Sales Hotline : 09448001653       Download App



သီချင်းနားထောင်ပြီး အင်္ဂလိပ်စာ လေ့လာနိုင်တဲ့ နည်းလမ်း (၈) ချက်

 

 

အင်္ဂလိပ်စာလည်း လေ့လာချင်တယ်၊ အချိန်ကလည်းမရှိဘူး၊ စာရေးစားပွဲမှာထိုင်ပြီး စာလုပ်သလိုမျိုးလည်း မလေ့လာချင်ဘူးဆိုရင်တော့  နည်းလမ်းကောင်းလေးတစ်ခု   မျှဝေပေးချင်ပါတယ်။ သီချင်းနားထောင်ပြီး အင်္ဂလိပ်စာလေ့လာပါ။ 

 

ဟုတ်ပါတယ် သင်က အင်္ဂလိပ်သီချင်းတွေကို နားထောင်ရတာ ကြိုက်နှစ်သက်တဲ့ သူမျိုးဆိုရင် သီချင်းနားထောင်ရင်း စာလေ့လာဖို့အတွက် သီးသန့်အချိန်ပေးနေစရာ မလိုတော့ပါဘူး။ ကားပေါ်မှာပဲဖြစ်ဖြစ်၊ အားလပ်ချိန်သီချင်း  နားထောင်တာပဲဖြစ်ဖြစ်၊   ညဘက်အိပ်ခါနီးနားထောင်တာပဲဖြစ်ဖြစ် သင့်အတွက် အပန်းမကြီးတဲ့ စာလေ့လာမှု ပုံစံတစ်မျိုးပါပဲ။ 

 

ဒါဆို သီချင်းနားထောင်ရင်း အင်္ဂလိပ်စာ ဘယ်လိုလေ့လာမှာလဲ။ ဒီတိုင်းကြီးပဲနားထောင်လိုက်တယ် သီချင်းတစ်ပုဒ်သာပြီးသွားပြီး ဘာမှမသိလိုက်တာမျိုး မဖြစ်စေဖို့ လေ့လာပုံလေ့လာနည်းလေးတွေ မျှဝေပေးမှာပါ။ ဒါဆိုရင် ကြည့်လိုက်ကြရအောင်နော်။

 

  1. သီချင်းများကို ပညာသားပါပါရွေးချယ်ပါ

 

ကြည့်ရတာတော့ ရိုးရိုးရှင်းရှင်းလေးလိုပါပဲ။ ဒါပေမယ့် လူတော်တော်များများက ဒီအဆင့်မှာ တင် ရွေးချယ်မှုမှားယွင်းနေတာကို တွေ့ရှိရပါတယ်။ အများစုက သီချင်းနားထောင်တော့မယ်ဆို ကြုံရာကျပန်း Random ရွေးလိုက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် နောက်ဆုံးပေါ် နာမည်ကြီးခေတ်စားနေတဲ့ သီချင်းတွေကိုပဲဖြစ်ဖြစ် နားထောင်လေ့ရှိပါတယ်။ 

ပထမဆုံး သင်အကြိုက်ဆုံး သီချင်းတွေကို ၁၀ ပုဒ်ဖြစ်ဖြစ် အပုဒ် ၂၀ ဖြစ်ဖြစ် Playlist တစ်ခု လုပ်ထားပါ။ ကြိမ်ဖန်များစွာ နားရည်ဝအောင် ထပ်ခါ ထပ်ခါ နားထောင်ပါ။ နားထဲစွဲလာမှ သီချင်းထဲမှာပါတဲ့ စကားလုံးအသုံးအနှုန်းတွေကို အလွတ်ကျက်စရာ မလိုပဲ သေချာမှတ်မိလာပါလိမ့်မယ်။ 

 

  1. ထိရောက်တဲ့သီချင်းအမျိုးအစားကို ပစ်မှတ်ထားပါ

 

ဂီတအမျိုးအစားကို ရွေးချယ်တဲ့အခါ ကိုယ်ကြိုက်တာကိုယ်နားထောင်မယ်လို့ ဆုံးဖြတ်တာထက် စာလေ့လာဖို့အတွက်ရည်ရွယ်ချက်ရှိရင် ကိုယ့်အတွက် ထိရောက်မယ့် သီချင်းအမျိုးအစားမျိုးကို ရွေးချယ်တာက သင့်အတွက် ပိုမိုအကျိုးရှိစေပါတယ်။ စာလေ့လာဖို့အတွက် ထိရောက်စေမယ့် ဂီတအမျိုးအစားများကို (5)Pop (4)R&B (3)Folk (2)Rock (1)Hip-Hop ဆိုပြီး ပညာရှင်များက အဆင့်ဆင့်သတ်မှတ်ခွဲခြားထားပါတယ်။

