Sales Hotline : 09448001653       Download App



"တက္ကသိုလ်ကျောင်းသားများ စာလုပ်ဖို့ အပျင်းထူတဲ့ရောဂါကို ဖြေရှင်းဖို့နည်းလမ်း (၅) ခု"

 

"တက္ကသိုလ်ကျောင်းသားများ စာလုပ်ဖို့ အပျင်းထူတဲ့ရောဂါကို ဖြေရှင်းဖို့နည်းလမ်း (၅) ခု"

ကိုယ်မရဆုံးဘာသာရပ် မနက်ဖြန်ဖြေရမယ်၊ စာမကျက်ရသေးဘူး၊ ဖတ်စာအုပ်တောင် လှန်မကြည့်ရသေးဘူး၊ စာမေးပွဲရှိတယ်ဆိုတာတောင် ခုလေးတင် သတိရတယ်။

“ သွားပြီ ” ဆိုတဲ့အတွေး ချက်ချင်းဝင်လာတယ်။ လုပ်စရာတွေများပြီး အချိန်နည်းနည်းပဲ ကျန်တော့တယ်။ ဒါမျိုးတွေကို အချိန်ဆွဲလွန်းတဲ့ တက္ကသိုလ်ကျောင်းသားတွေ တော်တော်များများ ကြုံဖူးကြပါတယ်။

ဒီနည်းလမ်း (၅) ခုကတော့ စာမေးပွဲဖြေမယ့်ညကို ကျော်ဖြတ်၊ Test ကိုလည်း အပြတ်အသတ်ပိုင်အောင်ဖြေ၊ ပြီးတော့ ရှေ့လျှောက်လည်း စာကျက်မှတ်မှု အကျင့်ကောင်းလေးတွေ မွေးမြူကြဖို့ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

 

 

၁။ “ … ရင် ဘယ်လိုလုပ်မလဲ ” ဆိုတဲ့အတွေးတွေနဲ့ အချိန်မဖြုန်းပါနဲ့
ဖြစ်ပျက်ခဲ့တာတွေကို ဘာမှပြန်လုပ်လို့ မရတော့ပါဘူး။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး အချိန်တွေဆွဲခဲ့ပြီးပြီလေ၊ ဒါကို လက်ခံပြီး Test အတွက် စတင်ပြင်ဆင်ပါ။

ရှေ့အပတ်ကသာ ဆရာမပြောသလို စာစကျက်လိုက်ရင်ကောင်းသားဆိုပြီး စိတ်ပူနေတာတွေက ဘာမှထူးမလာပါဘူး။

ကိုယ့်ရဲ့တစ်ညတာ တန်ဖိုးရှိတဲ့အချိန်နဲ့ အင်အားတွေကိုပါ ထပ်ဖြုန်းလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ အခုအချိန်မှာ အလုပ်သင့်ဆုံးအရက စိတ်ကိုငြိမ်ငြိမ်ထားပြီး အရာရာကို စာထဲမှာပဲ အာရုံစူးစိုက်ထားရမှာပဲ ဖြစ်ပါတယ်။

၂။ စိတ်ပြန့်လွင့်မှု မရှိစေနဲ့
ခုခေတ် ဆယ်ကျော်သက်လေးတွေမှာ ဖြစ်ပွားနေတဲ့ စိတ်ပြန့်လွင့်မှုကပ်ရောဂါတွေဖြစ်တဲ့ Messenger ၊ Viber ၊ Snapchat ၊ YouTube အားလုံးအတွက် အကြံတစ်ခုပဲ ပေးပါရစေ၊ ခုခံတွန်းလှန်ပါ။

ကိုယ့် Instagram Story က နောက်မှတင်လည်းရတယ်။ Facebook လည်း မနက်ဖြန်အထိ ရှိနေဦးမှာပါ။

ပြီးတော့ “ စာတွေ အသားကုန်ကျက် ” ဆိုပြီး ဓာတ်ပုံနဲ့တကွ လိုင်းမှာမတင်လည်း သူငယ်ချင်းတွေက ခွင့်လွှတ်ပါတယ်။ ဒါပေမယ့် အဲ့လိုတင်ချင်စိတ်တွေ အရမ်းကို ပြင်းပြနေတယ်ဆိုရင်တော့ ဖုန်း၊ တက်ဘလက်ကို ပါဝါပိတ်ပြီး တခြားအခန်းမှာ သွားထားလိုက်ပါ။

နည်းပညာက ကျွန်တော်တို့စိတ်ကို ဖမ်းစားပါတယ်၊ ကျွန်တော်တို့ မသိခင်မှာပဲ နာရီဝက်လောက်က အသာလေးကုန်သွားတာပါ။ ဒီတော့ စည်းကမ်းလေးထားပြီး စိတ်ပြန့်လွင့်ချင်စိတ်တွေကို ခုခံတွန်းလှန်ပါ။

၃။ ကိုယ့်ခွန်အားကို အရေးကြီးတာတွေအတွက် ဦးစားပေးပါ
ကိုယ့်ခွန်အားတွေကို Broad Concepts တွေအတွက် အရင်ဦးစားပေးပါ၊ ပြီးတော့မှ အဲ့ဒီ Framework ကိုသုံးပြီး သူနဲ့သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို ထပ်ပေါင်းထည့်ပါ။

