Sales Hotline : 09448001653       Download App



ဂျပန်နိုင်ငံသို့ သွားရောက်နိုင်မည့် ဗီဇာများအကြောင်းသိကောင်းစရာ

 

 

ဘယ်နိုင်ငံပဲသွားသွား အရေးအကြီးဆုံးက ဗီဇာပါ ပတ်စ်ပို့တ်ကတော့ မရှိမဖြစ်ပေါ့နော်။ ဒီကာလမှာ ပညာသင်ဖို့၊ အလုပ်လုပ်ဖို့ သွားရောက်ကြတဲ့အထဲမှာ ဂျပန်နိုင်ငံကလည်း ရေပန်းအစားဆုံးနိုင်ငံထဲမှာ ပါဝင်နေတယ်လို့ ပြောရင် လုံးဝမမှားပါဘူး။ ဒါဆို အရေးအကြီးဆုံးဖြစ်တဲ့ ဂျပန်ကို သွားဖို့ ဘယ်လိုဗီဇာတွေရှိလဲ ဘယ်လိုဗီဇာမျိုးတွေနဲ့ သွားလို့ရလဲဆိုတဲ့ အကြောင်းကို အခု ပြောပြပေးသွားမှာပါ။

 

ဂျပန်ကို သွားရောက်နိုင်တဲ့ ဗီဇာ အမျိုးအစား ယေဘုယျအားဖြင့် (၃) မျိုးရှိပါတယ်။

 

  • Work Visa

  • Student Visa 

  • Training Visa တို့ပဲဖြစ်ပါတယ်။


Work Visa

=====

Work Visa မှာတော့ နိုင်ငံခြားသားအလုပ်သမားများ ဂျပန်နိုင်ငံသို့‌ လာရောက်အလုပ်လုပ်ကိုင်နိုင်ပြီး အချို့သော အလုပ်သမားကဏ္ဍများတွင် အလုပ်အကိုင်ကွာဟချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက်ရည်ရွယ်၍ ထုတ်ပေးထားသော ဗီဇာအမျိုးအစားဖြစ်သည်။ လာမယ့် ၂၀၂၅ ခုနှစ်မှာ ဂျပန်အစိုးရအနေနဲ့ ဂျပန်နိုင်ငံသို့ နိုင်ငံခြားသား လုပ်သားပေါင်း ၅ သိန်းဝန်ကျင် လာရောက်လုပ်ကိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ 

 

ဒီဗီဇာကို လျှောက်ထားနိုင်ဖို့အတွက် ဂျပန်စာ အရည်အချင်း N4 Level အထက်ရှိဖို့လိုပါမယ်။ လုပ်ခလစာကတော့ လုပ်ငန်းကျွမ်းကျင်မှု နဲ့ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပါတယ်။ လုပ်ငန်းအမျိုးအစားများ အနေနဲ့ကတော့ ဘိုးဘွားပြုစုစောင့်ရှောက်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊စက်ရုံလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းစတဲ့ လုပ်ငန်းအမျိုးအစား မျိုးစုံရှိတာမို့လို့ ဘာသာစကားကျွမ်းကျင်မှုနဲ့ လုပ်ငန်းကျွမ်းကျင်မှုကို အလေးပေး လုပ်ဆောင်ပြီး သွားမယ်ဆိုရင်တော့ ဝင်ငွေကောင်းတဲ့ အခွင့်အလမ်းလို့ ပြောလို့ရပါတယ်။ 

 

Student Visa

======

နောက်တစ်မျိုးကတော့ Student Visa ပါ။ Student Visa ကတော့ ဂျပန်ဘာသာစကားကျောင်းများ၊ဂျပန်တက္ကသိုလ်များ နှင့် သက်မွေးဝမ်းကျောင်းများတွင် ပညာသင်ယူရန်အတွက် ကျောင်းများမှ လက်ခံတဲ့ ဗီဇာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ကျောင်းသား အနေဖြင့် နေထိုင်ရမည်ဖြစ်ပြီး ဗီဇာနေထိုင်ခွင့်ကာလမှာ ဝင်ခွင့်ဖြေဆိုသည့်နေ့မှ အနည်းဆုံး ၆ လမှ အများဆုံး ၂ နှစ်အထိ ပညာသင်ကာလပေါ်မူတည်ပြီး ထုတ်ပေးပါတယ်။

