Sales Hotline : 09448001653       Download App



စကားလုံးအသစ်တွေကို ဘယ်လိုမှတ်မိအောင် ကျက်မှတ်ကြမလဲ

 

 

သင်က သဒ္ဒါတည်ဆောက်ပုံ၊ ဝါကျအထားအသို ဘယ်လောက်ပဲ တော်နေ၊တတ်နေပါစေ ဝေါဟာရ (Vocabulary) တွေကို မသိဘူးဆိုရင် အလကားပါပဲ။ သင့်ရဲ့ ဘာသာစကား အရည်အချင်းကလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။ ဝေါဟာရဆိုတာက ကမ္ဘာကြီးရဲ့ တစ်ဖက်ခြမ်းကို ဖွင့်လှစ်နိုင်မယ့် တံခါးတစ်ချပ်လိုပါပဲ။ဘယ်ဘာသာစကားပဲ သင်သင် Vocabulary တွေ Meaning တွေ မရဘူးဆိုရင် အဆင်မပြေနိုင်ပါဘူး။

 

ကိုယ်နဲ့ မရင်းနှီးသေးတဲ့ စကားလုံးအသစ်တွေ၊ အထူးအဆန်းတွေကို ဘယ်လိုလေ့လာမလဲ။ စိတ်ထဲမှာ ထမင်းစားရေသောက်သလို စွဲမြဲမှတ်မိနေအောင် ဘယ်လို ကျက်မှတ်မလဲ။ စိတ်ဝင်စားစရာပါ။ ဒါဆို နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။ Never too old to learn ပါနော်။ 

 

  • စကားလုံးတွေကို ဆက်စပ်ပြီးအတိုကောက်မှတ်ပါ

 

Mnemonics လို့ခေါ်တဲ့ မှတ်ဉာဏ်ကူလို့ ခေါ်ဆိုပြီး စကားလုံးအသစ်တွေကို ဆောင်ပုဒ်၊လင်္ကာ၊ အတိုကောက်ပုံစံမျိုးနဲ့ မှတ်ယူတာပါ။ စကားလုံးများရဲ့ အစ စာလုံးတွေကို ကိုယ်မှတ်မိလောက်စေမဲ့ ကဗျာ၊သီချင်းခေါင်းစဥ်မျိုးနဲ့ပဲဖြစ်ဖြစ်၊ ကိုယ်သိပြီးသားဖြစ်တဲ့ စကားလုံး စာလုံးပေါင်း နဲ့ပဲဖြစ်ဖြစ် အတိုကောက်မှတ်ထားပါ။ ဥပမာပြောရရင် - “SPIDER” ဆိုတဲ့ စကားလုံးဟာ ဆရာ/ဆရာမတွေအတွက် အလွယ်မှတ်တဲ့ မှတ်ဉာဏ်ကူဆောင်ပုဒ်ပါ။ ဘာကိုဆိုလိုတာလဲဆိုရင် S - Solving Problems၊ P - Pratical Work၊ I - Investigation၊ D - Discussion၊ E - Exposition၊ R - Routine Skills။

 

  • ပတ်ဝန်းကျင်ကိုလေ့လာရင်း သင်ယူပါ

 

လိုင်းကားစီးတဲ့သူတွေဆို တစ်ခါတစ်လေကားပေါ်မှာ ကြုံဖူးကြပါလိမ့်မယ် ။ ကလေးလေးတွေ ကားစီးရင်း ကားပေါ်ကဖြတ်သွားရင်းမြင်ရတဲ့ လမ်းပေါ်ကဆိုင်တွေရဲ့ ဆိုင်းဘုတ်တွေ၊ ကြော်ညာတွေကို အော်ဖတ်နေတာမျိုးပါ။ အဲဒီလိုမျိုးပါပဲ ကားစီးမှ မဟုတ်ပါဘူး ကိုယ်လမ်းသွားရင်ပဲဖြစ်ဖြစ်၊ ဆိုင်တစ်ဆိုင်ရောက်ရင်ပဲဖြစ်ဖြစ်၊ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်၊ မဂ္ဂဇင်း၊ သီချင်း ကြည့်ရင်း နားထောင်ရင်းလည်း စကားလုံးအသစ်တွေကို သင်ယူလို့ရပါတယ်။အမှုမဲ့ အမှတ်မဲ့ ပြီးပြီးရော နေလိုက်တာမျိုးမဟုတ်ပဲ ကိုယ့်အတွက် Fun လည်းဖြစ် ဗဟုသုတလည်းတိုးအောင် ပတ်ဝန်းကျင်ကို လေ့လာရင်း သင်ယူနိုင်ပါတယ်။

 

  • မိမိကိုယ်ကို စကားလုံးအသစ်တွေနဲ့ စိန်ခေါ်ကြည့်ပါ

 

