Sales Hotline : 09448001653    



မိတ်ကပ်အထူးပြုလုပ်ချက်ဆိုင်ရာ ဝါသနာပါသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်း (၈) ကား

 

ရုပ်ရှင်ဇတ်ကားတစ်ကား ဖန်တီးတဲ့နေရာမှာ မိတ်ကပ်ပညာရှင်များရဲ့ အထူးပြုလုပ်ချက်များကလည်း အရေးပါတဲ့ ကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။ ခေတ်အဆက်ဆက် ဇာတ်ကားကောင်းတွေကို ထုတ်လုပ် ရိုက်ကူးတဲ့အခါ နည်းပညာတွေ တိုးတက်လာတာနဲ့အတူ သဘာဝဆန်ဆန် အထူးပြုလုပ်ချက်တွေကလည်း ကျရာဇတ်ရုပ်ကို တက်နိုင်သမျှ လက်တွေ့ကျကျ ရုပ်လုံးပေါ်ဖို့အတွက် ၄င်းတို့ရဲ့ ပညာရပ်ကို စဥ်ဆက်မပြတ် ဆန်းသစ် တီထွင်နေရပါတယ်။ 

 

အခုတစ်ခါမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) ကနေစတင်ပြီး  ခေတ်အဆက်ဆက်မှ မိတ်ကပ်ပညာ၊ အထူးပြုလုပ်ချက်များနှင့် ပတ်သက်ပြီး နာမည်ကြီးတဲ့ ရုပ်ရှင်ဇာတ်ကားကောင်း (၈) ကားကို ဖော်ပြပေးလိုက်ပါတယ်။  

သင်က မိတ်ကပ်ပညာနဲ့ အထူးသဖြင့် မိတ်ကပ်အထူးပြုလုပ်ချက် ပညာပိုင်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုမယ့်သူတစ်ယောက်ဆိုရင်တော့ ဒီကားတွေကို မဖြစ်မနေ ကြည့်ကြည့်လိုက်ပါနော်။  

 

1. Westworld (2016)

 

HBO က တင်ဆက်ထားတဲ့ မင်းသမီးချော Evan Rachel Wood ပါဝင် သရုပ်ဆောင်ထားတဲ့ ဒီကားဟာ မိတ်ကပ်၊ ခြေတု၊ လက်တု၊ ဆံပင်တုနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ ကားများထဲက တစ်ကားအပါအဝင် ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ရဲ့ တက်တူးဖုံးတာကစ စီးရီးတစ်လျှောက် ဝတ်ဆင်ထားတဲ့ ဆံပင်တု၊ သွေးနဲ့ ဦးချို၊ အစွယ်စတဲ့အရာတွေအထိ သေသေသပ်သပ်နဲ့ ပြင်ဆင်ချယ်သပေးထားတာကို တွေ့ရမှာပါ။ အကယ်ဒမီဆုများကြောင့် နာမည်ကြီးလာတဲ့ မိတ်ကပ်ပညာရှင် Christien Tinsley က ဒီကားမှာ သိပ္ပံစိတ်ကူးယဥ် အနာဂတ်ကာလမှာ ရှိတဲ့ ပုံစံများ နဲ့ ခေတ်ကာလ လက်ရာတွေကို သေသပ်စွာ ပေါင်းစပ် ပုံဖော်ပေးထားတာပဲ ဖြစ်ပါတယ်။

 

2. Bombshell (2019) 

 

၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Bombshell ရုပ်ရှင်ကားဟာဆိုရင် တိကျသေသပ်တဲ့ မိတ်ကပ် အထူးပြုလုပ်ချက်တွေကြောင့် အကယ်ဒမီဆုရ ရှိထားတဲ့ Kazu Hiro ရဲ့ လက်ရာတွေဟာ ပရိသတ်အားလုံးကို အံ့အားသင့်စေခဲ့ရပါတယ်။ နာမည်ကြီးအချောအလှ ဒိတ်ဒိတ်ကျဲ မင်းသမီးတွေဖြစ်ကြတဲ့ Charlize Theron , Nicole Kidman နဲ့ Margot Robbie တို့ အပြိုင်ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာ မင်းသမီးများရဲ့ သိမ်မွေ့လှပပြီး ချောမောလှတဲ့ ဇာတ်ကောင်များကို ပုံဖော်ထားတာမှာလည်း အံ့ဩမှင်သက်စရာပါပဲ။ 

 

3. Mad Max : Fury Road (2015)

 

Mad Max ရဲ့ လေးကားမြောက် ဇာတ်ကားဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ထွက်ရှိထားတာပါ။ ကမ္ဘာကြီးက လက်တွေ့ဆန်ပေမယ့်လည်း စိတ်ကူးယဥ်စရာ အကြောင်းအရာတွေ ကျန်ရှိနေတာကို မိတ်ကပ်အထူးပြုလုပ်ချက် ပညာရှင် Lesley Vanderwalt က ဒီကားမှာ အံ့ဩဖွယ် ကောင်းလောက်အောင် ချပြသွားတာပါ။ သင်က အက်ရှင်ဇာတ်ကားတွေကိုလည်း အထူးကြိုက်နှစ်သက်တယ် မိတ်ကပ်ဖန်တီးချက်တွေကိုလည်း လေ့လာချင်တယ်ဆိုရင်တော့ ဒီကားကို မဖြစ်မနေ ကြည့်ရှုလိုက်ပါ။ 

 

4. The Revenant (2015)

 