 

ပညာတော်သင်ဆုနဲ့ ကျောင်းသွားတတ်မယ့်သူတွေအတွက် ကျောင်းစရိတ်ဘာညာ အဆင်ပြေနိုင်ပေမယ့် ရိုးရိုးသွားတတ်မယ်ဆိုရင်တော့ နေထိုင်စရိတ်၊ စားစရိတ်၊ ကျောင်းစရိတ်တွေနဲ့ အိမ်ကို ပြန်ထောက်ပံ့ဖို့ မလွယ်ပါဘူး။ ဂျပန်မှာ ကျောင်းသားဗီဇာနဲ့ လာတဲ့ ကျောင်းသားတိုင်းကို တစ်ပတ်မှာ အလုပ်လုပ်ချိန်စုစုပေါင်း ၂၈ နာရီပဲ ပေးထားပါတယ်။ တစ်ရက်အနေနဲ့ အလုပ်ချိန် ပျှမ်းမျှ ၄ နာရီပဲရပါတယ်။ စာသင်နှစ်တစ်ခုပြီးလို့ ကြားထဲက နားချိန်ဆိုရင်တော့ တစ်ရက်ကို ၈ နာရီလောက် အလုပ်လုပ်ခွင့်ရှိပါတယ်။

 

လုပ်ခလစာ အနေနဲ့ အခြေခံအားဖြင့် ယန်း (၁၀၀၀) လောက်ရရှိနိုင်ပြီး ကိုယ်လုပ်ကိုင်တဲ့ အလုပ်အမျိုးအစား၊ အလုပ်ချိန်နာရီ အနည်းအများပေါ်မူတည်ပြီးလည်း ကွာဟချက်တွေ ရှိနိုင်ပါတယ်။ အများစုကတော့ Customer Service,စားသောက်ဆိုင်၊ငွေကိုင် စတဲ့ အလုပ်မျိုးတွေမှာ လုပ်ကိုင်လေ့ရှိကြပါတယ်။

 

Training Visa

======

နောက်ဆုံးတစ်ခုကတော့ Training Visa ပါ။ သူကတော့ အဖွဲ့အစည်းတစ်ခုမှာ လေ့ကျင့်သင်ကြားဖို့ရည်ရွယ်ချက်နဲ့ ဂျပန်နိုင်ငံသို့ လာရောက်မည့် လျှောက်ထားသူများအတွက် နည်းပညာ နှင့် အခြား သက်မွေးဝမ်းကြောင်း ပညာရပ်များကို ဆည်းပူးနိုင်ရန်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် အလုပ်သင်သဘောပါ။


ဂျပန်နိုင်ငံမှ ကုမ္ပဏီများမှ နိုင်ငံရပ်ခြားအခြေစိုက်အလုပ်သမားများကို Exchange သဘောဖြင့် လေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဂျပန်အစိုးရမှ Trainee System ကိုဖန်တီးခဲ့ခြင်းဖြစ်သည်။ ကိုယ်လုပ်ကိုင်မယ့်၊ တတ်ရောက်မယ့် Training အပေါ်မူတည်ပြီး ဗီဇာသက်တမ်း (၁) နှစ်၊ (၃) နှစ်၊ (၅) နှစ်ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဂျပန်စာ အရည်အချင်း အနည်းဆုံး N4 အောင်ထားဖို့ လိုအပ်ပါတယ်။ 


Training Visa အတွက် အေဂျင်စီနဲ့ ချိတ်ဆက်ပြီး အသွားများကြပါတယ်။ သူလည်း လုပ်ခလစာရပါတယ်။ ဒါပေမယ့် Work Visa နဲ့ ယှဥ်ရင်တော့ သူကလခပိုနည်းပါတယ်။ Training Visa သက်တမ်းပြည့်သွားတဲ့အခါ Work Visa အဖြစ်ပြောင်းပြီး သက်တမ်းတိုးလို့ ရပါတယ်။

 

Knowledge Latest Post Read 1351 times