Sales Hotline : 09448001653    



စာပေလေ့လာသူများအတွက် မီးပျက်ချိန်အသုံးဝင်မယ့် ရန်ကုန်မြို့ရဲ့ စာကြည့်တိုက် (၉)ခု

 

ရန်ကုန်မြို့မှာလက်ရှိအခြေအနေရာသီဥတုအရမီးပျက်ပြီးပူလောင်လွန်းတာ လူတိုင်းပဲကြုံတွေ့ခံစားနေ ရမှာပါ။ ဒါဆိုနေ့ခင်းဘက်တွေမှာ ရာသီဥတုရဲ့ ပူလောင်တဲ့ဒဏ်ကို ရှောင်ရှားနိုင်ပြီး ပညာလည်းရ ဗဟုသုတလည်း တိုးစေမယ့် အကြံဉာဏ်လေးပေးချင်ပါတယ်။ ဒါကတော့ ရန်ကုန်မြို့မှာ ရှိတဲ့ စာထိုင်ဖတ်လို့ရတဲ့  စာကြည့်တိုက်တွေမှာ  ကိုယ့်ရဲ့အချိန်တွေကို  အေးအေးလူလူကုန်ဆုံးစေခြင်းပဲဖြစ်ပါတယ်။

 

ဒါကြောင့်ကိုယ်က လက်ရှိမှာ အိမ်မှာအချိန်ဖြုန်းနေတဲ့သူမျိုး၊ အားလပ်ချိန်များတဲ့သူမျိုး၊ ကျောင်းတက်နေတဲ့သူမျိုးဆို ရန်ကုန်မြို့ရဲ့ စာကြည့်တိုက်တွေကို တစ်ခေါက်တစ်ခါသွားရောက်ကြည့်ဖို့ အကြံပြု ချင်ပါတယ်။ 

 

အပေါ်မှာ ပြောခဲ့သလိုပဲ အပူဒဏ်ကိုလည်း ရှောင်ရှားနိုင်မယ် တစ်ဆက်တည်းမှာ အသိပညာဗဟုသုတတွေလည်း ရနိုင်မယ်ဆိုတော့ ကိုယ့်အတွက် လုံးဝအကျိုးရှိစေမှာအမှန်ပါပဲ။ ဒီတော့ ရန်ကုန်မြို့မှာ အေးအေးလူလူ စာဖတ်လို့ရမယ့် စာကြည့်တိုက်လေးတွေကို မြန်မာ့ပညာရေးလမ်းညွှန်ပရိသတ် ကြီးအတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်နော်။ 

 

  1. Yangon Book Plaza

 

ဒါကတော့ စာကြည့်တိုက်မဟုတ်ပါဘူး၊ စာအုပ်ရောင်းတဲ့နေရာပါ တစ်နည်းအားဖြင့်စာအုပ်ဆိုင်ပါ။ ဒါပေမယ့် ဆိုင်ရဲ့ အနေအထားအရ ဆိုင်နေရာထိုင်ခင်း သပ်ရပ်သန့်ရှင်းကျယ်ဝန်းပြီး စာအုပ်တွေကို ထိုင်ဖတ်လို့ရအောင် နေရာလေးတွေလည်း လုပ်ပေးထားပါတယ်။ စာအုပ်အရောင်းစင်ပေါ်က ကြိုက်တဲ့စာအုပ်ကို ယူဖတ်လို့ရပါတယ်။ 

ကော်ဖီချစ်သူတွေအတွက် ကော်ဖီဝယ်သောက်လို့ရတဲ့ နေရာလေးလည်းရှိပါတယ်။ စာအုပ်ဆိုင်ပေါင်းစုံ ပေါင်းစည်းဖွင့်လှစ်ထားတဲ့ နေရာမို့ စာအုပ်အမျိုးအစား မစုံမှာတော့ မပူရပါဘူး။ စာအုပ်ချစ်သူတွေအတွက် သွားကိုသွားကြည့်သင့်တဲ့ နေရာလေးပါ။ တစ်ခုရှိတာက သူက အဲကွန်းတော့ မရှိတဲ့အတွက် နည်းနည်းလေးတော့ ပူပါတယ်နော်။

လိပ်စာ - Yangon Book Plaza၊ ငါးလွှာ၊ သံစျေး၊ လမ်းမတော်၊ ရန်ကုန် (၁၇ လမ်း သံစျေး ဝင်ပေါက်မှာသီးသန့်ဓာတ်လှေကားရှိပါတယ်)

