Sales Hotline : 09448001653       Download App



စာအုပ်တွေကို ဈေးအသက်သာဆုံး နဲ့ အလွယ်တကူဖတ်ရှုနိုင်မယ့် နည်းလမ်းများ

 

စာဖတ်တာက လူတိုင်းအတွက် စိတ်အပန်းဖြေရာလည်း ရောက်သလို ဗဟုသုတလည်း ရပါတယ်။ စာဖတ်ဂျပိုးလေးတွေအတွက်ကတော့ စာအုပ်တွေဆိုတာ ဖတ်ပြီးရင်ဖတ်ချင် ဝယ်မလောက်ပါပဲ။

 

ဒါကြောင့် ဒီတစ်ခါမှာ စာအုပ်တွေကို အသက်သာဆုံးနည်းလမ်းနဲ့ ဘယ်လိုဖတ်မလဲဆိုတာကို Education Guide ရဲ့ စာဖတ် ပရိသတ်ကြီးအတွက် ပြောပြပေးချင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းများကတော့ စာဂျပိုးလေးအတွက် အများကြီး အသုံးဝင်စေမှာ အမှန်ပါပဲ။

 

1.တစ်ပတ်ရစ်စာအုပ်များကိုဝယ်ယူပါ

 

ပိုက်ဆံအများကြီးမကုန်ပဲ ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို ရယူနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းကတော့ တစ်ပတ်ရစ်စာအုပ်များကို ဝယ်ယူခြင်းပါပဲ။ စာအုပ်လည်း ကိုယ့်အပိုင်ဖြစ်ပြီး ကိုယ်စုချင်တဲ့ စာအုပ်တွေကို စုဆောင်းထားဖို့ရာ အသက်သာဆုံးနည်းလမ်းပါ။ စာအုပ်အများစုမှာ စာဖတ်သူအချင်းချင်း ပြန်ရောင်းတာမို့လို့ တစ်ချို့စာအုပ်တွေဆို အသစ်နီးပါးကို Secondhand ဈေးနဲ့ရရှိနိုင်ပါတယ်။

ယနေ့ခေတ်မှာတော့ စာအုပ်ဟောင်းရောင်းတဲ့ စာအုပ်တန်းတွေ မြို့ထဲမှာရှိသလိုလိုင်းပေါ်မှာ စာအုပ်ဟောင်းရောင်းတဲ့ Page တွေလည်း ရှိတာမို့ ကိုယ်ကတော့ ဘယ်နေရာတွေမှာဘယ်လိုရောင်းတတ်လဲ လေ့လာထားဖို့တော့ လိုပါမယ်နော်။

 

2. စာအုပ်ဆိုင်တွေမှာ အချိန်ဖြုန်းပါ

 

အခုဆိုရင် စာအုပ်ဆိုင် တော်တော်များများမှာ စာဖတ်လို့ရတဲ့ နေရာလေးတွေ၊ ခုံလေးတွေ ချပေးထားတတ်ပါတယ်။ ကိုယ်ဝယ်ချင်တဲ့ စာအုပ်လည်း ဝယ်ရင်း နောက်ထပ် ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို ဆိုင်မှာ အချိန်ပေးပြီး ထိုင်ဖတ်တာကလည်း ကိုယ့်အတွက် Budget Save လုပ်ရာရောက်ပါတယ်။

တစ်ချို့ဆိုင်များမှာ အေးအေးဆေးဆေးစာဖတ်လို့ကောင်းတဲ့‌ နေရာတွေ ထားပေးထားပြီး ကော်ဖီပူပူလေးပါ မှာယူသုံးဆောင်လို့ရပါသေးတယ်။ စာအုပ်ဆိုင်မှာ အချိန်ဖြုန်းခြင်းကလည်း စာဂျပိုးလေးတွေအတွက် တကယ့်ကို နိဗ္ဗာန်ဘုံတစ်ခုပါပဲ။

 

3. စာကြည့်တိုက်ကတ်လုပ်ထားပါ

 

စာအုပ်တွေကို အသက်သာဆုံးနဲ့ အလွယ်ကူဆုံးဖတ်ရှုနိုင်မယ့် နည်းလမ်းကတော့ စာကြည့်တိုက်မှာ သွားရောက်ဖတ်ရှုခြင်းပါ   ဒါမှမဟုတ်   စာကြည့်တိုက်က   စာအုပ်ငှားဖတ်ခြင်းပါ။   စာအုပ်ရွေးချယ်စရာလည်း စုံသလို တိတ်တိတ်ဆိတ်ဆိတ်နဲ့ စာဖတ်လို့ကောင်းတဲ့ နေရာတစ်ခုပါပဲ။

ကိုယ်သွားလို့ အဆင်ပြေမယ့် စာကြည့်တိုက်ကို ရွေးပြီး စာကြည့်တိုက်ကတ်လုပ်ထားပါ။ အခုချိန်ဆို စာအုပ်တွေ ဈေးကြီးနေပြီဖြစ်တဲ့အတွက် ကိုယ်ဖတ်ချင်တဲ့စာအုပ်က စာကြည့်တိုက်မှာရှိမရှိကတော့ အရင် လေ့လာထားဖို့လိုပါမယ်။ 

