Sales Hotline : 09448001653       Download App



စာမေးပွဲမတိုင်ခင် လုံး၀မပြုလုပ်သင့်သော အချက် ( ၈ ) ချက်

 

စာမေးပွဲဖြေဖို့အတွက် ပြင်ဆင်ရတယ်ဆိုတာက ကြားရသလောက် စိတ်ဖိစီးစရာ မလိုပါဘူးနော်။ ဖိအားတွေကတော့ ရှိကောင်းရှိမှာပါ ဒါပေမယ့်လည်း ကျောင်းသားတွေက စာမေးပွဲကို ဘယ်လိုချဉ်းကပ်လဲဆိုတဲ့ မေးခွန်းကသာ ပိုပြီး အရေးပါပါတယ်။ 

နောက်ဆုံးစာမေးပွဲကြီးပဲ ဖြစ်ဖြစ် လပတ်စာမေးပွဲပဲဖြစ်ဖြစ် ဘယ်လိုစာမေးပွဲမဆို မဖြေခင်မှာ ကျောင်းသားများ အနေနဲ့ ဖိအားတစ်ခုသဖွယ် အမှုမဲ့ အမှတ်မဲ့ လုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့်လေးတွေရှိကြပါတယ်။ အဲဒါကြောင့် အခုဖော်ပြသွားမှာကတော့ ကျောင်းသားတွေ အနေနဲ့ စာမေးပွဲမဖြေခင်မှာ ရှောင်သင့်တဲ့ အချက်လေး (၈)ချက်ပါပဲ။ သင့်ရဲ့ စိတ်ဖိစီးနေတဲ့ နာရီပေါင်းများစွာကို စွမ်းအင်တွေအဖြစ် ဖန်တီးလိုက်ပါနော်။ 



 

  1. နောက်ဆုံးမိနစ်မှ စုပြုံလုပ်ခြင်း

ကျောင်းသားတော်တော်များများကတော့ စာမေးပွဲဘယ်ရက်ဖြေရမလဲဆိုတာမျိုး ကြိုပြီး သိထားနှင့်ပြီးသား ဖြစ်ကြမှာပါ။ ဒီအတွက် ကြိုတင်ပြင်ဆင်ရမယ့်ဆိုတာလည်း ကျောင်းသား အားလုံး အနေနဲ့ သိကိုသိရမယ့် အချက်ပဲဖြစ်ပါတယ်။ ဖြေဆိုရမယ့် ဘာသာရပ်များအတွက် သင့်တော်တဲ့ စာလေ့လာချိန် အချိန်ဇယား ဆွဲပါ။ အချိန်များများပေးနိုင်လေ စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်လေပါပဲ။ စာမေးပွဲဖြေဆိုခါနီး နောက်ဆုံးမိနစ်မှာ အားလုံးကို ချထားလိုက်ပါ။အနားနီးမှ ၀ရုန်းသုန်းကား လေ့လာခြင်းက သင့်ကို စမတ်မဖြစ်စေသလို ဦးနှောက်ထဲကို စာတွေပြွတ်သိပ်ထည့်သွင်းခြင်းကလည်း ပြန်ပြီး မှတ်မိနိုင်ဖို့ရာ အလွန်ခဲယဥ်းပါတယ်။ ဒါကြောင့်မို့လို့ စာမေးပွဲဖြေခါနီး နောက်ဆုံးမိနစ်အလိုမှာ အလောတကြီး ပြုလုပ်ခြင်းကို အထူးရှောင်ရှားသင့်ပါတယ်။


 

  1. ရှိတဲ့ အနေအထားထက် ပိုမျှော်မှန်းခြင်း

ရည်မှန်းချက်မြင့်မြင့်ထားတာက သင့်အတွက် ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်သော်လည်း လိုတာထက်ပိုထားမိပါကလည်း သင်မျှော်မှန်းထားသလို ဖြစ်မလာတဲ့ အခါမှာ အရာအားလုံးက ပြိုပျက် ပျက်စီးသွားသလို ခံစားရမှာ အမှန်ပဲဖြစ်ပါတယ်။ သင့်ရဲ့ လက်တွေ့ ရှိနေတဲ့ အနေအထားကို သင်ကိုယ်တိုင်သာ အကဲအဖြတ်နိုင်ဆုံးပါပဲ။ သင်လိုချင်တဲ့ ရလာဒ်တစ်ခုကို တကယ်ဖြစ်ရမယ်လို့ စိတ်နှလုံးသွင်းပြီး ချမှတ်ပါ။ အမှတ်များများလဲလိုချင်တယ် လေ့လာရမှာတွေကလည်း အများကြီး ကျန်သေးတယ်ဆိုရင်တော့ သင့်ကိုယ်သင် အလုပ်ပိုပေးသလိုဖြစ်ပြီး အောင်မြင်မှုလည်း ထင်သလောက်ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အရှိအနေအထားကို လက်ခံပြီး စစ်မှန်တဲ့ ပန်းတိုင်ကိုသာ ချမှတ်ပြီး အောင်မြင်မှုကို ရယူပါ။

