Sales Hotline : 09448001653       Download App



၂၀၂၃ ခုနှစ်မှာ သင့်ကိုစာပိုဖတ်ဖြစ်စေမယ့် နည်းလမ်းများ

 

 

၂၀၂၃ ခုနှစ်မှာ သင့်အတွက် ဘာအစီအစဥ်တွေ ချမှတ်ပြီးပြီလဲ။ ဘာတွေလုပ်မယ်လို့ ဆုံးဖြတ်ပြီးပြီလဲ သင့်ရဲ့ အချိန်ဇယားထဲမှာ မဖြစ်မနေထည့်သင့်တဲ့ Target Goal တစ်ခုကတော့ စာဖတ်ခြင်းပါ။ စာဖတ်ခြင်းက သင့်အတွက် အကျိုးကျေးဇူးကောင်းတွေကိုပဲရရှိစေမှာပါ။ 

 

သင်က စာဂျပိုးလေးပဲဖြစ်ဖြစ်၊ အခုမှစာအုပ်စဖတ်မယ့်သူပဲဖြစ်ဖြစ်၊ စာဖတ်ပျင်းတဲ့သူပဲ ဖြစ်ဖြစ် ဒီ ၂၀၂၃ ခုနှစ်မှာတော့ ကိုယ့်အတွက် အကျိုးရှိစေမယ့် အရာတွေကို အမိအရဖမ်းဆုပ်လိုက်ပါ။ ဒါကြောင့် စာအုပ်တွေကို ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ဆို ပိုဖတ်ဖြစ်မယ်ဆိုတာကို ဒီတစ်ခါမှာ ဖော်ပြပေးလိုက်ပါတယ်။ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို လုပ်ဆောင်သွားကြည့်မယ်ဆိုရင်တော့စာဖတ်ခြင်းက သင့်အတွက် ဝါသနာတစ်ခုလိုဖြစ်လာပြီး ပုံမှန်အချိန်လေးပေးနိုင်လာပါလိမ့်မယ်။

 

  • သွားလေရာ စာအုပ်တစ်အုပ် အမြဲဆောင်သွားပါ

 

ဘယ်နေရာသွားသွား သင်ဖတ်လက်စစာအုပ် ဒါမှမဟုတ် သင်ဖတ်ချင်တဲ့စာအုပ်ကို အမြဲယူသွားပါ။ သူငယ်ချင်းနဲ့ ချိန်းပြီး ကော်ဖီဆိုင်မှာ စောင့်တာပဲဖြစ်ဖြစ်၊ ကားပေါ်မှာပဲဖြစ်ဖြစ် စာအုပ်ဖတ်တဲ့အကျင့်ကို လုပ်ကြည့်ပါ။ အစပိုင်းမှာ ကြောင်တောင်တောင် နိုင်တာမျိုး ဖြစ်နိုင်ပေမယ့် နောက်ပိုင်းကျရင်တော့ သင့်အတွက် ရတဲ့အချိန်လေးကို အကျိုးရှိအောင် အသုံးချတတ်စေသွားမှာပါ။

 

  • Audio Books တွေကိုအကျိုးရှိရှိ အသုံးချပါ

 

စာအုပ်မသယ်ချင်တဲ့ အချိန်မျိုး၊ စာအုပ်ကိုင်ပြီး ဖတ်လို့ အဆင်မပြေတဲ့ အချိန်မျိုးမှာ စာဖတ်ဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ Audio Book တွေပါပဲ။ အခုဆိုရင် Audio Book တွေလည်း တော်တော်ခေတ်စားလာတဲ့ အခြေအနေကို ရောက်နေပြီ ဖြစ်တဲ့အတွက် ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို Online မှာ အလွယ်တကူရှာဖွေနိုင်မှာပါ။ ရတဲ့နေရာမှာ ရသလို စာဖတ်နိုင်ဖို့ရာက Audio Book တွေက ပိုပြီးတောင် အဆင်ပြေနေပါသေးတယ်။

