Sales Hotline : 09448001653       Download App



ဒေါသကြီးတဲ့ ကလေးငယ်ကို လေ့ကျင့်သင်ကြားပေးနိုင်မည့် အချက် (၅) ချက်

 

 

ဒေါသထွက်တယ် စိတ်ဆိုးတယ်ဆိုတာ စိတ်ကျန်းမာရေးအရဖြစ်ပေါ်လာတတ်တဲ့ ပုံမှန် ခံစားချက်တစ်ခုပါပဲ။ဒါပေမယ့် ကလေးတော်တော်များများက ဒေါသထွက်တဲ့စိတ်ခံစားချက်နဲ့ ရန်လိုတတ်တဲ့ အပြုအမူကို ကွဲကွဲပြားပြား သိရှိနားလည်ဖို့ အတွက် ခက်ခဲကြပါတယ်။ ကလေးတွေက သူတို့စိတ်ခံစားချက်ကို ဘယ်လိုထိန်းချုပ်ကိုင်တွယ်ရမလဲ မသိကြတဲ့အခါ ဒေါသကနေ မနာခံခြင်း၊မလေးမစားပြုလုပ်ခြင်း၊ ရန်လိုခြင်း၊ တိုက်ခိုက်ခြင်း စတဲ့ အခြေအနေတွေကို ပြောင်းလဲသွားတတ်ကြပါတယ်။

 

စိတ်ခံစားချက်နဲ့ပတ်သက်ပြီး ထိန်းချုပ်လေ့ကျင့်ပေးဖို့ရာလိုအပ်တဲ့ ကလေးများအတွက် အောက်မှာ ဖော်ပြထားတဲ့ အချက် (၅) ချက်ကို အသုံးပြုပြီး လေ့ကျင့်ပေးဖို့ရာ အကြံပြုတိုက်တွန်းချင်ပါတယ်။
 

  1. အပြုအမူ နဲ့ ခံစားချက်ကို ကွဲပြားပါစေ

 

ကလေးတွေရဲ့ စိတ်ခံစားချက်ကို သူတို့ကိုယ်တိုင် ခေါင်းစဥ်တပ်တပ်လာအောင် စိတ်ရှည်လက်ရှည် ရှင်းပြပေးပါ။ ဒါမှသာ သူတို့လေးတွေဟာ ဒေါသထွက်တာ၊ စိတ်ပျက်တာ၊ ကဖျက်ယဖျက်လုပ်တာ စတဲ့ စိတ်ခံစားချက်တွေကို နားလည်သဘောပေါက်လာမှာပါ။ ဒေါသထွက်တာ အဆင်ပြေပေမယ့် ရန်လိုပြီးလက်ပါတာ၊ ရိုက်ပုတ်တာ အဆင်မပြေကြောင်းပြောပြပါ၊ ဒေါသထွက်လာတဲ့ အခါသူတို့ရဲ့ လုပ်ရပ်တွေကို ထိန်းချုပ်နိုင်ကြောင်း ကူညီပေးပါ။ 

 

တစ်ခါတစ်ရံ ရန်လိုတဲ့ အပြုအမူတွေဟာ များစွာသောစိတ်ခံစားချက်တွေဖြစ်တဲ့ ဝမ်းနည်းတာ၊ မရောင့်ရဲတာ၊ အရှက်ရတာစတဲ့ ခံစားချက်တွေက လာတတ်ပါတယ်။ ဥပမာ သင်က ကစားကွင်းခေါ်သွားမယ်ပြောပြီး မသွားဖြစ်တာမျိုးဆို ကလေးငယ်က စိတ်ဆိုးစိတ်ကောက်ပြီး ဒေါသနဲ့တုံ့ပြန်ရန်လိုလာတတ်ပါတယ်။ သင့်အနေနဲ့ ဒီအပေါ်မှာ ကလေးကို အပြစ်မမြင်ပဲ စိတ်ရှည်လက်ရှည်နဲ့အကြောင်းပြချက်ကိုသေချာရှင်းပြပြီးသူရဲ့ဒေါသကို လျော့သွားအောင်လုပ်နိုင်ဖို့ရာ အရေးကြီးလှပါတယ်။ ကလေးငယ်တွေရဲ့ စိတ်ခံစားချက်ကို အချိန်ပိုပေးပြီး ကူညီဖေးမနိုင်ပါစေ။