 

  1. အနားယူချိန်ကို လိုတာထက်ပိုပေးခြင်း

စာကို တောက်လျှောက်ကြီး လေ့လာတာထက် အနားယူချိန်ကို သီးသန့်ပေးပြီး လေ့လာတာက ပိုပြီးကောင်းမွန်တယ်လို့ သင့်ကျောင်းမှ ဆရာ/ဆရာမ များ ရံဖန်ရံခါပြောပြတာကို ကြားဖူးကြမှာပါ။ဒါပေမဲ့ Limit ထားဖို့တော့ လိုပါတယ်။ ငါးမိနစ် အနားယူခြင်းမှသည် TV ကြည့်တာ ၁၀ မိနစ် ဖုန်းသုံးတာ ၁ နာရီ ဖြစ်မသွားဖို့တော့ အထူးလိုအပ်ပါတယ်။ အချိန်ကြာမြင့်စွာ အနားယူခြင်းက သင့်ရဲ့ စာလေ့လာမှုအားကို လျော့နည်းစေသလို စာကျက်ချင်တဲ့စိတ် ပြန်ရဖို့ကိုလည်း ပိုမိုခက်ခဲစေပါတယ်။ ဒါကြောင့် သင့်ရဲ့ အားလပ်ချိန်ကို စနစ်တကျ ချမှတ်ပြီး စာအုပ်တွေဆီပြန်သွားချင်စိတ်ကို မွေးမြူနိုင်ပါစေ။

 

  1. အကြောင်းအရာ အသစ်များ ထပ်မံလေ့လာခြင်း

စာမေးပွဲဖြေဆိုခါနီးမှ ကိုယ်လုံး၀မမြင်ဖူး မတွေ့ဖူး မလေ့လာရဖူးသေးသည့် အကြောင်းအရာများကို အလောတကြီး ထပ်မံလေ့လာ ကျက်မှတ်ခြင်းက သင့်ရဲ့ ရှိရင်းစွဲ ကျက်ပြီးသား စာများကိုပါ မေ့လျော့စေနိုင်ပါတယ်။ ကိုယ် အသေအချာ ပြင်ဆင်ထားတဲ့ စာများကိုသာ ကျေညက်အောင် ထပ်မံလေ့လာပြီး အကြောင်းအရာ အသစ်များကို အနားနီးမှ စုပြုံထည့်ခြင်းမှ ရှောင်ရှား၍ အချိန်ကို အကျိုးရှိအောင် အသုံးချလိုက်ပါ။

 

  1. အစားအစာ စားသုံးမှုနှင့် အိပ်စက်ချိန် နည်းပါးခြင်း

ကိုယ်ခန္ဓာအတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အစားအသောက် စားသုံးခြင်း နှင့် အိပ်စက်ခြင်းအတွက် လိုအပ်တဲ့ ဖိအားထက်ပိုပြီး အဖြစ်မခံပါနဲ့။ ကျောင်းသားအများစုက စာမေးပွဲနီးမှ အိပ်ငိုက်မှာ စိုးတာကြောင့် အစားလျော့စားတာတို့ ၊ စိတ်ဖိစီးမှုကြောင့် မစားနိုင်မသောက်နိုင်ဖြစ်တာတို့ ၊ စာကျက်ချိန်နည်းမှာစိုးတာကြောင့် အိပ်ချိန်လျော့ချတာတို့ လုပ်လေ့ရှိကြပါတယ်။ ဒါဟာလုံး၀ကို မှားယွင်းတဲ့ အချက်ပါပဲ။ အအိပ်၊ အစားဆိုတာ ကိုယ်ခန္ဓာအတွက် အဓိက လောင်ကျွမ်းပေးရမယ့် အခြေခံ လောင်စာတွေပါပဲ။ စာလောင်နေတဲ့ ၀မ်းနဲ့ ငိုက်မျည်းနေတဲ့ မျက်လုံးတွေက သင့်ရဲ့ အာရုံကြောလေးတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် စာမေးပွဲဖြေခါနီးတိုင်း အစားကို အာဟာရနဲ့ သင့်တင့်ညီမျှအောင် စားသုံးပြီး လိုအပ်တဲ့ အိပ်ချိန်အပြည့်အ၀အိပ်ဖို့ အကြံပေးချင်ပါတယ်။


 

