Sales Hotline : 09448001653       Download App



အိမ်မှာ အလုပ်မပျက်ဘဲ  အင်္ဂလိပ်စာ လေ့လာကြစို့ 

 

အိမ်မှာ အလုပ်မပျက်ဘဲ  အင်္ဂလိပ်စာ လေ့လာကြစို့ 
ကလေးလုပ်ပါ၊ သူငယ်ပြန်ပါ
ကလေးစာအုပ်လေးတွေ ဖတ်ပါ။ Graded Readers တွေ ဖတ်ပါ။ ကလေးစာပေဆိုပြီး အထင်မသေးပါနဲ့။ အခြေခံကျကျ အသံးအနှုန်း မှန်မှန်ကန်ကန် အဲဒီကနေ ရပါလိမ့်မယ်။ ကိုယ်မသိထားသေးတဲ့ အသုံးအနှုန်းတွေလည်း တွေ့မိပါလိမ့်မယ်။Audio book တွေလည်း လာတတ်လို့ အားချိန်မှာ စာအုပ်နဲ့တွဲပြီး နားထောင်ရင်း အသံထွက်ဖတ်လို့ ရပါတယ်။

အဓိက ပြောချင်တာက လူကြီးတွေမှာ လိုနေတတ်တဲ့ အခြေခံလေးတွေကို ကလေးစာပေဖတ်ရင်း ရနိုင်တယ်ဆိုတာ အကြံပေးချင်တာပါ။ အလုပ်သွားအလုပ်ပြန် ကားမောင်းရင်း ကားစီးရင်း ရထားစီးရင်း ဆိုင်ကယ်စီးရင်းလည်း နားထောင်လို့ ရတယ်နော်။

 

Social Media ကို အသုံးချပါ
Facebook အပါအဝင် social media တွေကနေ သင်ယူတတ်မယ်ဆို သင်ယူစရာ အများကြီးပါ။ English ဘာသာစကား လမ်းညွှန်တွေ သင်ခန်းစာတွေ နေ့စဉ် တင်ပေးနေတဲ့ page တွေ အများကြီး ရှိပါတယ်။ like လုပ်ထား … follow လုပ်ထားပါ။ နိုင်ငံတကာက အင်္ဂလိပ်ဘာသာစကား လေ့လာနေသူတွေ ဖွဲ့ထားတဲ့ group တွေ ရှိပါတယ်။ member ဝင်ထားပါ။ friend မဟုတ်နေရင်တောင် သူတို့နဲ့ အဆက်အသွယ် ရှိနေပါမယ်။

ကိုယ် စိတ်ဝင်စားရာခေါင်းစဉ်ရှိရင် မှားမှာမကြောက်ဘဲ အင်္ဂလိပ်လို ပါဝင် ဆွေးနွေးပါ။ comment ပေးပါ။ မေးလိုတာကို မေးပါ။ ဒီနည်းအားဖြင့်လည်း အရေးအဖတ်စွမ်းရည်များ အတိုင်းအတာတစ်ခုထိ လေ့ကျင့်ပြီးသား ဖြစ်ပါတယ်။

 

Diary ရေးပါ
အင်္ဂလိပ်လို diary လေး ကြိုးစားပြီး ရေးကြည့်ပါလား။ အသေးစိတ် ရေးဖို့ မဆိုလိုသလို အစပိုင်းမှာ broken English လည်း ဖြစ်ရင် ဖြစ်မှာပေါ့၊ အမှားလည်း ပါနိုင်တာပေါ့။ အရေးကြီးတာက ရေးဖြစ်တဲ့ အလေ့အကျင့် ဖြစ်စေချင်တာပါ။ Accuracy မှန်ဖို့ထက် fluency ချောချောမွေ့မွေ့ လက်ကရေးထွက်ဖို့ ပို ရည်ရွယ်ပါတယ်။

Online မှာလည်း ရေးလို့ရပါတယ်။ ကိုယ်ပိုင် blog လေးတွေမှာ တစ်ကြောင်းစ နှစ်ကြောင်းစကနေ စပြီး ရေးလည်း ရတာပဲ။
ကျွန်တော်တောင် online မှာ ရောက်တတ်ရာရာ စာတိုပေစ ရေးရင်း (မြန်မာလို ဆိုလိုတာပါ။) ရေးလိုရာရာကို လူနားလည်အောင် တဖြည်းဖြည်း ရေးတတ်လာသလို ခံစားရပါတယ်။

