Sales Hotline : 09448001653       Download App



ကျောင်းစာတွေကြောင့် ဖိအားတွေများနေပြီလား.. ဒီအချက်လေးတွေလိုက်လုပ်ကြည့်ပါ

 

သင်က လက်ရှိမှာ အထက်တန်းကျောင်းသား၊ တက္ကသိုလ်တက်နေရတဲ့ကျောင်းသား၊ နိုင်ငံခြားကျောင်းသွား တက်ဖို့ ပြင်ဆင်နေရတဲ့ကျောင်းသား စတဲ့ စတဲ့ ကဏ္ဍအသီးသီးမှာ ကျောင်းစာတွေကို အချိန်နဲ့အမျှလုပ်နေရတဲ့ ကျောင်းသားတစ်ယောက်ဖြစ်နေပြီဆိုရင်တော့ သေချာပါတယ် သင့်မှာ အနည်းနဲ့အများ ဖိအားနဲ့ စိတ်ပင်ပန်းမှု တွေရှိနေမှာ အသေအချာပါပဲ။ 

 

ဒါဆိုရင်တော့ သင့်ရဲ့ အချိန်တွေအကုန်လုံးကို စာထဲမှာပဲ မနှစ်မြုပ်ထားပါနဲ့။ စာကတစ်ချိန်လုံးလုပ်စရာမလို ပါဘူး။ တစ်ချိန်လုံး စာလုပ်တာကလည်း သင့်ကို Smart မဖြစ်စေပါဘူးနော်။ အားလပ်ချိန်ကို မဖြစ်မနေ ယူရပါမယ်။ 

 

သင့်ရဲ့ အားလပ်ချိန်မှာ အခုပြောပြမယ့် အချက်လေးတွေကို လိုက်လုပ်ကြည့်မယ်ဆိုရင်တော့ သင့်မှာ ရှိနေတဲ့ ဖိအားတွေ အနည်းနဲ့အများ လျော့သွားပြီး သင့်စိတ်ကို Relax ဖြစ်စေမှာ အသေအချာပါပဲ။

ဒါဆိုကြည့်လိုက်ကြရအောင်_

 

၁။ သက်တောင့်သက်သာရှိစေရန် အသက်ကိုတစ်ဝကြီးရှုရှိုက်ကြည့်ပါ

အသက်ပြင်းပြင်းရှုခြင်းက သင့်ရဲ့စိတ်ကို တည်ငြိမ်စေဖို့နဲ့ ဖိအားတွေကို လျော့ချဖို့ အထိရောက်ဆုံး နည်းလမ်းတစ်ခုပါပဲ။ ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ။ ဒေါသအရမ်းထွက်နေတဲ့အချိန်၊ စိတ်တအား ရှုပ်နေတဲ့အချိန် အသက်ပြင်းပြင်းရှုခြင်းက စိတ်ကို အနားပေးရာလည်း ရောက်စေပါတယ်။ ဒါကို လေ့ကျင့်ယူဖို့ဆိုရင်တော့ သက်တောင့်သက်သာရှိတဲ့ခုံ ဒါမှမဟုတ် လှဲလို့ရတဲ့ အနေအထားမျိုးနေပါ။ 

မျက်လုံးကိုဖြည်းဖြည်းချင်းမှိတ်ပြီး သင့်ရဲ့ အဆုတ်ထဲမှာ လေတွေပြည့်သွားပြီလို့ ခံစားရတဲ့အထိ နှာခေါင်းကနေ အသက်ကို ရှုသွင်းပါ။ တစ်ပြိုင်နက်မှာ သင့်ရဲ့ ဝမ်းဗိုက်လည်း ဖောင်းလာပါလိမ့်မယ်။ ပြီးရင်တော့ ပါးစပ်ကနေ ဖြည်းဖြည်းချင်း ရှုထုတ်ပါ။ ဒါကိုပဲ ဝင်လေ ထွက်လေကို သတိပြုပြီး အကြိမ်အရေအတွက် များများပြုလုပ်ကြည့်ပါနော်။

