Sales Hotline : 09448001653       Download App



အမေ့သန်လွန်းသူများအတွက် မှတ်ဉာဏ်ကောင်းစေဖို့ လိုက်နာသင့်သည့်အချက် (၅) ချက်

 

မိမိ အိမ်သော့ဘယ်နားထားမှန်း မသိဖြစ်နေပါသလား။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ နာမည်ကို မေ့နေပါသလား။ ဘယ်အရာဖြစ်ဖြစ် ပြောတုန်းခဏပဲ မှတ်မိပြီး ကြာတာနဲ့ မေ့သွားတတ်ပါသလား။ ဒါဆိုရင်တော့ အခုပြောပြသွားမယ့် နည်းလမ်းလေးတွေက သင့်အတွက် သေချာပေါက် အသုံးဝင်မှာပါ။ 

အောက်မှာ ဖော်ပြထားတဲ့ အချက် (၅) ချက်ကို သေချာလေး လိုက်မှတ်ပြီး လုပ်ဆောင်မယ်ဆိုရင်တော့ သင့်ရဲ့ အမေ့သန်လွန်းတဲ့ ပြဿနာလည်း အနည်းနဲ့ အများ ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ 

 

  1. အချက်အလက်သစ်တွေကို မမေ့ဖို့ စိတ်ကူးပုံဖော်ကြည့်ပါ

 

အိမ်လိပ်စာတစ်ခု ဒါမှမဟုတ် ဖုန်းနံပါတ်တစ်ခုကို မှတ်တဲ့နေရာမှာ “ငါ ဒီနေရာကို နောက်တစ်ခါ လာချင်ရင် ဘယ်လိုလာရမလဲ၊ ဒီဖုန်းကို ဆက်ချင်ရင် ဘယ်လိုဆက်ရမလဲ စသည်ဖြင့် အနာဂတ်မှာ ထပ်ပြီးကြုံလာရင် ဘယ်လိုဖြေရှင်းမလဲ ကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကို မှတ်တဲ့နေရာမှာ ပိုပြီး မှတ်ရလွယ်ကူစေပါတယ်။ 

လေ့လာတွေ့ရှိချက်များအရ ဒီနေ့ မှတ်သားလိုက်တဲ့အရာကို အနာဂတ်မှာ ဘယ်လိုအသုံးချမယ်၊ ဘယ်လိုပြန်မှတ်မိအောင်လုပ်မယ်ဆိုပြီး စိတ်ကူးပုံဖော်ကြည့်သူတွေဟာ စိတ်မကူးကြည့်မိသူတွေထက်စာရင် ထိုအရာကို ပိုပြီးမှတ်မိနေတာကို တွေ့ရှိရပါတယ်။ 

 

  1. စာအုပ်ထဲမှာ ချရေးမှတ်ထားပါ

 

အရိုးရှင်းဆုံး နဲ့ အလွယ်ကူဆုံးနည်းလမ်းပါပဲ။ သင်က မှတ်မိလွယ်တဲ့လူတစ်ယောက်ဖြစ်ပါစေ မှတ်ရတာတွေ အရမ်းများလာပြီဆိုရင် ဦးနှောက်ထဲမှာ အစီအစဥ်တကျ မှတ်မိဖို့က မလွယ်ကူလှပါဘူး။ မေ့လွယ်တဲ့သူဆိုရင်တော့ ပိုဆိုးပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အရေးကြီးကိစ္စတွေ၊ အချက်အလက်တွေ လိုက်မှတ်ရတော့မယ်ဆိုရင် စာအုပ်တစ်အုပ် နဲ့ ဘောပင်တစ်ချောင်းသာ ဆောင်ထားလိုက်ပါ။ သင့်အတွက် အကျိုးမယုတ်စေပါဘူးနော်။

 

  1. မှတ်ဉာဏ်ပိုကောင်းစေဖို့ လမ်းလျှောက်ပါ

 

သိပ္ပံပညာရှင်တွေက ဦးနှောက်မှာရှိတဲ့ မှတ်ဉာဏ်ထိန်းပေးတဲ့ အစိတ်အပိုင်း (Hippocampus) ဟာ အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်ပြီး ထိုသို့ကျုံ့သွားခြင်းကို ပြန်ပြင်လို့မရနိုင်တော့လို့ ယူဆခဲ့ကြဖူးပါတယ်။ လေ့လာဆန်းစစ်ချက်အသစ်များအရ ကိုယ်လက်လှုပ်ရှားမှုကိုပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့ခြင်းကို ကာကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာ ပြန်တောင် ချဲ့နိုင်ကြောင်း တွေ့ရှိရပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ အကြာ လေ့ကျင့်ခန်းလုပ်ရုံနဲ့ ဦးနှောက်က မှတ်ဉာဏ်တွေ ပိုမိုကောင်းမွန်လာစေနိုင်မှာပါ။

 

  1. အကြောင်းအရာတွေကို ဇာတ်လမ်းသဖွယ်မှတ်ပါ

 

ရုပ်ရှင်ဇာတ်လမ်းတွေ ကြည့်ပြီးသွားရင် ဇာတ်ကားထဲက မင်းသား၊မင်းသမီး၊ အကြောင်းအရာ တွေကို လူတော်တော်များများက အချိန်တစ်ခုတိုင်အောင် တော်တော်ကြာကြာမှတ်မိတတ်ကြပါတယ်။ အဲဒီလိုပါပဲ အထူးသဖြင့် ဒီနည်းလမ်းကို စာကျက်တဲ့ ကျောင်းသားတွေပိုပြီး အသုံးပြုသင့်ပါတယ်။ ကိုယ်ကျက်လိုက်တဲ့စာကို ဒီတိုင်းစာအတိုင်း ရိုးရိုးကြီးမှတ်တာထက် စိတ်ကူးထဲမှာ ဇာတ်လမ်းတစ်ပုဒ်လို ၊ ရုပ်ရှင်တစ်ကားလို အကြောင်းအရာတွေကို ဆက်စပ်ပြီး စိတ်ကူးပုံဖော်ကြည့်ပါ။ မှတ်ကြည့်ပါ။ ဒါက ပုံမှန်စာကျက်နည်းထက်ပိုပြီး မှတ်မိလွယ်စေတာကို သေချာပေါက် မြင်တွေ့ရမှာပါ။

 

  1. Fast Food တွေကို အတတ်နိုင်ဆုံးရှောင်ပါ

 

ဦးနှောက်ဆဲလ်တွေကို ကာကွယ်ဖို့အတွက် Fast Food တွေစာသုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဥ်ပါ။ အဆီများတဲ့ အဝစာ၊အမြန်စာတွေက အစားများရင် မှတ်ဉာဏ်ကို လျော့နည်းစေပါတယ်။ ထို့အပြင် အချိန်တိုအတွင်းမှာလည်း ဦးနှောက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ အဆီများတဲ့ Fast Food တွေကို အကျွေးခံရတဲ့ အစမ်းသပ်ခံသတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဉာဏ် နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း ၁၅ ရာခိုင်နှုန်း လျော့ကျသွားတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် သင်က Fast Food အစားများတဲ့သူ ဖြစ်နေပြီဆိုရင်တော့ အခုချက်ချင်း ဆင်ခြင်လိုက်ပါတော့နော်။

 

Knowledge Latest Post Read 613 times