 

  1. သီချင်းစာသားတွေကို ဖတ်ပါ

 

သီချင်းတော့ နားထောင်တယ် သံစဥ်ကို ကြိုက်လို့နားထောင်တယ်၊ အဆိုတော်ကို ကြိုက်လို့နားထောင်တယ်၊ သီချင်းအမျိုးအစားကို ကြိုက်လို့နားထောင်တယ် စသဖြင့် အမျိုးမျိုးရှိကြပေမယ့် အင်္ဂလိပ်သီချင်းတွေ နားထောင်တဲ့ အခါမှာ စာသားကို သေချာကြည့်ပြီးမှ စာသားအဓိပ္ပါယ်ကို ကြိုက်လို့ နားထောင်တယ်ဆိုတာမျိုးက ရှားပါတယ်။ 

သီချင်းနားထောင်ရင်း ကိုယ်သိနေတဲ့ စာလုံးမျိုး ၊ ကိုယ်ရင်းနှီးနေတဲ့ အသုံးအနှုန်းမျိုး ဒါမှမဟုတ် ကိုယ်မကြားဖူးသေးတဲ့ စိမ်းနေတဲ့ စာလုံးမျိုးကို နားထောင်မိရင် စာသားကို ဖတ်ပါ အဓိပ္ပါယ်ကိုလေ့လာပါ။ ကိုယ်နားထောင်နေတဲ့ သီချင်းက ဘယ်လိုအဓိပ္ပါယ် ၊ ဘာရည်ရွယ်ချက်နဲ့ ရေးစပ်သီဆိုထားတာလဲဆိုတာ သိရင် နားထောင်ရတဲ့ အရသာကလည်း ပိုပြီး ပြီးပြည့်စုံလာပါလိမ့်မယ်။ အောက်မှာဖော်ပြတဲ့ Website မှာ အင်္ဂလိပ်သီချင်းတွေရဲ့ စာသားကို ရှာဖွေလေ့လာနိုင်ပါတယ်။

https://genius.com/songs/all

 

  1. စကားလုံးအဓိပ္ပါယ်ရှာဖွေတတ်တဲ့ အကျင့်ကိုမွေးမြူပါ

 

သီချင်းစာသားကို ဖတ်တတ်တဲ့ အလေ့အကျင့်ကိုမွေးမြူပြီးပြီဆိုရင် သီချင်းထဲမှာပါတဲ့ စကားလုံးလေးတွေကိုလည်းလေ့လာကြည့်ပါ။အဘိဓာန်ဆောင်ပါ။ရှာဖွေပါ။ကိုယ်နဲ့မရင်းနှီးသေးတဲ့ စကားလုံး ၅ လုံးလောက်ဖြစ်ဖြစ် နေ့စဥ်လေ့လာသွားမယ်ဆိုရင်တောင်မှ သင့်ရဲ့ အင်္ဂလိပ်စာတိုးတတ် ကျွမ်းကျင်မှုကို အထောက်အကူပြုရာလည်း ရောက်ပါတယ်။

 

  1. သီချင်းနားထောင်မယ့် App (သို့မဟုတ်) Channel ကိုမှန်ကန်စွာရွေးချယ်ပါ

 

YouTube,Pandora နဲ့ Spotify တို့လို သီချင်းနားထောင်နိုင်တဲ့ နာမည်ကြီး Channel နဲ့ App တွေအပြင် Online ပေါ်မှာ သီချင်းနားထောင်ရင်း အင်္ဂလိပ်စာပါလေ့လာနိုင်မယ့် Source တွေအများကြီးရှိပါသေးတယ်။ 

သင့်ရဲ့ စာဖတ်စွမ်းနည် ၊ အကြားစွမ်းရည် ၊ အသံထွက်မှန်ကန်မှု စတဲ့ လေ့လာသင်ယူမှုတွေကို သီချင်းနားထောင်ရင်း တစ်ချိန်တည်းမှာပဲ ပျော်ရွှင်စွာလုပ်ဆောင်နိုင်ပါတယ်။  Language Zen,       Lyrics Gaps, နှင့် Lyrics Training စတဲ့ Website များမှာ သီချင်းနားထောင်ရင်း စာပါတစ်ခါတည်း လေ့လာလို့ရတဲ့ website ကောင်းတွေပဲဖြစ်ပါတယ်။ 