 

၂။ ကြွက်သားများကို ဖြေလျော့ပါ

ခန္ဓာကိုယ်မှာရှိတဲ့ မတူညီတဲ့ ကြွက်သားအုပ်စုတွေကို တင်းအားများဖြေလျော့စေပြီး အနားယူခြင်း ကလည်း ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။ ဒီလို ကြွက်သားဖြေလျော့နည်းကိုလေ့ကျင့်ချင်တယ် ဆိုရင်တော့ သက်တောင့်သက်သာရှိတဲ့ အနေအထားမှာ လှဲလျောင်းပြီး တစ်ကြိမ်မှာ ကြွက်သားအုပ်စု တစ်ခုကို အာရုံစိုက်ပါ။ 

သင့်ရဲ့ ခြေချောင်းလေးတွေကနေစတင်ပြီး ဖြေလျော့ချင်တဲ့ ကြွက်သား အုပ်စုကို စက္ကန့်အနည်းငယ်လောက် အားယူပြီး အကြောဆန့်သလို တင်းတင်းကြပ်ကြပ် ဆုပ်ထားပေးပါ။ ပြီးရင်တော့ လွှတ်ချလိုက်ပါ။  ဒီလေ့ကျင့်ခန်းကိုပဲ မတူညီတဲ့နေရာတွေအတွက် ထပ်ခါထပ်ခါလုပ်ပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာရှိတဲ့ ခြေသလုံး၊ ပေါင်၊ ဗိုက်၊ ရင်ဘတ်၊ လက်မောင်းစတဲ့ နေရာတွေက ကြွက်သားတွေ ဖြေလျော့ပြီး စိတ်လန်းဆန်းလာပါလိမ့်မယ်။

Advertisement 

Click Here > Ma Htwe Lay 

၃။ သဘာဝနဲ့အတူအချိန်ကုန်ဆုံးပါ

အခုခေတ်မှာ လူငယ်တော်တော်များများက ကိုယ့်ရဲ့ အားလပ်ချိန်မှာလည်း Digital Device တွေနဲ့ပဲ အချိန်ကုန်ကြတာများပါတယ်။ ဒါတွေကို ခဏလောက်လွှတ်ချပြီး အားလပ်ချိန်မှာ သဘာဝနဲ့ထိတွေ့ကြည့်ပါ။ သဘာဝတရားနဲ့ ထိတွေ့ခြင်းကလည်း စိတ်ကိုပြေလျော့စေပြီး စိတ်ဖိစီး မှုကိုလျော့ချဖို့ အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုပါပဲ။ 

မနက်စောစော ခြံထဲမှာလမ်းလျှောက် ထွက်တာမျိုး၊ သင်နဲ့အနီးဆုံးပန်းခြံမှာ ပြေးတာမျိုး၊ ပန်းပင်လေးတွေ ရေလောင်းတာမျိုး၊ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝတရားကြီးရဲ့ အသံလေးတွေကို အာရုံစိုက်ပြီး နားထောင်ကြည့် တာမျိုး၊ မိုးရွာတာကို ထိုင်ကြည့်တာမျိုး၊ အချိန်ရရင် ခရီးထွက် တောင်တက်၊ရေကူးတာမျိုး စတာတွေကို အချိန်ပေးပြီး လုပ်ကြည့်ပါ။ တိုးတက်မှုကို တွေ့ရှိရပါလိမ့်မယ်။ 

 

၄။ သတိပဋ္ဌာန်စိတ်ကိုလေ့ကျင့်ယူပါ

သတိပဋ္ဌာန်ဆိုတာကတော့ လွန်စွာတည်သော သတိ၊ ခိုင်မြဲစွာတည်သော သတိလို့ အဓိပ္ပာယ်ရပါတယ်။ လက်ရှိပစ္စုပ္ပန်ကာလကို သတိပြုမိဖို့အတွက် အာရုံသွင်းဖို့အတွက် အကောင်းဆုံးသော နည်းလမ်းပါပဲ။ ကျောင်းသားအတော်များများဟာ စာမေးပွဲအတွက် တွေးပူတာမျိုး၊ လုပ်ရမယ့် စာတွေမပြီးတာ ဖြစ်မှာမျိုး အရှေ့ကိုကြိုပြီး စိုးရိမ်တတ်ကြပါတယ်။ 