ဒီလိုစာကျက်နည်းကတော့ အတွေ့အကြုံများလေ ပိုလွယ်လေဖြစ်ပါတယ်၊ အဲ့ဒီတော့ အခုချိန်မှာ အခက်အခဲတွေရှိနေရင် စိတ်မပူပါနဲ့။

အရင်က ဆရာမပေးခဲ့တဲ့ Tests တွေကို ပြန်လေ့လာဆန်းစစ်ကြည့်ပါ၊ ပြီးရင် ကျောင်းသားတွေအတွက် ဘယ်ဟာက ပိုလိုအပ်လဲ၊ ဘာတွေ ပိုသိစေ တတ်စေချင်လဲဆိုတာကို သူတို့နေရာကနေ တွေးကြည့်ပါ။

ကိုယ့်ဆရာမက Essay-based Tests တွေကို သဘောကျနေတဲ့အချိန်မှာ အနော်ရထာမင်းနန်းတက်ခဲ့တဲ့ ခုနှစ်၊ သက္ကရာဇ်တွေကို အသေးစိတ် လိုက်ကျက်ပြီး အချိန်ဖြုန်းတာကတော့ ကိုယ်မလုပ်သင့်ဆုံးပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ သက်ဆိုင်တဲ့ အရာတွေကို ပိုအသားပေးပြီး သူနဲ့ပတ်သက်တဲ့ အိုင်ဒီယာနဲ့ အကြောင်းအရာတွေကို အချိန်အများဆုံးပေးပြီး ကျက်မှတ်ပါ။

၄။ အိပ်ရာဝင်ပါ
ညဉ့်နက်တဲ့ထိ စာကျက်ပေမယ့် စာမရတဲ့အချိန်မျိုးတွေ ရှိတတ်ပါတယ်၊ ဒီအချိန်မျိုး ကြုံလာရတယ်ဆိုရင်တော့ ကောင်းကောင်းအိပ်စက်လိုက်တာက ကိုယ့်အတွက် ပိုကောင်းပါတယ်။

ဘယ်လောက်အိပ်မှ အိပ်ရေးဝတယ်ဆိုတာကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ကျွန်တော်ကတော့ နောက်နေ့မနက်မှာ လန်းလန်းဆန်းဆန်း နိုးထဖို့အတွက် ပျမ်းမျှ ၆ နာရီ ၇ နာရီလောက် အိပ်ချိန်လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆယ်ကျော်သက်တွေ၊ အထူးသဖြင့် ပထမနှစ် ကျောင်းသားလေးတွေအတွက်ကတော့ ဒီထက်ပိုလိုမှာပေါ့။ ဒီတော့ အိပ်သာအိပ်ပါ။

ဟုတ်တယ်လေ မနက်ကျရင်ပဲ ဖြေရတော့မယ်ဆိုတော့ ကောင်းကောင်းအိပ်စက်ပြီး ကိုယ်ကျက်ခဲ့သမျှစာတွေ ( ပြီးတော့ ကိုယ်မကျက်ထားတဲ့စာတွေကိုလည်း ကြောင်းကျိုးဆက်စပ်ပြီး ရွှီးတတ်ခြင်း) အားလုံးကိုပြန်မှတ်မိတာက တစ်ညလုံး ရှိသမျှစာတွေ ပြွတ်သိပ်ကျက်မှတ်ပြီး စာမေးပွဲခန်းထဲမှာ အားလုံးမေ့သွားတာထက် ပိုကောင်းပါတယ်။


၅။ ဒီလို နောက်တစ်ခါ ပြန်မလုပ်ပါနဲ့
ဖြေမယ့်ညမှ စာအသားကုန်ကျက်ရတာ ဘယ်လောက်ထိ ပင်ပန်းခက်ခဲတယ်ဆိုတာ သိရဲ့သားနဲ့ အဲ့လိုပဲ ပြန်လုပ်ဖြစ်တာလောက် ဆိုးရွားတာမရှိတော့ပါဘူး။

ဒီတော့ စိတ်ပင်ပန်းမှုတွေ လတ်လတ်ဆတ်ဆတ် ရှိနေတုန်းမှာ နောက်တစ်ခါ အချိန်မဆွဲဖို့ ကိုယ့်ကိုယ်ကို အခုပဲ ကတိပြုလိုက်ပါ။

တကယ်လုပ်ရတာထက် ပြောတာကပိုလွယ်ပါတယ်။ ကျွန်တော်တို့က ခြောက်ပစ်ကင်းသဲလဲစင်တွေ မဟုတ်ကြတဲ့အတွက် မကြာခဏဆိုသလို Assignment တွေကို နေ့ရွှေ့ညရွှေ့ လုပ်မိကြဦးမှာပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ဒီလိုမကောင်းတဲ့ အခြေအနေတွေကို ရှောင်ပါ့မယ်လို့ ကတိကဝတ်ပြုထားတဲ့အတွက် စာကျက်မှတ်မှု အလေ့အကျင့်ကောင်းလေးတွေ မွေးမြူဖြစ်သွားပြီး ရောဂါလက္ခဏာ (Test မတိုင်ခင် စိုးရိမ်နေခြင်း) တွေကိုသာမက တကယ့်ပြသနာ (အချိန်ဆွဲခြင်း) ကိုပါ တိုက်ရိုက်ကူညီ ဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။

University / College Read 790 times