ဖုန်း - 09767019926

နေ့စဉ်ပိတ်ရက်မရှိ (မနက်ကိုးနာရီကနေ ညနေ ငါးနာရီထိဖွင့်ပါတယ်)

 

  1. Goethe - Institut Myanmar

 

ဒါကတော့ စာကြည့်တိုက်သီးသန့်မဟုတ်ပဲ ဂျာမန်ဘာသာစကားကျောင်းမှာ ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်ပဲဖြစ်ပါတယ်။ စာလေ့လာဖို့ပဲဖြစ်ဖြစ် အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် အဲကွန်းလည်းရှိတာကြောင့် အေးဆေးငြိမ်သက်တဲ့ နေရာတစ်ခုကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီစာကြည့်တိုက်လေးကို ညွှန်းပေးချင်ပါတယ်။ ဒီစာကြည့်တိုက်ကတော့ ဘယ်သူမဆို အခမဲ့သွားရောက်လေ့လာနိုင်ပြီး စာအုပ်တွေကို ငှားရမ်းချင်တယ်ဆိုရင်တော့ ဒစ်ဂျစ်တယ်စာကြည့်တိုက် အသင်းဝင်ကတ် လုပ်ထားဖို့လိုအပ်ပါတယ်။ 

အသင်းဝင်ကြေးအနေနဲ့ မြန်မာနိုင်ငံသားများအတွက် တစ်နှစ်လုံးစာကိုမှ မြန်မာငွေ ၁၀,၀၀၀/-ကျပ်သာ ကျသင့်မှာဖြစ်လို့ အရမ်းကို တန်လွန်းပါတယ်။ တကယ်လို့ ကိုယ်က အဲဒီကျောင်းရဲ့ ကျောင်းသားဖြစ်နေတယ်ဆိုရင်တော့ စာကြည့်တိုက်ကတ်က အခမဲ့ရမှာပါ။ 

လူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်တဲ့ ပွဲတွေလည်းရှယ်လုပ်ပေးတဲ့နေရာဖြစ်တဲ့အပြင် အရမ်းလှတဲ့ ကော်ဖီဆိုင်လေးပါရှိတာမို့ တစ်ခေါက်ဖြစ်ဖြစ်သွားရောက်လေ့လာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

 

စာကြည့်တိုက်ဖွင့်ချိန် - တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနှင့် တနင်္ဂနွေ မနက် ၉း၃၀ မှ ညနေ ၅း၀၀ နာရီအထိ *ကြာသပတေးနေ့နှင့် အများပြည်သူရုံးပိတ်ရက်များတွင် စာကြည့်တိုက်ပိတ်ပါသည်။*

လိပ်စာ - Corner of Kabar Aye Pagoda Rd and Nat Mauk St, Bahan Tsp., Yangon, Myanmar.

ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့် ရေခဲဆိုင်မှတ်တိုင် ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့။

ရောက်ရှိသည့် ဘတ်စ်များ - ၁၂၊၂၉၊၆၁၊၂၈၊၃၆၊၈၇၊၁၁၅

Advertisement 

Click Here > Charming Garment 

  1. National Library - Yangon

 

ရန်ကုန်မြို့လယ်ခေါင်က အဲကွန်းလည်းရှိပြီး အေးအေးလူလူ တိတ်တိတ်ဆိတ်ဆိတ် စာဖတ်အနားယူလို့ ရမယ့်နေရာလေးပါ။ နေရာထိုင်ခင်း ကျယ်ဝန်းပြီး စာအုပ်တွေလည်း အတော်လေးစုံပါတယ်။ သန့်စင်ခန်းက အစသပ်ရပ်သန့်ရှင်းပြီး တော်တော်လေး စနစ်ကျတဲ့ နေရာလို့ပြောလို့ရပါတယ်။

အဆောက်အဦးအနေနဲ့ ၃ လွှာရှိပြီး ပထမထပ်မှာ Digital Room၊ ဒုတိယထပ်မှာ စာဖတ်ခန်း၊ တတိယထပ်မှာတော့ ကလေးပုံပြင်ပြောခန်းဆိုပြီး သုံးလွှာခွဲထားပါတယ်။ လောလောဆယ်တော့ စာကြည့်တိုက်အသင်းဝင်ကတ်လုပ်လို့မရသေးပါဘူး။ သွားမယ်ဆိုရင် မှတ်ပုံတင် မူရင်း(သို့) မိတ္တူ ယူသွားပေးပါ။ 

