၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူဦးရေ (၆) သန်းကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများကို ဇွန်လ (၂) ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့ရာ ဇွန်လ (၄) ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆,၁၁၉,၂၆၀) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အခြေခံပညာကျောင်းများတွင် ဆက်လက်ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံချိန်တွင် သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ ထုတ်ပေးပြီး KG နှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံများလည်း အခမဲ့ ပေးအပ်ခဲ့သည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် စာသင်ခုံများ နေရာချထားခြင်း၊ ကျောင်းကြို/ပို့ ယာဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးထားသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၆,၄၁၄,၇၉၉) ဦး တက်ရောက်ခဲ့ကြပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် (၆,၁၁၉,၂၆၀) ဦးသာ တက်ရောက်သည့်အတွက် ကျောင်းသား၊ ကျောင်းသူဦးရေ (၄.၆)% လောက် လျော့နည်းသွားသည်။
Source - ပညာရေးဝန်ကြီးဌာန