့ကို ပူးတွဲတင်ပြရမည်။
  • ၀န်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲ၏ ခွင့်ပြုချက်ကို ပူးတွဲတင်ပြရမည်။

 

စည်းကမ်းသတ်မှတ်ချက်များ

  • နေပြည်တော်ကောင်စီနယ်မြေအတွက် တောင်ငူပညာရေးဒီဂရီကောလိပ်တွင် လျှောက်ထားနိုင်သည်။ (ပညာရေးဝန်ကြီးဌာန (သို့မဟုတ်) ဦးစီးဌာနသို့ တိုက်ရိုက်လျှောက်ထားခြင်း မပြုရ။)
  • ကျန်းမာရေးကောင်းမွန်၍ ဆရာ့တာဝန်ထမ်းဆောင်နိုင်ပြီး မည်သည့်ပညာရေးကောလိပ်တွင်မဆို တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
  • အကျင့်စာရိတ္တကောင်းမွန်ပြီး ပြစ်မှုကင်းရှင်းသူ ဖြစ်ရမည်။
  • သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူမဖြစ်ရပါ။
  • သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် သင်တန်းပြီးစီးအောင် တက်ရောက်ရမည်။ 
  • မူလတန်းဆရာအတတ်ပညာ အောင်လက်မှတ်ရရှိပြီးနောက် လက်ထောက်မူလတန်းပြအဖြစ် အနည်းဆုံး (၅)နှစ် တာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိလက်မှတ်ရေးထိုးရမည်။
  • သင်တန်းပြီးစီးအောင် မတက်ရောက်ခဲ့လျှင်သော်လည်းကောင်း၊ ခန့်ထားခြင်းခံရသော အခြေခံပညာကျောင်းများတွင် တာဝန်မထမ်းဆောင်ခဲ့လျှင်သော်လည်းကောင်း သတ်မှတ်လျော်ကြေး (၅)သိန်းကျပ်နှင့်အတူ လစဉ်ထောက်ပံ့ကြေးကို ပြန်လည်ပေးလျော်ရမည်။

 

ဝင်ခွင့်လျှောက်ထားသူများသည် အင်္ဂလိပ်စာ၊ ပညာရေးဆိုင်ရာ ဗဟုသုတရေးဖြေစာမေးပွဲနှင့် လူတွေ့နှုတ်ဖြေကို သက်ဆိုင်ရာ ပညာရေးဒီဂရီကောလိပ်များတွင် ဖြေဆိုကြရမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုရမည့်ရက်အား မိမိလျှောက်ထားသည့် ပညာရေးဒီဂရီ ကောလိပ်များတွင် ကြေညာပေးပါလိမ့်မည်။


ရေးဖြေအောင်မြင်သူများစာရင်းနှင့် လူတွေ့ဖြေဆိုရမည့်ရက်ကို သက်ဆိုင်ရာ ပညာရေးဒီဂရီကောလိပ်များ၌ ၂၀၂၄ ခုနှစ်၊ မေလတွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ ဝင်ခွင့်အောင်မြင်၍ သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်းနှင့် ဘွဲ့ရရှိမှုအထောက်အထား(မူရင်း) တင်ပြနိုင်ရမည်။

Latest Post Local News Read 401 times