ကိုယ်ရေးတာကို ပိုပြီး ယုံကြည်မှု ဖြစ်လာစေတယ်။ တစ်ရက်တစ်ရက်ကို ငါးမိနစ် ဆယ်မိနစ် အချိန်ပေးပြီး ခေါင်းထဲပေါ်တာ ရောက်တတ်ရာရာကို ballpen မလွှတ်တမ်း keyboard က လက်မခွာစတမ်း ချရေးကြည့်ပါလား။ ရှေ့ပိုင်းမှာခက်ပေမယ့် တဖြည်းဖြည်း တိုးတက်လာပါလိမ့်မယ်။

 

သိသူဖော်စားတဲ့ ရတနာသိုက်

အရှေ့မှာ social media အကြောင်း ပြောပြီးသွားပါပြီ။ အဲဒါကတော့ Facebook သုံးရင်း နည်းနည်းစီ သင်ယူနည်းပေါ့။ ခုပြောမှာကတော့ အင်္ဂလိပ်စာ သင်ကြားပေးတဲ့ website တွေ အကြောင်းပါ။ မြန်မာလို ရေးထားတာဆို Myanmar Network လို ဆိုက်တွေ ရှိပါမယ်။ ဒါ့အပြင် ကိုယ် အားတဲ့အချိန်လေးအတွင်း ညဖက်ဖြစ်ဖြစ် မနက်စေစောဖြစ်ဖြစ် အချိန်သတ်မှတ်ချက်မရှိ အားရင်အားသလို အင်္ဂလိပ်ဘာသာစကား အခမဲ့ လေ့လာသင်ယူနိုင်တဲ့ website တွေလည်း အများကြီးပါ။ ဥပမာအားဖြင့် coursera တို့ futurelearn တို့ပါ။ လွယ်လွယ်ကူကူပဲ စာရင်း ပေးလို့ ရပါတယ်။

နိုင်ငံတကာက စိတ်ပါဝင်စားသူတွေနဲ့အတူတူ စာသင်တဲ့ video clip လေးတွေ ကြည့်လိုက်၊ audio file လေးတွေ ဖွင့် နားထောင်လိုက်၊ pdf စာအုပ်လေးတွေ download လုပ်ပြီး ဖတ်ကြည့်လိုက်၊ မေးထားတဲ့ မေးခွန်းလေးတွေ ဝင်ဖြေလိုက်၊ ကိုယ်က မေးချင်တာ မေးလိုက်နဲ့ဆို အင်္ဂလိပ်ဘာသာစကားနဲ့ အဆက်မပြတ် လေ့လာသင်ယူနေဖြစ်တာပေါ့။ BBC Learning English တို့လို website တွေလည်း ရှိပါတယ်။ အများကြီးပါ။ Youtube တို့ study.com တို့လည်း အပါအဝင်ပေါ့။ ပိုက်ဆံပေးပြီး တက်ရတဲ့ သင်တန်းတွေလည်း online မှာ တစ်ပုံတစ်ပင်ပါ။

Academic ပိုင်း ပိုဆန်တဲ့ အင်္ဂလိပ်စာ လေ့လာသူတို့အတွက်ဆို TED talk တွေ နားထောင်စေချင်ပါတယ်။ ဥပမာအားဖြင့် IELTS ဖြေဆိုဖို့ လေ့ကျင့်နေကြသူများအတွက်ပါ။ subtitle ပါ တွဲလျက် download လုပ်လို့ရတော့ အတိုင်းထက်အလွန်ပါပဲဗျာ။

File size အကြီးကြီးတွေ မဟုတ်ပါဘူး။ တော်တော် သေးသေးလေးတွေပါ။ဒီအတွက် အင်တာနက် အသုံးစရိတ် တစ်လကို တစ်သောင်းနှစ်သောင်းထက် မပိုပါဘူး။ ပြန်ရမယ့် အကျိုးအမြတ်က အလွန် အဖိုးတန်ပါတယ်။ မြန်မာပြည် internet speed ဘာဖြစ်တယ်ညာဖြစ်တယ် စိတ်မပူပါနဲ့ ရပါတယ်။ ကျွန်တော်လည်း ဖုန်းတစ်လုံးlaptop တစ်လုံးနဲ့ ကျောင်းတောင်တက်လာတာပါ။ မနက်စောစောလိုမျိုးဆို streaming တောင် လုပ်လို့ရပါသေးတယ်။

 