ခေါင်းစဥ်ကြည့်လိုက်ရင်တော့ ခက်ခဲမယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ အမတန်မှ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းပါ။ စိန်ခေါ်တယ်ဆိုတာက သင့်ရဲ့ မှတ်ဉာဏ်ကို နှိုးဆွပေးရာလည်း ရောက်ပါတယ်။ စကားလုံးတွေရဲ့ အဓိပ္ပါယ် အသစ်တွေ၊ ဝေါဟာရ အသစ်တွေကြွယ်ဝစေဖို့ Game ဆော့ပါ။ Game ဆော့ဆိုတဲ့ နေရာမှာ Vocabulary ဂိမ်း အမျိုးအစားအများကြီးရှိပါတယ်။ ဖုန်းနဲ့ဆော့လို့ရတဲ့ဂိမ်း၊ လက်ရေးနဲ့ချဆော့လို့ရတဲ့ဂိမ်း၊ အဖွဲ့လိုက်ဆော့လို့ရတဲ့ဂိမ်း၊ Board နဲ့ ဆော့ရတဲ့ဂိမ်း ကိုယ်ကြိုက်တဲ့ ဂိမ်းကို ရွေးချယ်ဆော့ပြီး ပျော်ရွှင်စရာထဲမှ စကားလုံးအသစ်တွေကို ရယူလိုက်ပါ။ 

 

  • အကြောင်းအရာထဲမှာထည့်ပြီး မှတ်သားပါ

 

စကားလုံးတွေကို ဒီတိုင်းကျက်တာထက် ကိုယ်လေ့လာမယ့် စကားလုံးကို စကားပြောဖြစ်ဖြစ် ၊ အကြောင်းအရာတွေထဲမှာ ဖြစ်ဖြစ် ထည့်ပြီး လေ့လာမှတ်သားပါ။ စာကြောင်းထဲမှာ ထည့်ပြီး မှတ်တာက ထိထိရောက်ရောက်ကို ပိုပြီး မှတ်မိစေပါတယ်။ လက်တွေ့ဘဝထဲမှာ ယေဘုယျဆန်တဲ့ စာကြောင်းမျိုး ဒါမှမဟုတ် ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူး၊အိမ်မက်ဆန်တဲ့စာကြောင်းမျိုးထဲမှာ ကိုယ်လေ့လာနေတဲ့ စကားလုံးကို ထည့်ပြီးမှတ်ပါ။ 

ဥပမာ   -  charm ( ဆွဲဆောင်မှု၊ညှို့ဓာတ်) ဒီစာလုံးကို ကျက်မယ်ဆိုပါစို့၊ ဒီတိုင်းကျက်တာထက် စာကြောင်းတစ်ခုကို ကိုယ်တိုင်စဥ်းစားလိုက်မယ်။ “My crush has a lot of charm” အဲဒီလိုမျိုးလေး စာကြောင်းထဲထည့်ပြီး မှတ်မယ်ဆို ပိုပီးလွယ်ကူမှာပါ။


 

  • လက်တွေ့ဘဝထဲကလေ့လာသင်ယူပါ

 

ရုပ်ရှင်၊ တီဗီရှိုး၊ စာအုပ်၊ သီချင်း၊ podcast စတဲ့ source တွေက ကိုယ်နေ့စဥ် မြင်နေကြားနေကြ channel တွေဖြစ်တဲ့အပြင် စကားလုံးအသစ်တွေကို ရင်းနှီးမှု ရယူဖို့အတွက် အကောင်းဆုံး ဆက်သွယ်ပေးတဲ့ တံတားတွေပါပဲ။ လက်တွေ့ဘဝထဲက အကြောင်းအရာတွေကပဲ ဒါတွေထဲမှာ ပြန်ပါဝင်လာတာဖြစ်တဲ့အတွက် သင်ယူလေ့လာလို့ အကောင်းဆုံးပါပဲ။ ကိုယ်သင်ယူမယ့် ဘာသာစကားက ဘယ်ဟာပဲဖြစ်ဖြစ် ဥပမာ ကိုယ်ရုပ်ရှင်ကြည့်မယ်၊ သီချင်းနားထောင်မယ်ဆိုရင် မြန်မာစာတန်းထိုးကို ရှောင်ပြီး မူရင်းဘာသာစကားနဲ့ ကြည့်ရှု နားထောင်ကြည့်ပါ။ ကြိုးစားကြည့်ပါ။ အကျိူးရှိတာကို တွေ့ရပါလိမ့်မယ်။ 

 

  • ကိုယ့်မှာရှိတဲ့ မှတ်ဉာဏ်အဟောင်းတွေကို စွန့်ပစ်ပါ

 