  1. ဖုန်းအလွံအကျွံသုံးစွဲခြင်း နှင့် ဂိမ်းဆော့ခြင်း

အထက်ပါနည်းလမ်းတွေကတော့ သင့်ဦးနှောက်ကို စာကျက်ချိန်အတွင်း ကောင်းမွန်စွာ အနားပေးဖို့အတွက် သင့်တော်တဲ့ နည်းလမ်းတွေ လုံး၀ လုံး၀ မဟုတ်ပါဘူး။ စာကျက်ချိန်အတွင်းမှာပင် သင့်ရဲ့ ဦးနှောက် နှင့် အာရုံကြောလေးများက စွမ်းအင်များစွာကို ကုန်ဆုံးစေပြီးသားပါ။ သင့်ရဲ့ အနားယူချိန်မှာပါ ဖုန်းသုံးမယ် ဂိမ်းဆော့မယ်ဆိုရင် သင့်ရဲ့ ဦးနှောက်ကလည်း အလုပ်ဆက်လုပ်ရပြီး ပြည့်၀လုံလောက်တဲ့ အနားယူခြင်းမျိုးကို လုံး၀ ရရှိစေမှာ မဟုတ်ပါဘူး။ အဲဒီအစား လမ်းလျှောက်ပါ၊သီချင်းနားထောင်ပါ ၊ အာရုံကြောများကို အကောင်းဆုံး အနားပေးနိုင်မည့် အရာများကိုသာ လုပ်ဆောင်ပါ။


 

  1. စာအုပ် ၊ မှတ်စုများ နှင့် ရှုပ်ပွနေတတ်ခြင်း

များသောအားဖြင့် သင့်ရဲ့ စာကြည့်စားပွဲပေါ် ၊ အိပ်ရာပေါ်မှာ စာအုပ်တွေ မှတ်စုတွေ နဲ့ ရှုပ်ပွနေတတ်ခြင်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာပါ။ ထိုကဲ့သို့ ထားသိုခြင်းက စာလေ့လာရာတွင် လိုတဲ့စာအုပ်ကို လိုက်ရှာစရာ မလိုပဲ အနားမှ ကောက်ယူ ဆွဲထုတ်နိုင်သည့်အတွက် အချိန်ကုန် သက်သာရာ ရောက်ကောင်းရောက်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း ရှုပ်ပွနေတဲ့ စာအုပ်ပုံကြီးက သင့်ရဲ့ ဦးနှောက် နဲ့ အာရုံကြော စိတ်အခြေအနေအတွက် လန်းဆန်းမှုကို လုံး၀ မရရှိစေနိုင်ပါဘူး။ အာရုံစူးစိုက်မှုကို ပျက်စီးစေနိုင်ပြီး နောက်ဆုံးမှာ စိတ်ဖိစီးမှုပါ ဖြစ်စေနိုင်ပါသေးတယ်။ စာမေးပွဲဘယ်လောက်နီးနီး စာအုပ်တွေကို စည်းကမ်းရှိရှိကိုင်တွယ်ပါ။ စနစ်တကျထားပါ။ ယူတဲ့နေရာကို ပြန်ထားပါ။



 

  1. တစ်ခြားသူများနှင့် အလွန်အကြူး ယှဥ်ပြိုင်ခြင်း

သင့်ကိုယ်သင် တခြားသူများနှင့် ယှဥ်ပြိုင်သုံးသပ်ခြင်းက အတိုင်းအတာ တစ်ခုထိကောင်းမွန်ပေမယ့် အလွန်အကြူးပြိုင်ဆိုင်မိပြီဆိုရင်တော့ အချိန်မှီ ဘရိတ်အုတ်ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ လေ့လာကျက်မှတ်မှု နည်းလမ်းကအကောင်းမွန်ဆုံးဖြစ်ပြီး သင့်မှာ ထူးခြားတဲ့ အရည်အချင်းတွေပိုင်ဆိုင်ထားတယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အကောင်းဆုံးထားပါ။ တစ်ချို့သော ယှဥ်ပြိုင်မှုတွေက သင့်အတွက် စိတ်ဖိစီးမှု ဖြစ်နိုင်တဲ့ အပြင် သင့်ရဲ့ ရှိနေရမယ့် စာလေ့လာချိန်ကိုပါ လျော့နည်းစေနိုင်ပြီး စာမေးပွဲကိုပါ ထိခိုက်စေနိုင်ပါတယ်။ သင်လုပ်နိုင်တာ မှန်သမျှကိုလုပ်ပါ။ အကောင်းဆုံးကြိုးစားပါ။ စာမေးပွဲဆိုတာ ဘယ်တော့မှ အပြေးပြိုင်ပွဲတစ်ခု မဟုတ်ပါဘူး။

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကို ဂရုတစိုက်နဲ့ ရှောင်ရှားပြီး စာမေးပွဲအတွက် နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ လေ့လာကျက်မှတ်မယ်ဆိုရင် သင်ဟာ အကောင်းဆုံးရလာဒ်ကို ရရှိနိုင်မှာ မလွဲဧကန်ပါပဲ။

 

High Primary Secondary Read 1856 times