 

  1. ကာရာအိုကေဆိုပါ

 

အင်္ဂလိပ်စာတိုးတက်မှု မြန်ဆန်စေဖို့အတွက် အကောင်းဆုံးထဲက နည်းလမ်းတစ်ခုပါပဲ။ အထက်မှာ ဖော်ပြခဲ့တဲ့ အချက် (၅) ချက်စလုံးကို တစ်ခါတည်း လုပ်ဆောင်နိုင်တာက ကာရာအိုကေ သီဆိုခြင်းပါ။ အလွန်ထိရောက်ပြီး ပျော်စရာလည်းကောင်းတဲ့ နည်းလမ်းမို့ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ် မဖြစ်မနေ စမ်းသပ်ကြည့်သင့်ပါတယ်။

 

  1. ဂီတအကြောင်းကို ပြောဆိုဆွေးနွေးပါ

 

သင့်ရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ကိုယ်အရမ်းကြိုက်တဲ့ crazy ဖြစ်တဲ့ သီချင်းအကြောင်းပဲဖြစ်ဖြစ်၊ ကိုယ်လေ့လာသင်ယူနေတဲ့ သီချင်းအကြောင်းကိုပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် အမြင်ဖလှယ်ခြင်းကလည်း သင့်ရဲ့ အပြောစွမ်းရည် နှင့် ဝေါဟာရကြွယ်ဝမှုကို တိုးတတ်စေနိုင်ပါတယ်။ 

အထူးသဖြင့် သီချင်းထဲမှာပါတဲ့ ထူးခြားတဲ့ စကားအသုံးအနှုန်းလေးတွေ၊ ဂီတဘန်းစကားလေးတွေကို ထည့်ပြီးပြောကြည့်ပါ။ ခေါင်းထဲမှာစွဲပြီး ထူးထူးခြားခြား တိုးတတ်လာပါလိမ့်မယ်။

 

  1. သွားရင်းလာရင်းလည်း အမှတ်ရနေပါစေ

 

သီချင်းနားထောင်ရင်းနဲ့ စာလေ့လာမယ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ အရေးအကြီးဆုံး အချက်ကတော့ သင်သီချင်းနားထောင်တဲ့အချိန်က လမ်းမပေါ်မှာပဲဖြစ်ဖြစ် ဘယ်အချိန်ပဲရောက်နေပါစေ သင့်စိတ်ထဲမှာ မှတ်သားထားရမှာက သင်ဟာ သီချင်းနားထောင်ရင်း ငါကစာလေ့လာနေတာပဲ ၊ သင်ခန်းစာတစ်ခုရဲ့ အလယ်မှာရောက်နေတာပဲ ဆိုတဲ့ အချက်ပါပဲ။ 

သတိလက်လွတ်ပဲ နားထောင်လိုက်မယ်ဆိုရင် သင်က စာလေ့လာမှုဆိုတဲ့ အပိုင်းကို ဘယ်တော့မှ ရောက်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် အသိနဲ့ သတိ အမြဲကပ်ထားဖို့လိုအပ်ပါတယ်။ ဒါက သင့်ကို ပေါ့ပေါ့ပါးပါးနဲ့ အင်္ဂလိပ်စာလေ့လာနိုင်ဖို့အတွက် အကျင့်ဖြစ်အောင် တွန်းပို့ပေးရာ ရောက်စေပါလိမ့်မယ်။


 

ဂီတဆိုတာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆက်သွယ်ရေးနည်းလမ်းတစ်ခုပါပဲ။ လူတွေက သီဆိုနေတဲ့ သီချင်းရဲ့ ဘာသာစကားကို နားမလည်ရင်တောင် ဒီဂီတအမျိုးအစားက ကောင်းမွန်တယ်လို့ သိနေကြတုန်းပါပဲ။ ဒါကြောင့် ဂီတမှတစ်ဆင့် ဘာသာစကားလေ့လာခြင်းကို ပျော်ရွှင်စရာအဖြစ် ပြောင်းလဲလိုက်ပါ။ 

 

Knowledge High University / College Vocational Read 911 times