ပြောဖြစ်အောင်ပြော

အင်္ဂလိပ်စကားပြောတတ်ချင်ရင် အရေးအကြီးဆုံက ပြောဖြစ်အောင်ပြောဖို့ပါ။ ပြောရမယ့်သူ မရှိဖြစ်နေရင် ကိုယ့်ဟာကိုယ် ပြော .. အသံသွင်းထား၊ ပြန်နားထောင်ကြည့်ပါ။ ဖုန်းတစ်လုံးရှိရင် ကိုယ်ပြောတာကိုယ် နားထောင်ကြည့်လို့ ရပါပြီ။

အရှေ့မှာ ပြောခဲ့တဲ့ စာအုပ်ကို အသံထွက်ဖတ်တာ ရုပ်ရှင်ထဲက ဒိုင်ယာလော့ခ်တွေ လိုက်ရွတ်တာတွေကို ဖုန်းတစ်လုံးနဲ့ အသံသွင်းထားပြီး ပြန် နားထောင်ကြည့်  ကိုယ် ဘာတွေလိုနေတာလည်း ကိုယ့်ဟာကိုယ် သိပါလိမ့်မယ်။ နီးစပ်ရာ ဆရာတစ်ဦးဦးကို ပေးနားထောင်ခိုင်း လို့လည်း ရပါတယ်။

တစ်ခါတစ်လေ ကိုယ့်နားမှာ ကဲ့ရဲ့လှောင်ပြောင်မယ့်သူ မရှိဘူး ဆိုလည်း တစ်ယာက်ထဲ တတွတ်တွတ် အင်္ဂလိပ်လိုပြောပြီး အသံကူးထားကြည့်ပေါ့ဗျာ။ ဒါကတော့ ပြောစရာ အဖော်လည်း မရှိမယ့်သူမျိုးတွေ မဖြစ်ဖြစ်အောင် ပြောထွက်အောင် လုပ်တာပါ။

နိုင်ငံခြားသား မိတ်ဆွေ တစ်ဦးဦးနဲ့ သိကြွမ်းတယ်ဆိုလည်း သူနဲ့ ကြုံတိုင်းဆုံတိုင်း တစ်လုံးစနှစ်လုံးစဖြစ်ဖြစ် ရအောင်ပြော။ အဓိကက ပြောထွက်ဖို့ပါ၊ မှားတာမှန်တာ နောက်တစ်ဆင့်။ များသောအားဖြင့် ကြုံရတဲ့ ပြသနာက မပြောရဲတာ ကိုယ့်နှုတ်ကနေ အင်္ဂလိပ်လို ပြောမထွက်တာမျိုးကိုး၊ နှုတ်ရဲစေဖို့ လေ့ကျင့်ခန်းပေါ့။

 

နိဂုံးချုပ်ရရင်
ဘာသာစကားတစ်ခု တတ်ကျွမ်းဖို့အတွက် ဖြတ်လမ်း မရှိပါ။ အဲဒီဘာသာစကားနဲ့ အကြိမ်ကြိမ်အခါခါ လက်ပွန်းတတီး ထိတွေ့နေမှသာ ရတာမျိုးပါ။ အဲလိုဝန်းကျင်ဖြစ်အောင် ကိုယ့်အိမ်မှာ ရအောင် ဖန်တီးယူပါ။ တကူးတက အချိန်ပေးပြီးလည်း လုပ်သင့်သလို တခြား အိမ်အလုပ် လုပ်ရင်း ကာယလေ့ကျင့်ခန်းလုပ်ရင်း အနားယူရင်း အင်္ဂလိပ်ဘာသာစကားနဲ့ ထိတွေ့မှု ရှိအောင်နေပါ။

တီဗီ ဖုန်း ကက်ဆက် ရေဒီယို နောက်ခံ background အနေနဲ့ အင်္ဂလိပ်လိုပြောနေ ဆိုနေတာ တစ်ခုခု ဖွင့်ထားပြီး
အလုပ်လုပ်ပါ။ အားစိုက်ထုတ်ပြီး နားထောင်မနေပါနဲ့  မိတ်ဆွေရဲ့နားထဲ ကြားမှန်းမသိ ကြားနေရရင်ကို ဦးနှောက်က သူ့ဟာသူ အလုပ်လုပ်နေပါလိမ့်မယ်။

သေးသေးမွှားမွှား လွယ်လွယ်ကူကူလေးတွေကစပြီး အပြောကျင့်ပါ။ ဘသာစကားတစ်ခု လေ့လာတာ ပျော်စရာအဖြစ် ရှုမြင်ပါ။ မကြောက်ပါနဲ့။ မှားလည်း ဘာမှ မဖြစ်ပါဘူး။

 

Credit: U Kyaw Moe Aung

Secondary Read 1209 times