 

 

  1. ကိုယ့်ကိုယ်ကို စံထားပြီး ကလေးကို သင်ကြားပါ

 

ဒေါသကြီးတဲ့ကလေးကို ကိုင်တွယ်သင်ကြားဖို့အတွက် အကောင်းဆုံးနည်းလမ်းများထဲကမှ တစ်ခုကတော့ သင်ကိုယ်တိုင် မိဘအနေနဲ့ဖြစ်စေ၊ ဆရာအနေနဲ့ ဖြစ်စေ ကိုယ့်ကိုယ်ကို စံထားနိုင်ဖို့ပါပဲ။ သင်ကိုယ်တိုင်လည်းဘယ်လောက်ပဲ စိတ်တိုတက်တဲ့သူ၊ ဒေါသကြီးတဲ့သူ ဖြစ်လင့်ကစား သင့်ကလေးရှေ့မှာ အနေအထိုင်နဲ့အပြောအဆိုကို ဆင်ခြင်နိုင်ဖို့ရာ အရေးကြီးလှပါတယ်။ 

 

သင့်အနေနဲ့ တစ်စုံတစ်ခုကြောင့် ဒေါသထွက်လာတဲ့ သင့်ရဲ့ စိတ်ခံစားချက်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားကြောင်း သင့်ကလေးကို မြင်တတ်ပါစေ။ ဒေါသပြေသွားတဲ့ သင့်ကိုကြည့်ပြီး ကလေးတွေကလည်း ထိုနည်းတူ အတုယူ လိုက်လုပ်ကြပါလိမ့်မယ်။ သင့်ရဲ့ ခံစားချက်ကို နူးညံ့ညှင်သာတဲ့ နည်းလမ်းနဲ့ ထိန်းကျောင်းတာ တွေ့ရင်သူတို့လည်း ဒါကို လက်ခံလာကြပါလိမ့်မယ်။ 

 

အကယ်၍ သင့်အနေနဲ့ မတော်တဆ ကလေးရှေ့မှာ အော်ဟစ်သောင်းကျန်းမိတာမျိုးဖြစ်ခဲ့ရင်လည်း ဘာကြောင့် ဒီလိုဖြစ်ခဲ့ကြောင်း အကြောင်းအရာကို သင့်ကလေးနားလည်အောင် ရှင်းပြပြီး တောင်းပန်တတ်ပါစေ။


 

  1. ဒေါသစည်းမျဉ်းများချမှတ်ပါ

 

မိသားစုတွေမှာ ဒေါသထွက်တဲ့အခါဖြစ်တတ်တဲ့ ဘယ်လိုအပြုအမူမျိုးကို လက်ခံနိုင်တယ် ဘယ်လိုအရာမျိုးကို မပြုလုပ်ရဘူး စတဲ့ တရားဝင်မဟုတ်တဲ့ မိသားစုစည်းမျဉ်းတွေ ထားရှိသင့်ပါတယ်။ တစ်ချို့မိသားစုများက အပြုကြမ်းတမ်းခြင်း နှင့် ဆူညံအော်ဟစ်ခြင်းကို ပုံမှန်လို သဘောထားတတ်ကြပေမယ့် တစ်ချို့မိသားစုများမှာမူထိုကဲ့သို့သော အပြုအမူများအတွက် သည်းခံနိုင်စွမ်း နည်းပါးကြပါတယ်။ သင်ဖြစ်ချင်တဲ့ ပုံစံ၊ သင့်မိသားစု ဖြစ်ချင်တဲ့ပုံစံ စည်းမျဉ်း/စည်းကမ်းများကို ချရေးပြီး အိမ်တွင် ဖန်တီးယူပါ။ 

 

