Sales Hotline : 09448001653       Download App



လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုသင်တန်းအောက်တိုဘာလတွင်ဖွင့်လှစ်မည်

 

 

စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးဖွင့်လှစ်သော လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု အသိအမှတ်ပြုသင်တန်း အမှတ်စဥ် (၁) အား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

 

သင်တန်းကာလမှာ (၁) နှစ်ကြာမြင့်မည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာ၊ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့၌ တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းတက်ရောက်စဥ် ကာလအတွင်း နေထိုင်စရိတ် နှင့် သင်ကြားမှု စရိတ်ကို ဌာနမှ ကျခံမည်ဖြစ်ပြီး လစဥ် စားသောက်စရိတ် နှင့် စာအုပ်စာတမ်းကြေးများကို သင်တန်းသားများဘက်မှ ကျခံရမည်ဖြစ်သည်။ 

 

လျှောက်ထားသူများသည် သင်တန်းစတင်ဖွင့်လှစ်သည့်ရက်တွင် အသက် ၁၇ နှစ်ပြည့်ပြီ ၂၅ ထက်မကျော်လွန်သော ပြည်ထောင်စု မြန်မာနိုင်ငံသား၊ အမျိုးသား အိမ်ထောင်မရှိသူဖြစ်ရမည်။ အခြေခံပညာ အထက်တန်းပြီးမြောက်အောင်မြင်ပြီးသူ (သို့မဟုတ်) အစိုးရနည်းပညာ အထက်တန်းကျောင်းအောင်မြင်ပြီးသူဖြစ်ရမည်။ ကျန်းမာရေးကောင်းမွန်ပြီး လယ်ယာသုံးစက်ကိရိယာများကို စိတ်ပါဝင်စားသူဖြစ်ရမည်။ 

 

သင်တန်းဝင်ခွင့်လျှောက်လွှာများကိုမူ စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးဌာနမှူးရုံး၊ မြို့နယ်ဦးစီးဌာနမှူးရုံးများတွင် ဩဂုတ်လ ၉ ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီး သင်တန်းတက်ရောက်ခွင့်လျှောက်လွှာ၊ ကတိဝန်ခံချက်၊ အခြေခံအထက်တန်းပြီးမြောက်ကြောင်း အထောက်အထား (သို့မဟုတ်) အစိုးရနည်းပညာ အထက်တန်းကျောင်း အောင်မြင်ကြောင်း အောင်လက်မှတ်တို့နှင့်အတူ မိမိထုတ်ယူခဲ့သည့်ရုံးတွင် ဝင်ခွင့်လျှောက်လွှာတင်သွင်းရမည်။ 

 

လျှောက်ထားလာသော လျှောက်လွှာများအနက် သတ်မှတ်အရည်အချင်းပြည့်မှီမှု ရှိ/မရှိ စီစစ်ရွေးချယ်ပြီး လူတွေ့၊ နှုတ်မေး စာမေးပွဲအား ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်သူများကို သင်တန်းတက်ရောက်ခွင့်ပြုမည်။

 

လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှု အသိအမှတ်ပြုသင်တန်းတွင် ထူးချွန်စွာ အောင်မြင်သော အစိုးရနည်းပညာ အထက်တန်းကျောင်းမှ မော်တော်ယာဥ်နည်းပညာ သင်တန်းဘာသာရပ် (သို့မဟုတ်) စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာ သင်တန်းဘာသာရပ်တို့ဖြင့် အောင်မြင်ပြီးသူများ အစိုးရနည်းပညာ ကောလိပ် နှင့် အစိုးရ စက်မှုလက်မှု သိပ္ပံများ၌ ဖွင့်လှစ်မည့် စက်မှုလယ်ယာနည်းပညာ ဘာသာရပ်သင်တန်း ပထမနှစ်တွင် တက်ရောက်ရန် အခွင့်အရေး ရရှိမည်ဖြစ်ပါသည်။

 

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စက်မှုလယ်ယာဦးစီးဌာန ရုံးချုပ်၊ စီမံကိန်းဌာနခွဲ ဖုန်းအမှတ် ၀၆၇-၃၄၃၁၂၄၆ နှင့် စက်မှုလယ်ယာဗဟို သင်တန်းကျောင်း ၊ မိတ္ထီလာမြို့၊ ဖုန်းအမှတ် ၀၉-၄၅၈၁၄၉၄၇၁ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

 

Local News Vocational Read 790 times