ဒါဆိုရင်တော့ ဒီနည်းလမ်းလေးနဲ့ ကိုယ့်စိတ်ကို တည်ငြိမ်အောင် ကြိုးစားကြည့်ပါ။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုးမှာ ထိုင်ပြီး ဝင်သက်ထွက်သက်ကို အာရုံပြုပါ။ ခေါင်းထဲကို ဝင်လာတဲ့ အတွေးပေါင်းစုံကို ကိုယ်ဘာတွေးနေတယ်ဆိုတာပဲ အသိအမှတ်ပြုပေးပါ။ ပြီးတာနဲ့ပြန်မောင်းထုတ်လိုက်ပြီး ကိုယ့်ရဲ့ ဝင်သက်ထွက်သက်ကိုပဲ အာရုံပြန် စိုက်ပေးပါ။ ဒီအလေ့အကျင့်ကို ရအောင်လုပ်နိုင်မယ်ဆိုရင်တော့ စိတ်ဖိစီးမှုလည်း လျော့ကျလာမှာ ဖြစ်ပြီး စာကျက်တဲ့အခါမှာလည်း အာရုံစူးစိုက်မှု ပိုမိုအားကောင်းလာမှာပဲဖြစ်ပါတယ်။

 

၅။ စိတ်အပန်းပြေစေမယ့် ဂီတမျိုးကိုနားထောင်ပါ

သီချင်းငြိမ့်ငြိမ့်လေးတွေ နားထောင်ခြင်းက စိတ်ကိုလည်း အနားပေးရာရောက်သလို ဖိအားတွေလည်း လျော့ကျစေပါတယ်။ တိတ်ဆိတ်တဲ့နေရာမှာ နားကြပ်လေးတပ်ပြီး သာယာငြိမ့်ငြောင်းတဲ့ သီချင်း လေးတွေနားထောင်ကြည့်ပါ။ သီချင်းမှာပဲ အာရုံစိုက်ပြီး စိတ်ကိုခဏလောက်အနားပေးလိုက်ပါ။ အပေါ်မှာ ပြောခဲ့တဲ့ နည်းလမ်း(၁) (၂)နဲ့အတူလည်း  သီချင်းနားထောင်တာကို တစ်ခါတည်း ပေါင်းလုပ်ကြည့်လို့ ရပါတယ်။ 

 

နိဂုံးချုပ်ပြောရမယ်ဆိုရင်တော့ စိတ်ကိုအနားပေးပြီး ဖိအားတွေလျော့ကျစေဖို့က နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့် လူတစ်ယောက်နဲ့တစ်ယောက် ပိုပြီးအသုံးဝင်ထိရောက်တဲ့ နည်းလမ်းတွေ ကတော့တူမှာမဟုတ်ပါဘူး။ ဒါကြောင့် ဘယ်နည်းလမ်းကတော့ သင့်အတွက် ပိုပြီးအကျိုးရှိစေမယ် ဆိုတာသိစေဖို့အတွက် အကုန်လုံးကို စမ်းသပ်ကြိုးစားကြည့်ဖို့     အကြံပြုချင်ပါတယ်။ 

 

အထက်မှာ ပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို အချိန်ပေးပြီး လုပ်ကြည့်မယ်ဆိုရင်တော့ သင့်ရဲ့ စိတ်ကျန်းမာရေး ကိုယ်ကျန်းမာရေး တိုးတက်လာရုံသာမက နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာပါ ပိုပြီးအာရုံစိုက်နိုင် လာတယ်ဆိုတာကို သေချာပေါက်ခံစားရစေမှာပါ။

 

Knowledge Latest Post Read 720 times