သင်က STEM လို့ခေါ်တဲ့ သိပ္ပံ (Science)၊ နည်းပညာ (Technology)၊ အင်ဂျင်နီယာ (Engineering)၊ သင်္ချာ (Math) ဘာသာရပ် တစ်ခုခုကို သင်ကြားနေသူဆိုရင် ဘယ်လို သင်ကြားရေးနည်းလမ်းတွေကို အသုံးပြုသင့်တယ်လို့ ထင်ပါသလဲ။
STEM ဘာသာရပ်တွေက ရှုပ်ထွေးနက်နဲပြီး လက်တွေ့ဘ၀နဲ့ နီးစပ်တဲ့ ဘာသာရပ်တွေဖြစ်တာကြောင့် (Inquiry-based learning) စူးစမ်းလေ့လာမှုအခြေပြုသင်ယူနည်းကသာ ကျောင်းသားတွေရဲ့ နားလည်သဘောပေါက်နိုင်စွမ်းကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။
ဒီလို စူးစမ်းလေ့လာမှုအခြေပြုသင်ယူမှု နည်းလမ်းကို အသုံးပြုဖို့ဆိုရင် Engage၊ Explore၊ Explain၊ Elaborate နဲ့ Evaluate ဆိုတဲ့ E (၅) ဆင့်ကို မသိလို့ မရတော့ပါဘူး။ ဒါကို "5E Model of Teaching" လို့ ခေါ်ပြီး STEM ဘာသာရပ်တွေ သင်ကြားတဲ့အခါ အတော်လေး အသုံးဝင်တဲ့အတွက် အောက်မှာ အသေးစိတ် ရှင်းပြပေးပါမယ်။
Engage (တက်ကြွစွာပါဝင်ခြင်း)
ပထမဆုံးအဆင့်ကတော့ သင်ကြားသူတွေက သင်ယူတွေရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်ရပါမယ်။ ဒီနေ့ ခေါင်းစဉ်အသစ်တစ်ခု သင်ကြားမယ် ဆိုပါစို့။ ခေါင်းစဉ်အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျောင်သားတွေ ဘယ်လောက် သိထားလဲဆိုတာ မေးခွန်းလေးတွေ မေးကြည့်ပါ။ ခေါင်းစဉ်အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ ဥပမာလေးတွေ ပြောပြတာ၊ ပုံလေးတွေ၊ ဗီဒီယိုလေးတွေ ပြသတာမျိုး လုပ်ဆောင်ပါ။
ကျောင်းသားတွေကိုယ်တိုင် ဆက်စပ်တွေးခေါ်နိုင်အောင် သင်ခန်းစာမှာ ပါဝင်တဲ့ အချက်အလက်တွေကို မြေပုံပုံစံလေး ဆွဲပြပါ။ ကျောင်းသားတွေကိုယ်တိုင် သင်ခန်းစာမှာ တက်တက်ကြွကြွ ပါဝင်ဖို့ ဆရာ၊ ဆရာမတွေအနေနဲ့ သူတို့ရဲ့ အတွေးအမြင်တွေ၊ ထင်မြင်ယူဆချက်တွေကို အလေးပေးပါ။
Explore (စူးစမ်းရှာဖွေခြင်း)
ဒီအဆင့်မှာ သင်ကြားသူတွေက သင်ခန်းစာနဲ့ ပတ်သက်ပြီး လက်တွေ့ လုပ်ဆောင်ရပါမယ်။ ဥပမာ - သကြား ရေမှာ ပျော်ဝင်နိုင်ခြင်း ရှိ/မရှိ စမ်းသပ်ခိုင်းတာမျိုးကို ဆရာမက နည်းလမ်းပြောပြီး ကျောင်းသားတွေကို ကိုယ်တိုင် လုပ်ခိုင်းပါ။ ဒီလိုလုပ်ခြင်းက သင်ခန်းစာအကြောင်းအရာပေါ် ပိုမို စိတ်ဝင်စားလာစေပြီး တွေ့ရှိချက်တွေကိုလည်း ဆရာက ဒီအတိုင်း ပြောပြလိုက်တာထက် သူတို့ကိုယ်တိုင် မြင်တွေ့ရတဲ့အတွက် ပိုမို မှတ်မိစေပါတယ်။ ကျောင်းသားအချင်းချင်း အဖွဲ့နဲ့ လုပ်ဆောင်မယ်ဆိုရင် သူ့အမြင်၊ ကိုယ့်အမြင်ကိုလည်း အပြန်အလှန် ဆွေးနွေးနိုင်ပါတယ်။
Explain (ရှင်းပြခြင်း)