တစ်ဖက်လူအပေါ်လေးစားမှုကို ပြသနိုင်တဲ့ ဒေါသထိန်းချုပ်ခြင်းဆိုင်ရာ စည်းမျဉ်းများကိုချမှတ်ပါ။ ဒါမှသာ သင့်ကလေး၏ နှုတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ ဒေါသတွေကိုလည်း သင်ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။ 


 

  1. အပြုသဘောဆောင်သောဖြေရှင်းနည်းများကို သင်ကြားပေးပါ

 

ကလေးတွေက သူတို့ရဲ့ဒေါသကိုရင်ဆိုင်ဖြေရှင်းဖို့ သင့်တော်တဲ့ နည်းလမ်းတွေ သိထားဖို့လိုအပ်ပါတယ်။ တစ်ခုခုကို အမိန့်ပေးတားမြစ်လိုက်တာထက် သူတို့စိတ်ပျက်ဒေါသထွက်နေချိန်မှာ ဘာလုပ်နိုင်မလဲဆိုတာရှင်းပြပါ။ ဥပမာ _ ညီအစ်ကိုချင်းရန်ဖြစ်တယ်ဆိုပါစို့ “မင်းအစ်ကိုကို မထိနဲ့ မရိုက်နဲ့” ပြောမယ့်အစား လက်မပါဖို့ စကားနဲ့ဖြေရှင်းဖို့ ဒေါသအရမ်းထွက်လာရင် ရှောင်ထွက်ဖို့ ထိပ်တိုက်ရင်မဆိုင်ဖို့ကို သေချာရှင်းပြတတ်ပါစေ။ ကလေးတွေရဲ့ ဒေါသကို လျှော့ချပေးနိုင်မယ့် ပစ္စည်း၊ကစားစရာစသည့်အရာများကိုလည်း အသုံးပြုနိုင်ပါတယ်။ 

 

သင့်ကလေးကြိုက်တတ်တဲ့ ကစားစရာ၊ကာတွန်းကား၊  အရောင်ခြယ်စာအုပ်၊ ရောင်စုံခဲတံ၊ ငြိမ့်ညောင်းတဲ့ တေးဂီတ၊ မွှေးပျံ့တဲ့ကလေးကိုယ်လိမ်းပေါင်ဒါ စတဲ့စိတ်တည်ငြိမ်စေတဲ့ အရာများနဲ့ သူတို့ရဲ့ အာရုံခံစားမှု၊ထိတွေ့ဆက်ဆံခြင်း၊ စိတ်နဲ့ခန္ဓာကို အေးချမ်းစေနိုင်ပါတယ်။ ကလေးတွေကို အချိန်ပေးဖို့ကလည်း အလွန်အရေးကြီးပါတယ်။ ပြီးပြီးရော ပြောလိုက်ဆုံးမလိုက်တာထက် ရေရှည်အတွက် အချိန်ပေးတတ်ပါစေ။



 

  1. လိုအပ်တဲ့အခါ အကျိုးဆက်များကို ချပြပါ

 

အထက်မှာဖော်ပြခဲ့တဲ့ ဒေါသစည်းမျဥ်းများကို သင့်ကလေးအနေနဲ့ လိုက်နာတဲ့အခါ ကောင်းတဲ့အကျိုးဆက်များရရှိနိုင်သလို ဖောက်ဖျက်တဲ့အခါ ဆိုးတဲ့ အကျိုးဆက်များရရှိနိုင်တယ်ဆိုတာကို ကွဲကွဲပြားပြားမြင်အောင် ပြသပေးပါ။ လိုအပ်လျှင် ဆုပေး၊ ဒဏ်ပေး စနစ်ကို တစ်ခါတစ်ရံ အသုံးပြုခြင်းကလည်း သင့်ကလေးစိတ်ဆိုးနေချိန်တွင် ဒေါသကို စီမံခန့်ခွဲနိုင်သည့် စွမ်းရည်ကို အသုံးချနိုင်ရန် လှုံ့ဆော်ပေးရာ ရောက်ပါတယ်။ သင့်ကလေးအနေနဲ့ အကျိုးဆက်များကို လက်ခံလိုက်နာတတ်ပါစေ။

 

Pre-school Primary Knowledge Latest Post Read 1063 times