လူတွေက ကိုယ့်အတွက် မကောင်းတဲ့အရာ၊ စိတ်ထိခိုက် စိတ်ညစ်စေမယ့် အရာတွေဆို မေ့ပျောက်ချင်ကြတယ်၊ မှတ်ဉာဏ်ထဲက ဖယ်ထုတ်ပစ်ဖို့ ကြိုးစားကြပါတယ်။ ထိုနည်းတူပါပဲ အရင်ကပဲဖြစ်ဖြစ်၊ လက်ရှိမှာပဲဖြစ်ဖြစ် ကိုယ်ကျက်မှတ်လေ့လာဖူးတဲ့ စကားလုံးတွေက အသံထွက်မှားနေတာ၊ စာလုံးပေါင်းမှားနေတာ၊ အဓိပ္ပါယ် အထားအသိုမှားနေတာမျိုးကို မှတ်ထားမိရင် မေ့ပစ်ပါ၊ ပြုပြင်ပါ။ တစ်ခါတစ်လေရှိတက်ပါတယ် တစ်သက်လုံးသိလာတာ ဒီလိုမျိုး၊ အခုမှ ဒါဖြစ်တာ ဆိုတာမျိုးပါ။ အမှန်ကိုပဲ လက်ခံသင့်ပါတယ်။ အမှားတွေကို ခေါင်းထဲကထုတ်ပစ်လိုက်မှ သင့်ရဲ့ မှတ်ဉာဏ်ကလည်း အမှန်တွေကို လက်ခံနိုင်တဲ့ နေရာလွတ်ကို ပိုမိုပေးနိုင်မှာပါ။

 

  • နောက်တစ်ဆင့်ကိုတက်လှမ်းပါ

 

ဘာသာစကားသင်ယူမှုကို နောက်တစ်ဆင့် တက်လှမ်းလိုပါက ကိုယ်လေ့လာပြီးသားဖြစ်တဲ့ စကားလုံးနဲ့ဆက်စပ်စကားလုံးများ၊ ထပ်တူထပ်မျှ (သို့မဟုတ်) ဆန့်ကျင်ဘက် စကားလုံးများ လေ့လာရန်အတွက် သင့်ရဲ့ မှတ်ဉာဏ်မှာ နေရာလပ်အလုံအလောက်ချန်ထားပါ။ စကားလုံးအသစ်တစ်လုံးကို ရပြီဆိုတာနဲ့ ဒီနေရာမှာပဲ ရပ်မနေပါနဲ့။ ထပ်ထပ်ပြီးတော့ အသစ်တွေကို ရှာဖွေပါ။ သင်လေ့လာပြီးသားဖြစ်တဲ့ စကားလုံးကနေ ဆက်စပ်ပြီး တူညီတဲ့စကားလုံး ၊ ဆန့်ကျင်ဘက်စကားလုံးတွေကို လေ့လာကျက်မှတ်တာကလည်း စကားလုံးတိုးပွားမှုအတွက် အလွန် အထောက်အကူဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ စကားလုံးတစ်လုံးကို သိပြီဆိုတာနဲ့ ထိုစကားလုံးအဓိပ္ပါယ်ကို သင့်ရဲ့ မိခင် ဘာသာစကား အနေနဲ့ ဘာသာမပြန်ကြည့်ပဲ ဆိုလိုရင်းကိုသာ သင်လေ့လာနေတဲ့ ဘာသာစကားနဲ့ မှတ်ယူကြည့်ပါ။ 

 

  • အသုံးဝင်သော စကားလုံးများကို အာရုံစိုက်ပါ

 

သင့်ရဲ့ Vocabulary နယ်ပယ်ကို ချဲ့ထွင်ချင်တယ်ဆိုရင် ခက်ခဲတဲ့ ဝတ္ထုတွေ၊ သမိုင်းကြောင်းတွေ၊ ကဗျာတွေ စာတွေကို တကူးတကကြီး လိုက်ပြီးရှာဖွေဖတ်နေစရာ မလိုပါဘူး။ သင့်ရဲ့ အသက်မွေးဝမ်းကြောင်း၊ ဝါသနာ နဲ့ လက်တွေ့ဘဝအတွက် အသုံးဝင်ပြီး လက်တွေ့ကျတဲ့ စကားလုံးတွေကိုသာ ရွေးချယ်လေ့လာလေလေ သင်ယူရပိုပြီး လွယ်ကူလေလေပါပဲ။ လက်တွေ့လည်း အသုံးများတဲ့အတွက် ပိုပြီး မှတ်မိလွယ်ပါတယ်။ သင့်အတွက် အသုံးဝင်သော စကားလုံးတွေကို ပိုမိုအာရုံစိုက်နိုင်ပါစေ။ 

 

Knowledge High Primary Secondary University / College Read 958 times