 

  • သင့်ရဲ့ စာဖတ်နှုန်းကို မှတ်တမ်းတင်ထားပါ

 

သင်တစ်နေ့ကို စာဘယ်လောက်ဖတ်ဖြစ်တယ်၊ တစ်ပတ်ကို စာအုပ်ဘယ်နှစ်အုပ်ပြီးတယ်၊ ဖတ်ပြီးသား စာအုပ်တွေက ဘယ်နှစ်အုပ်ရှိပြီ၊ စာအုပ်နာမည်တွေက ဘာတွေလဲ စတာတွေကို မှတ်တမ်းတစ်ခု ယူထားပါ။ ကိုယ်ဖတ်ပြီးခဲ့တာတွေကို မှတ်တမ်းတစ်ခုအနေနဲ့ ထိန်းသိမ်းထားခြင်းကလည်း  သင့်အတွက် စာပိုဖတ်ဖြစ်ဖို့ စိတ်ဓာတ်ခွန်အားတွေ ရရှိစေမှာပါ။ 

 

  • စာဖတ်ကလပ် (သို့) မိတ်ဆွေရှာပါ

 

ဘောလုံးကန်ချင်ရင် ဘောလုံးကွင်းထဲသွား၊ ဂိမ်းဆော့ချင်ရင် အဖော်ရှာရသလို စာအုပ်ဖတ်ခြင်းကလည်း တစ်ယောက်တည်း ဖတ်ဖြစ်တာထက် ကိုယ်နဲ့ ဝါသနာတူ စာဖတ်မိတ်ဆွေနဲ့ ပညာရပ်၊ ဝါသနာ၊ အတွေ့အကြုံအချင်းချင်း နှီးနှောဖလှယ်ရင်း ဖတ်တာက ပိုပြီး အကျိုးရှိစေသလို လိုရာခရီးလည်း ပိုရောက်စေပါတယ်။ သင့်ရဲ့ စာဖတ်နှုန်းကိုလည်း ပိုပြီး တိုးတက်စေလာမှာ အမှန်ပါပဲ။

                                                   Click Here > EVER Plastic

  • Target Goal တစ်ခုသတ်မှတ်ပါ

 

ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ။ အချိန်တစ်ခု သတ်မှတ်ကြည့်ပါ။ စာဖတ်ချိန်ကို ကိုယ့်ရဲ့ တစ်နေ့တာ အားလပ်ချိန်ထဲက တစ်နာရီပဲဖြစ်ဖြစ် နာရီဝက်ပဲဖြစ်ဖြစ် ပေးမယ်လို့ စိတ်ကူးထားရင် သေချာပေါက် အချိန်ပေးဖြစ်အောင်ပေးပါ။ ဒါကလည်း သင့်ကို Comfort Zone ထဲက ရုန်းထွက်စေပြီး သေချာပေါက် စာအုပ်တွေများများ ပိုဖတ်လာနိုင်ဖို့ ခွန်အားတွေ ပေးပါလိမ့်မယ်။

 

  • Book Date လုပ်ပါ

 

သင့်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ကောင်လေး၊ ကောင်မလေးတွေနဲ့ တွေ့ဖို့ဆုံဖို့ ချိန်းထားသလိုပါပဲ။ စာအုပ်တွေကိုလည်း သက်ရှိသဖွယ် အချိန်ပေးပြီး ဒိတ်ကြည့်ပါ။ သင်ဖတ်မယ်လို့ ရွေးချယ်ထားတဲ့ စာအုပ်စာရင်းထဲက တစ်အုပ်အုပ်ကို သေချာပေါက် အချိန်ပေးပြီး ဒိတ်ကြည့်ပါ။ စာအုပ်တွေကို ရှောင်မပြေးမိပါစေနဲ့။ 



 

  • မြင့်လွန်းတဲ့စာအုပ်တွေ Challenge လုပ်ခြင်းကိုရှောင်ပါ

 