စာကြည့်တိုက်ဖွင့်ချိန် - အင်္ဂါနေ့မှ စနေနေ့ (နံနက် ၉နာရီမှ ညနေ ၄း၃၀)

လိပ်စာ - အမှတ် (၆၀၇/၆၀၈)၊ ၃၂လမ်းနှင့် ကုန်သည်လမ်းထောင့်၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။

ဖုန်းနံပါတ် - ၀၁ ၈၃၇၇၃၅၂

 

  1. China Cultural Center

 

တရုတ်ရိုးရာကို ထင်ဟပ်စေတဲ့ အပြင်အဆင်မျိုးနဲ့ တရုတ်စာကိုမှ အထူးတလှယ်လေ့လာနေသူတို့ အတွက် သွားကိုသွားသင့်တဲ့နေရာပါ။ တရုတ်စာအုပ်အမျိုးအစားပေါင်းများစွာရှိပါတယ်။ စာကြည့်တိုက်အသင်းဝင်ကြေး၊ နှစ်စဥ်ကြေးတွေလည်း ပေးစရာမလိုပါဘူး။ 

စာကြည့်တိုက်အပြင် တရုတ်စာလက်ရေးလှသင်တန်း၊ ဝူရှူးသိုင်းသင်တန်းတွေကိုလည်း အခမဲ့ဖွင့်လှစ် ပေးနေပါတယ်။ လူသိနည်းသေးတဲ့အတွက် လူလည်းရှင်းပြီး အတော်လေးတိတ်ဆိတ်တဲ့နေရာပါ။ သွားရင်တော့ မှတ်ပုံတင်လေးယူသွားပေးပါ။ သူတို့ပေးတဲ့ ဖောင်လေးဖြည့်ရပါမယ်။

 

စာကြည့်တိုက်ဖွင့်ချိန် - အင်္ဂါနေ့မှ တနင်္ဂနွေနေ့ (နံနက် ၁၀နာရီမှ ညနေ ၅နာရီ)

လိပ်စာ - အမှတ် ၃၉၊ အလုံ City Mart ပထမထပ်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်းနံပါတ် - ၀၁ ၂၃၀၂၆၃၀

 

  1. Tun Foundation Library

 

စာကြည့်တိုက်ကတ်လုပ်ဖို့အတွက် မှတ်ပုံတင်မိတ္တူ၊ ပတ်စ်ပို့တ်ဆိုဒ် ဓာတ်ပုံ (၂)ပုံ၊ အသင်းဝင်ကြေး ၅၀၀၀/-ကျပ် (တစ်သက်စာ) ဒါပဲလိုအပ်ပါတယ်။ တိတ်ဆိတ်ချက်ကတော့ ကိုယ့်အသက်ရှုသံတောင် ပြန်ကြားရလောက်ပါတယ်။ အဲကွန်းလည်းရှိတဲ့အပြင် တစ်ယောက်ထိုင် ထိုင်ခုံ၊ စားပွဲလေးတွေနဲ့ သေချာ စီရီပေးထားတာမို့ စာကြမ်းပိုးတွေအတွက် လုံးဝကို ရှယ်ပါပဲ။ 

အင်္ဂလိပ်စာစာအုပ်တွေကိုမှ အမျိုးအစားပေါင်းစုံ စာအုပ်အရေအတွက် မြောက်မြားစွာရှိတာကြောင့် အင်္ဂလိပ်စာ စာဖတ်ဝါသနာအိုးတွေအတွက် အရမ်းကောင်းမွန်တဲ့နေရာတစ်နေရာပါပဲ။ 

 

စာကြည့်တိုက်ဖွင့်ချိန် - အင်္ဂါနေ့မှ စနေနေ့  (နံနက် ၉နာရီမှ ညနေ ၃း၃၀)

*အစိုးရရုံးပိတ်ရက်များပိတ်သည်။

လိပ်စာ - Catholic Church ဝင်ပေါက်မျက်စောင်းထိုး၊ ဗိုလ်အောင်ကျော်လမ်း၊အပေါ်ဘလောက်

ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။ 

ဖုန်းနံပါတ် - ၀၁ ၃၉၂၉၉၀

 