 

4. စာအုပ်မိတ်ဆွေများနှင့် စာအုပ်ဖလှယ်ပါ

 

ကိုယ့်မှာ စာဖတ်မိတ်ဆွေတွေ၊ ကိုယ့်လိုစာဂျပိုးသူငယ်ချင်းတွေ ရှိတယ်ဆိုရင်တော့ သင်ကံကောင်းပါပြီ။ စာအုပ်တွေကို အကုန်လုံးလိုက်ဝယ်စရာမလိုပဲ သက်သက်သာသာနဲ့ ဖတ်ရှုနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။ သူ့ဆီကစာအုပ်ကိုယ့်ဆီလဲ၊ ကိုယ့်ဆီကစာအုပ်သူ့ဆီငှား လဲလှယ်ဖတ်ရှုလို့ရတာကိုက အတော်လေးအဆင်ပြေနေပါပြီ။

အထူးသဖြင့် လူကြီးတွေ၊ ကိုယ့် အဖိုး၊အဖွား၊ ဦးလေးအရွယ်တွေဆီမှာ စာအုပ်ကောင်းတွေ၊ အဖိုးတန်စာအုပ် အဟောင်းတွေ ရှိတတ်ပါတယ်။ စာဖတ်ရတာ ဝါသနာပါပြီး စာအုပ်တွေစုဆောင်းရတာကြိုက်တဲ့ လူကြီးတွေနဲ့ ခင်မင်မှုရထားရင်တော့ ကိုယ့်အတွက်ရတနာပါပဲနော်။

 

5. E Books, Audio Books တွေကို ရွေးချယ်ပါ

 

တော်တော်များများ သိပြီးသားဖြစ်တဲ့ E Books နဲ့ Audio Books တွေပါ။ အခုခေတ်မှာ စာအုပ်တော်တော်များများကို online ပေါ်ကနေ အလွယ်တကူ အခမဲ့ ဖတ်ရှုလို့ရနေပါပြီ။ E books တွေရဲ့အားသာချက်ကတော့ စာအုပ်အလေအလွင့်နည်းခြင်း၊ ငွေကြေးသက်သာခြင်း၊ အလွယ်တကူ ဖုန်းနဲ့လိုင်းရှိရုံနဲ့ ဖတ်နိုင်ခြင်း၊ Eco Friendly ဖြစ်ခြင်း၊ ထိန်းသိမ်းရလွယ်ကူခြင်းတို့ပဲဖြစ်ပါတယ်။ 

ဒါပေမယ့် လိုင်းပေါ်ကတစ်ဆင့် ဖတ်ရှုရတာ Electronic Devices တွေကို အသုံးပြုပြီး ဖတ်ရတာဖြစ်တဲ့အတွက် အချိန်ကြာမြင့်ရင် အာရုံကြောထိနိုင်တဲ့အတွက် Screen time လေးတော့ သတိထားပြီး သတ်သတ်မှတ်မှတ်ပေးဖို့လိုပါတယ်။ 

Audio Books တွေလည်း ထိုနည်းတူပါပဲ။ အထူးသဖြင့် စာအုပ်ကို အချိန်ကြာကြာကိုင်ပြီး ဖတ်ဖို့ အဆင်မပြေတဲ့သူတွေအတွက် Audio Booksတွေက အသက်သာဆုံး နဲ့ အလွယ်ကူဆုံး စာဖတ်နိုင်မယ့် နည်းလမ်းပါပဲ။ အခုဆိုရင် Audio Books တွေက မြန်မာနိုင်ငံမှာလည်း ခေတ်စားလာတာကို တွေ့ရှိရမှာပါ။ 

 

6. စာအုပ်ဆိုင်တွေနဲ့ အဆက်အသွယ်မပြတ်အောင်နေပါ

 

အခုလို အခြေအနေမျိုးမှာ ကိုယ်လိုချင်တဲ့စာအုပ်တွေကို ဈေးသက်သက်သာသာ နဲ့ ရရှိနိုင်ဖို့ရာ ကိုယ်သွားနေကျဖြစ်တဲ့ စာအုပ်ဆိုင်တွေ၊ စာအုပ်တိုက်တွေကို အမြဲလိုလို စောင့်ကြည့် သင့်ပါတယ်။ စာအုပ်ဆိုင်တွေရဲ့ Facebook Page တွေကို Follow လုပ်ထားပါ။ ဘယ်စာအုပ်ဆိုင်က ဘယ် Promotion ရှိတယ်။ ဘယ်စာအုပ်အရောင်းပွဲတော်မှာပါတယ်။ မဲဖောက်ပေးတယ်။ စာအုပ်တွေ Give away ပေးနေတယ်၊ Sales ချနေတယ် စတဲ့ အခွင့်အရေးတွေကို စာဖတ်ချစ်သူတစ်ယောက် အနေနဲ့ လုံးဝလုံးဝ လက်လွှတ်ခံလို့ မဖြစ်ပါဘူးနော်။ ဒါက ကိုယ်လိုချင်တဲ့ စာအုပ်တွေကို အသက်သာဆုံး နည်းလမ်းနဲ့ ရရှိနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။

 

Knowledge Latest Post Read 750 times