Sales Hotline : 09448001653       Download App



နည်းပညာ၊သက်မွေးပညာ သင်တန်းကျောင်းတွင် ဂဟေဆက်သင်တန်း အခမဲ့လျှောက်ထားနိုင်

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာန နှင့် PTTEP International Ltd.,(Yangon Branch) ရတနာစီမံကိန်းတို့မှ ပူးပေါင်း၍ ဂဟေဆက်သင်တန်း အမှတ်စဥ် (၁၄) ကို ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း (အောင်ဆန်း)၊ အောက်မင်္ဂလာလမ်းမကြီး၊ စဥ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်တွင် ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၁၂) ပတ် တတ်ရောက်ရမည်ဖြစ်သည်။ 

 

သင်တန်းတွင် သင်တန်းသားဦးရေ (၁၅) ဦးလက်ခံသင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီးသင်တန်းတက်ရောက်နေစဥ်ကာလအတွင်း လစဥ်ငွေကျပ် (၃၀၀၀၀) ကို ရတနာစီမံကိန်းမှ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ သင်တန်းသားများအတွက် လိုအပ်သော လုပ်ငန်းခွင်ဘေးအန္တရာယ်ကာကွယ်ရေးဝတ်စုံ (Personal Protective Equipment) အတွက် ကုန်ကျစရိတ်ထဲမှ ငွေကျပ် (၅၀၀၀၀) ကို ရတနာစီမံကိန်းမှ ထောက်ပံ့ပေးမည်ဖြစ်ပြီး ကျန်ပမာဏကို သင်တန်းသားများဘက်မှ ကိုယ်တိုင်ကျခံရမည်ဖြစ်သည်။

 

လျှောက်ထားသူသည် အခြေခံပညာအလယ်တန်းအောင်မြင်ထားပြီး အင်္ဂလိပ်စာ အခြေခံနားလည်သူဖြစ်ရမည်။နည်းပညာ နှင့် သက်မွေးပညာ လုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ဂဟေဆက်လက်တွေ့လုပ်ငန်းအား အမှတ်တကယ် လုပ်ဆောင်နိုင်သူဖြစ်ရမည်။ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။ သင်တန်းတက်ခွင့်ရသောနေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး (၃၅) နှစ်ထက်မကြီးသူဖြစ်ရမည်။ အင်တာဗျူးဖြေဆိုရမည်။

 

သင်တန်းလျှောက်လွှာများကို ရတနာဂဟေဆက်နည်းပညာ သင်တန်းကျောင်း (အောင်ဆန်း) တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှ စတင်၍ နံနက် ၉း၃၀ မှ ညနေ ၄း၀၀ အတွင်း ထုတ်ယူလျှောက်ထားနိုင်သည်။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်ဖြစ်သည်_

 

  • ပတ်စ်ပို့တ်ဆိုဒ် ရောင်စုံဓာတ်ပုံ (၂) ပုံ

  • နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

  • မွေးသက္ကရာဇ် နှင့် ပညာအရည်အချင်းထောက်ခံချက်

  • ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်

 

လျှောက်လွှာကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် ၀၁-၆၄၅၇၅၉၊ ၀၉-၇၇၇၃၈၇၃၆၉ နံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်သည်။

 

 

 

Latest Post Local News Vocational Read 715 times