  1. The Japan Foundation

 

ဂျပန်စာလေ့လာသူတွေ၊ ဂျပန်ကာတွန်းကား Anime တွေ၊ Cosplay တွေ၊ ဂျပန်ယဥ်ကျေးမှု၊ သမိုင်း နဲ့ ဘာသာစကားနဲ့ ပတ်သက်တာတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် လေ့လာကြည့်ရှုချင်တယ် ဆိုရင်တော့ The Japan Foundation က သင့်အတွက် အသင့်တော်ဆုံးနေရာပါပဲ။

အဲကွန်းခန်းထဲမှာ စန္ဒယားသံငြိမ့်ငြိမ့်လေးနဲ့ အေးအေးလူလူစာဖတ်လို့ကောင်းတဲ့နေရာပါပဲ။ Weekend ဆိုရင်တော့လူနည်းနည်းများပါတယ်။ မန်ဘာဝင်တာ၊ မန်ဘာကြေးပေးရတာမျိုးမရှိပါဘူး။ ဂျပန်စာ၊ ဂျပန်ကာတွန်း ဝါသနာအိုးလေးတွေအတွက် တစ်ခေါက်တစ်ခါသွားလေ့လာကြည့်သင့်တဲ့ နေရာလေး ပါပဲ။

 

စာကြည့်တိုက်ဖွင့်ချိန် - အင်္ဂါ၊ ကြာသပတေး၊ စနေ 

လိပ်စာ - အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်းနံပါတ် - ၀၁ ၄၃၀၉၂၀

 

  1. Institut Français De Birmanie

 

ပြင်သစ်ယဥ်ကျေးမှူ စာကြည့်တိုက်ပါ။ ပြင်သစ်စာကို လေ့လာနေတဲ့သူတွေအတွက် အထူးသင့်တော် ပါတယ်။ မီးပျက်ချိန်မှာ မီးစက်အပြည့်နှိုးပေးထားပြီး အဲကွန်းလည်းရှိတဲ့အပြင် ဝိုင်ဖိုင်ပါသုံးလို့ရအောင် စီစဥ်ပေးထားပါတယ်။

ယဥ်ကျေးမှုပွဲတွေ၊ ဂီတပွဲတော်တွေ၊စကားဝိုင်းတွေနဲ့ တခြား Activities တွေကိုလည်း ပုံမှန်ပြုလုပ်ပေးနေကြမို့ စိတ်ဝင်စားဖို့ ကောင်းတဲ့နေရာဆိုလည်း မမှားပါဘူး။ စာကြည့်တိုက်အပြင် ပြင်သစ်ဘာသာစကားအတန်းတွေလည်း ဖွင့်လှစ်ပေးထားတာမို့ စိတ်ဝင်စားရင် စုံစမ်းတက်ရောက်လို့ ရပါတယ်။

ဒါတွေအပြင်ထူးခြားချက်ကတော့ P5ဂိမ်းတွေ တပ်ဆင်ပေးထားပြီး VRစက်တွေပါ  ရှိတာပါ။"Culturetheque" လို့ခေါ်တဲ့ E-library တစ်ခုရှိပြီး Microfolie Digital Museum လည်း ရှိပါတယ်။ စာကြည့်တိုက်အသင်းဝင်အဖြစ် လျှောက်ထားချင်တယ်ဆိုရင်တော့ စာကြည့်တိုက်မှူးနဲ့ သွားရောက် တွေ့ဆုံပြီး တစ်ခါတည်း ကိုယ်သိချင်တာတွေကို သွားရောက်စုံစမ်းလျှောက်ထားနိုင်မှာပဲ ဖြစ်ပါတယ်။ 

 

စာကြည့်တိုက်ဖွင့်ချိန် - အင်္ဂါနေ့မှ စနေနေ့ (နံနက် ၉နာရီမှ နေ့လည်၁၂း၃၀) (နေ့လည် ၂နာရီမှ ညနေ ၅း၃၀) (အများပြည်သူရုံးပိတ်ရက်များတွင်ပိတ်သည်။)

လိပ်စာ - အမှတ် ၃၄၀၊ ပြည်လမ်းမကြီး၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းအဝိုင်းမှတ်တိုင်အနီး။