ကျောင်းသားတွေ ကိုယ်တိုင် လေ့လာပြီးရင် ဘာတွေ တွေ့ရှိရလဲဆိုတာကို ပြန်ရှင်းပြခိုင်းပါ။ သင်ကြားသူနဲ့ သင်ယူသူ အပြန်အလှန် ဆွေးနွေးပါ။ သင်ကြားသူဘက်ကလည်း မေးခွန်းတွေ မေးပါ။ သင်ယူသူဘက်က မေးလာတဲ့ မေးခွန်းတွေကိုလည်း သေချာ ပြန်ဖြေပေးပါ။ ကျောင်းသားတွေရဲ့ ကောက်ချက်ချမှုတွေကို အမှန်၊ အမှား ခွဲခြားပြပါ။ သင်ခန်းစာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ထပ်မံ ပြောပြသင့်တဲ့ အချက်အလက်တွေကို ဥပမာနဲ့တကွ ပြန်လည် ရှင်းပြပေးပါ။
Elaborate (ကျယ်ကျယ်ပြန့်ပြန့် သိရှိခြင်း)
ဒီအဆင့်မှာတော့ ကျောင်းသားတွေက သင်ခန်းစာအကြောင်းအရာကို အထိုက်အလျောက် နားလည်နေပါပြီ။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့ လက်တွေ့ အသုံးချနည်းကိုပါ ပြောပြပေးတာမျိုး လုပ်ဆောင်သင့်ပါတယ်။ ဥပမာ - လျှပ်စစ်အကြောင်း သင်တဲ့အခါမှာ လျှပ်စစ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို နားလည်သွားပေမဲ့ လျှပ်စစ်ဆိုတာ မီးအလင်းရဖို့ပဲ သုံးတာလို့ သိထားသေးတယ်ဆိုရင် Elaborate အဆင့်ကို မရောက်သေးလို့ပါ။ ဒါကြောင့် ဒီအဆင့်မှာ ကျောင်းသားတွေကို လျှပ်စစ်နဲ့ ပတ်သက်တဲ့ ထပ်ဆောင်းသိရမယ့် အကြောင်းအရာအသစ်တွေ၊ လေ့လာမှုအသစ်တွေ၊ အတွေ့အကြုံအသစ်တွေကို လက်တွေ့ဘ၀နဲ့ ချိတ်ဆက်ပြီး အသေးစိတ် ရှင်းပြပေးရမှာ ဖြစ်ပါတယ်။
Evaluate (အကဲဖြတ်စစ်ဆေးခြင်း)
နောက်ဆုံးအဆင့်လည်း ဖြစ်သလို သင်ယူမှုလုပ်ငန်းစဉ်ရဲ့ အရေးကြီးဆုံးအပိုင်းလို့ ပြောလည်း မမှားပါဘူး၊ ဘာကြောင့်လဲဆိုရင် တစ်လျှောက်လုံး သင်လာသမျှ၊ လေ့လာသမျှ၊ တွေ့ရှိသမျှကို ကျောင်းသားတွေအနေနဲ့ ဘယ်လောက်ထိ နားလည်သဘောပေါက်လဲဆိုတာ စစ်ဆေးတာမျိုး ဖြစ်ပါတယ်။ သင်ကြားနေစဉ်အတွင်းမှာလည်း အပိုင်းတစ်ပိုင်းစီကို အဖွင့်မေးခွန်းတွေ မေးပြီး ကျောင်းသားတွေရဲ့ နားလည်နိုင်စွမ်းကို အကဲဖြတ်နေလို့ ရပါတယ်။ သင်ခန်းစာ အခန်းတစ်ခန်း အပြီးထိ သင်ပြီးတဲ့အခါမှာလည်း အနှစ်ချုပ် မေးခွန်းတွေ မေးပြီး စစ်ဆေးနိုင်ပါတယ်။ ဒီလို အကဲဖြတ်စစ်ဆေးမှလည်း ကိုယ်သတ်မှတ်ထားတဲ့ သင်ကြားရေးပန်းတိုင်ကို ကျောင်းသားတွေ လိုက်နိုင်ရဲ့လား၊ ထပ်ရှင်းပြဖို့ လိုသေးလားဆိုတာကို သိမှာ ဖြစ်ပြီး ကျောင်းသားတစ်ဦးချင်းစီရဲ့ တိုးတက်မှုကိုလည်း သိနိုင်ပါတယ်။
အကဲဖြတ်စစ်ဆေးနည်း (၇) နည်း > https://www.edge.com.mm/article/7-types-of-assessments.html
သုတေသနပြုချက်တွေအရ ဒီအဆင့်တွေကို ကျော်ပြီး လုပ်မိရင် (ဥပမာ - Explore မလုပ်ဘဲ Explain ကို တန်းသွားတာ) သင်ယူမှုအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဖော်ပြပါ အဆင့်အတိုင်း အစဉ်အတိုင်း သွားတာ ပိုကောင်းပါတယ်။
နောက်တစ်ခုက အချိန်လည်း ရှိတယ်၊ စာကလည်း နားလည်ဖို့ ခက်နေတယ်၊ ကျောင်းသားတွေကလည်း စိတ်ဝင်စားတယ်ဆိုရင် အဆင့်တွေကို ထပ်ခါတလဲလဲ လုပ်လို့ရပါတယ်။ ဆိုလိုတာက Engage၊ Explore၊ Explain၊ Explore၊ Explain၊ Elaborate နဲ့ Evaluate ဆိုပြီး သွားတာမျိုး ဖြစ်ပါတယ်။