စာဖတ်တဲ့နေရာမှာ ဘာစာအုပ်ကြီးမှ၊ ဘယ်စာရေးဆရာမှ၊ ဘာဆုတွေရထားတဲ့စာအုပ်မှ၊ ဘယ်သမိုင်းဝင်မှ စတဲ့ Challenge အမြင့်ကြီးတွေနဲ့ စာအုပ်ရွေးချယ်ခြင်းကို အထူး ရှောင်ရှားစေလိုပါတယ်။ Challenge အမြင့်ကြီးတွေ သတ်မှတ်တာက သင့်ကို Stress အကြီးကြီး ဖြစ်စေပါလိမ့်မယ်။ 

ကိုယ်ဝါသနာပါတဲ့ နယ်ပယ်က စာပေအမျိုးအစားမျိုးကိုပဲ ပေါ့ပေါ့ပါးပါး စဖတ်ကြည့်ပါ။ တစ်ဆင့်ချင်းစီသွားပါ။ စူးစမ်းလေ့လာမှုများအရ စာဖတ်ခြင်းကို စိတ်ဖိစီးမှု မရှိပဲ ဖတ်နိုင်တဲ့အခါ အာရုံစူးစိုက်မှုအားကို ကောင်းမွန်စေပြီး စာကိုလည်း မြန်မြန်ဆန်ဆန် ဖတ်ရှုစေနိုင်တယ်လို့ တွေ့ရှိရပါတယ်။

 

  • အချိန်ကုန်မခံပါနဲ့

 

ကိုယ်ဖတ်နေတဲ့စာအုပ်ကို ဖတ်ရင်းနဲ့ အလယ်လောက်ကျမှ စာအုပ်ရဲ့ဆိုလိုရင်းကိုလည်းမသိ၊ ဇာတ်လမ်းကျောရိုးကိုလည်း နားမလည်မသိ၊ငါဘာဖြစ်လို့ ဒီစာအုပ်ကြီးကို ဖတ်နေရတာပါလိမ့်လို့တွေးမိလာရင် ဖတ်နေတဲ့စာအုပ်ကို ချက်ချင်းပဲ ရပ်တန့်ပစ်လိုက်ပါ။ ဆက်မဖတ်ပါနဲ့တော့။ 

ကိုယ်စိတ်မဝင်စားတဲ့ စာအုပ်ကို အချိန်ပေးပြီး အတင်းဇွတ်ကြီး ဖတ်နေရတာက မလိုအပ်တဲ့ အချိန်တွေ၊ စွမ်းရည်တွေကို ဖြုန်းတီးပစ်ရာ ရောက်စေပါတယ်။ ကိုယ့်အတွက် စိတ်ဝင်စားမှု မရှိစေတဲ့ စာအုပ်တွေကို ရဲရဲဝင့်ဝင့် ပစ်ချထားခဲ့လိုက်ပါ။

 

  • တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပါ

 

စာဖတ်ဖို့အတွက် အရေးအကြီးဆုံးထဲက တစ်ခုကတော့ တိတ်ဆိတ်တဲ့နေရာပါ။ စာဖတ်သူတွေအနေနဲ့ စာကို သေချာမဖတ်ဖြစ်ဘူးဆိုတာက တကယ်တမ်းတော့ စာဖတ်တဲ့အချိန်မှာ အပြည့်အဝ အာရုံစူးစိုက်လို့ မရနိုင်တဲ့ အနှောင့်အယှက်တွေ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ စာကို အာရုံစူးစိုက်မှု အပြည့်နဲ့ ဖတ်ချင်သူတွေအတွက် အနည်းဆုံး နာရီဝက်လောက်ဖြစ်ဖြစ် ကိုယ့်ကို အနှောင့်အယှက်မပြုနိုင်မယ့် စာဖတ်နိုင်တဲ့ ပတ်ဝန်းကျင်လေးတစ်ခု ဖန်တီးသင့်ပါတယ်။

 

Knowledge Latest Post Read 604 times