ဖုန်းနံပါတ် - ၀၉ ၄၀၆၅၉၆၆၁၁

 

  1. British Council

 

BC စာကြည့်တိုက်ကတော့ အထူးသဖြင့် IELTS ကိုလေ့လာနေကြတဲ့သူတွေ အတွက်အထူးသင့်တော် ပါတယ်။ IELTS နဲ့ပတ်သက်တဲ့ Self-Study စာအုပ်တွေ၊ Practice Book တွေအများကြီးရှိပါတယ်။ တစ်ခြားတစ်ခြားသော အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့စာအုပ်တွေလည်း Category အလိုက်အစုံအလင် ရှိတာမို့ စာအုပ်ငှားလို့ကောင်းတဲ့ နေရာတစ်ခုလို့လည်း ပြောလို့ရပါတယ်။

စာကြည့်တိုက်ကို သွားမယ်ဆိုရင်တော့ အသင်းဝင်ကတ် (သို့) မှတ်ပုံတင် (သို့) ပတ်စ်ပို့တ်ယူဆောင် သွားရပါမယ်။ အသင်းဝင်ကတ်အတွက် မန်ဘာဝင်ကြေးကတော့ တစ်နှစ်လုံးစာကို ၄၀,၀၀၀/-ကျပ်ပါ။ စာကြည့်တိုက်မှာ လူကိုယ်တိုင်သွားပြီး အသင်းဝင်ကတ်ပြုလုပ်နိုင်သလို အွန်လိုင်းကနေလည်း ဖောင်ဖြည့်ပြီး AYA Bank Acc (or) AYA Pay နဲ့ ငွေသွင်းပြီး ပြုလုပ်လို့ရပါတယ်။

 

စာကြည့်တိုက်ဖွင့်ချိန် - တနင်္လာနေ့မှ သောကြာနေ့ (နံနက် ၉နာရီမှ ညနေ ၄း၃၀)

လိပ်စာ - အမှတ် ၇၈၊ ကမ်းနားလမ်း၊ရန်ကုန်။

ဖုန်းနံပါတ် - ၀၁ ၃၇၀၉၃၃

 

  1. American Center Yangon

 

စာအုပ်တွေကို စုံစုံလင်လင်ဖတ်လို့ရတဲ့အပြင် Laptop,ipad,imac, Chromebook စတဲ့ Digital Products တွေကို တစ်နေရာတည်းမှာ အစုံသုံးလို့ရတာ American Center စာကြည့်တိုက်ပါ။ အသင်းဝင်ကြေး ကလည်းတစ်နှစ်လုံးကိုမှ မြန်မာငွေ ၅၀၀၀/-ကျပ်ပဲဆိုတော့ တော်တော်တန်တယ် ပါတယ်။

အပြင်က ကိုယ်ပိုင် Laptop ယူသွားလို့တော့မရပါဘူး။ စာကြည့်တိုက်ထဲကဟာကိုပဲ သုံးခွင့်ရှိပါတယ်။ နေ့လည် ၁၂နာရီဆိုလည်း အဆာပြေမုန့်ကျွေးသေးတာပါ။ မန်ဘာဝင်မယ်ဆို မှတ်ပုံတင်မိတ္တူပေး၊ ဖောင်ဖြည့်၊ ငွေသွင်း၊ ကောင်တာမှာဓာတ်ပုံရိုက်ပြီး ဝင်ရမှာပါ။စာကြည့်တိုက်က ဝင်ခွင့်လူဦးရေ ကန့်သတ်ထားတာမို့ မန်ဘာမဟုတ်ဘူးဆိုရင်တော့ သွားချင်ရင် American Center Yangon ရဲ့ Facebook Page မှာ ကြိုတင်စာရင်းပေးသွင်းထားဖို့ လိုအပ်ပါတယ်။ အဲကွန်းကတော့ ပြောစရာမလို အောင်ကို ရှယ်အေးပါ။

 

စာကြည့်တိုက်ဖွင့်ချိန် - အင်္ဂါ၊ကြာသပတေး၊စနေ (နံနက် ၉နာရီမှ ညနေ ၄နာရီ)

လိပ်စာ - တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားလမ်းထောင့် မီးပွိုင့်ဆုံတဲ့ထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

ဖုန်းနံပါတ် - ၀၁ ၉၃၄၅၄၉၀

 

Knowledge Latest Post Read 2304 times