ကမ္ဘာကျော် နာမည်ကြီးသရုပ်ဆောင် မင်းသားကြီး လီယိုနာဒို ပါဝင်သရုပ်ဆောင်ထားတဲ့ ထိပ်တန်းဇာတ်ကားကောင်း တစ်ကားပါ။ Survival Adventure ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ဒီဇာတ်ကားမှာဆိုရင် သရုပ်ဆောင်တွေရဲ့ ကြိုးစားအားထုတ်မှု၊ ထုတ်လုပ်သူတွေရဲ့ အမြောက်အမြား ကုန်ကျစရိတ်၊ ရုပ်ရှင်တစ်ဖွဲ့သားလုံး အပင်ပန်းခံအားထုတ်မှုတွေကို အသေအချာလေး တွေ့မြင်နိုင်ပါတယ်။ မိတ်ကပ် ပြုလုပ်ချက်တွေနဲ့ ဒစ်ဂျစ်တယ် Effect တွေ ပေါင်းစပ်ထားပုံကလည်း သဘာဝကျပြီး အသက်ဝင်လှပါတယ်။ ခြေတု၊ လက်တုနဲ့ မိတ်ကပ်အထူးပြုလုပ်ချက် သင်တန်းတွေမှာ သင်ကြားပို့ချပေးတဲ့ နည်းပညာတွေကို အသုံးပြုထားတယ်လို့ နာမည်ကြီး မိတ်ကပ်အထူးပြုလုပ်ချက် ပညာရှင်တစ်ဦးကလည်း ပြောကြားထားပါတယ်။ 

 

5. Jurassic Park 

 

“Next Level” လို့ ခေါ်ရလောက်တဲ့ လက်တွေ့ နဲ့ ဒစ်ဂျစ်တယ် effect တွေကို ပေါင်းစပ်ချပြထားတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကောင်းကို ပြပါဆိုရင် Jurassic Park ဇာတ်ကားတွေကလည်း သေချာပေါက်ကို ပါဝင်နေပါတယ်။ အားလုံးလည်း သိပြီးလောက်ဖြစ်မယ့် နာမည်ကြီး ဇာတ်ကားတွေ ပါ။ အထူးပြုလုပ်ချက်ပညာရှင် Stan Winston ရဲ့ လက်ရာတွေကို တဝကြီး ကြည့်ရှုနိုင်ပါတယ်။


 


 

6. Death Becomes Her (1992)

 

၁၉၉၃ ခုနှစ်မှာ Best Visual Effects နဲ့ အော်စကာဆုရခဲ့တဲ့ ဇာတ်ကားပါ။ ဟောလီးဝုဒ်ရဲ့ နာမည်ကြီး ဒိတ်ဒိတ်ကြဲ သုံးယောက်ဖြစ်တဲ့ Meryl Streep, Goldie Hawn နဲ့ Bruce Willis တို့ အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားရဲ့ Visual Effect တွေ၊ မိတ်ကပ်ပညာတွေက တကယ်ကို သေသပ် ပြောင်မြောက်လွန်းလှပါတယ်။ ၁၉၉၀ ခုနှစ်ဝန်းကျင်မှာ တော်တော်လေးကို နာမည်ကြီးခဲ့တဲ့ ဇာတ်ကားပါပဲ။

 

7. Beetlejuice (1988)

 

သင်က သရဲကားတွေကိုလည်း ကြိုက်နှစ်သက်တယ်၊ ရုပ်ရှင်အထူးပြုလုပ်ချက်တွေကိုလည်း လေ့လာချင်တယ်ဆိုရင် ဒီကိုကြည့်ဖို့ ညွှန်းပါတယ်။ ၁၉၈၈ ခုနှစ်မှာ ရိုက်ကူးထားတဲ့ ကားဖြစ်ပေမယ့် အတော်လေး လက်ရာ သေသပ် ပြောင်မြောက်ပြီး အများကြီး လေ့လာသင်ယူလို့ရတဲ့ ကားပါပဲ။ နာမည်ကြီး မိတ်ကပ်အထူးပြုလုပ်ချက်ပညာရှင် Ve Neill ရဲ့ သေသပ်လှတဲ့ ပညာရပ်တွေနဲ့အတူ “Best Horror Film” ဆုကိုပါ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

 

8. Amadeus (1984)

 

မိတ်ကပ်အထူးပြုလုပ်ချက်များအပြင် ကျွမ်းကျင်တဲ့ ဆံပင်တုပြုလုပ်ခြင်းနှင့် ဝတ်စုံဒီဇိုင်းတွေပါ လေ့လာခွင့်ရမယ့် ၁၉၈၄ ခုနှစ်က ထွက်ရှိထားတဲ့ နာမည်ကြီး ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းမှာ သုံးနာရီကျော် ကြာမြင့်ပြီး ပထမနာရီဝက် တစ်နာရီလောက်မှာ အနည်းငယ် ပျင်းရိဖွယ် ကောင်းနိုင်ပေမယ့် ဇာတ်ကောင်းတွေရဲ့ အချင်းချင်း ချိတ်ဆက်မှုကို နားလည် သဘောပေါက်လာတဲ့အခါ အတော်ကောင်းတဲ့ ဇာတ်ကားလို့ ခံစားမိလာစေမှာပါ။ ၁၉၈၀ ခုနှစ်ဝန်းကျင်ရဲ့ မိတ်ကပ်ပညာတွေကို အထူးခံစားရင်း ဂီတပညာလောကမှာ ပါရမီအထူးဆုံးနဲ့ နာမည်အကျော်ကြားဆုံး ပညာရှင်ကြီး မိုးဇာတ်ရဲ့ ဘဝဇာတ်ကြောင်းကို လေ့လာကြည့်ဖို့ အကြံပေးချင်ပါတယ်။  

 

Knowledge Latest Post Read 559 times