Sales Hotline : 09448001653       Download App



၂၀၂၀ ပြည့်နှစ် နိုဘယ်လ်ဆုရရှိသူများနှင့် စွမ်းဆောင်မှုများ

ဆွီဒင်နိုင်ငံသား ဓာတုဗေဒပညာရှင် အဲဖရက်နိုဘယ်လ် ၏ သေတမ်းစာအရ နိုဘယ်လ်ဆုများ ချီးမြှင့်ရန်အတွက် ရည်ရွယ်ပြီး ဆွီဒင်အစိုးရက နိုဘယ်လ်ဆုချီးမြှင့်ရေးကော်မတီတစ်ရပ်ကို ၁၈၉၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ၁၉၀၁ ခုနှစ်မှစပြီး လူသားအကျိုးပြုလုပ်ငန်းများဖြစ် သည့် ဆေးပညာနယ်ပယ်၊ စာပေ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေးဆိုင်ရာ နယ်ပယ်များတွင် စွမ်းစွမ်းတမံ ထမ်းဆောင်နေသော ကမ္ဘာအရပ်ရပ်မှ အဖွဲ့အစည်းများ (သို့မဟုတ်) လူပုဂ္ဂိုလ်များကို ရွေးချယ်ကာ ဆုများကို နှစ်စဉ် ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးခဲ့သည်။ 

နိုဘယ်လ်ဆုရရှိသူများစာရင်းကို နှစ်စဉ် အောက်တိုဘာလတွင် ထုတ်ပြန်ကြေညာပြီး  ဆုရရှိ သူများကိုစတော့ဟုမ်းနှင့် အော်စလိုမြို့များတွင် ဒီဇင်ဘာလ၌ ဆုများအသီးသီး  ချီးမြှင့်ပေးအပ်သည်။

ယခုနှစ် နိုဘယ်လ်ဆုရရှိသူများစာရင်းကို အောက်တိုဘာ ၅ ရက်မှ ၁၂ ရက်အတွင်း  ထုတ်ပြန် ကြေညာခဲ့သည်။ ယခင်နှစ်များတွင် ဆုရရှိသူများကို ဒီဇင်ဘာလအတွင်း ဆုပေးပွဲအခမ်းအနားများ ကျင်းပ ကာ  ဆုများပေးအပ်ချီးမြှင့်ခဲ့သော်လည်း  ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများကြောင့် နိုဘယ်လ်ဆု ချီးမြှင့်ရေးကော်မတီက ဒစ်ဂျစ်တယ်စနစ်ဖြင့်  ဆုများကို ချီးမြှင့်ပေးရန်  စီစဉ်ခဲ့သည်။  နိုဘယ်လ်ဆုတံဆိပ်များ နှင့် အသိအမှတ်ပြုလက်မှတ်များကို  ဆုရရှိသူများထံသို့ ၎င်းတို့၏ သက်ဆိုင်ရာ သံရုံးများမှတစ်ဆင့် ပေးပို့သွား မည်ဖြစ်သည်။ ဆုရရှိသူများကို ၂၀၂၁ ခုနှစ် နိုဘယ်လ် ဆုပေးပွဲအခမ်းအနားသို့   ပြန်လည်ဖိတ်ခေါ်သွားဖွယ် ရှိသည်။  

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပေးပွဲ  အခမ်းအနားကို အော်စလိုမြို့၌ အကျဉ်းချုံးကျင်းပသွားမည်ဖြစ် သည်။ ယခုနှစ်  နိုဘယ်လ်ဆုတစ်ဆုချင်းစီ၏ ချီးမြှင့်ငွေ ပမာဏသည် ယခင်နှစ်များကထက် ဆွီဒင်ငွေ ကရောနာ တစ်သန်း (အမေရိကန်ဒေါ်လာ ၁၁၃၂၄၃) ခန့် ပိုမိုထပ်ဆောင်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်   နိုဘယ်လ်ဆုရှင်များနှင့် ကမ္ဘာ့အကျိုးပြုလုပ်ငန်းများအတွက် ၎င်းတို့၏ စွမ်းဆောင်ရည်များကို ရေးသားဖော်ပြလိုက်ပါသည်။

ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆု 
ယခုနှစ် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို ဟာဗေးဂျေအော်တာ၊ မိုက်ကယ်ဟောင်တန်နှင့် ချားလီး အမ်ရိုက်စ်တို့  သိပ္ပံပညာရှင်သုံးဦးက စုပေါင်းရရှိခဲ့ကြ သည်။ ယင်းသိပ္ပံပညာရှင်သုံးဦးသည် အသည်းရောင် ရောဂါ (စီ) ဗိုင်းရပ်စ်ပိုး၏ ရောဂါဖြစ်ပွားမှုအလေ့အထကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် ဆေးပညာ ဆိုင်ရာ နိုဘယ်လ်ဆုကို ထိုက်တန်စွာ ရရှိခဲ့ခြင်းဖြစ်သည်။ အသည်းရောင်ရောဂါသည် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာရောဂါများကိုဖြစ်ပွားစေသည့် ကမ္ဘာ တစ်ဝန်း၌ အဖြစ်များသော ရောဂါတစ်မျိုးဖြစ်သည်။ 

၎င်းတို့၏ ရှာဖွေတွေ့ရှိမှုကြောင့် နာတာရှည် အသည်းရောင် ရောဂါဝေဒနာရှင်များအား ကုသရာတွင် များစွာ  အထောက်အကူပြုဖြစ်စေခဲ့သည်။ ထို့ပြင် သွေးစစ်ဆေးမှုခံယူပြီး အသည်းရောင်ရောဂါ ဖြစ်ပွား နိုင်ဖွယ်ရှိ၊ မရှိကိုလည်း ကြိုတင်သိရှိနိုင်မည်ဖြစ်သည်။ လူသန်းပေါင်းများစွာ၏အသက်ကို ကယ်တင်ရန် ဆေးဝါးများလည်း ဖော်ထုတ်နိုင်မည်ဖြစ်သည်။

ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆု 
ယခုနှစ် ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ရိုဂျာပန်ရို့စ်၊ ရိုင်ဟတ်ဂျင်ဇယ်လ်နှင့် အန်ဒရယ်ဂက်တို့ သုံးဦတို့ စုပေါင်းရရှိသွားခဲ့သည်။  ၎င်းတို့သုံးဦးသည် စကြဝဠာအတွင်းရှိ တွင်းနက်ကြီးများ ဖွဲ့စည်းထားပုံနှင့် နဂါး ငွေ့တန်းအလယ် ဗဟို၌ အလွန်ကြီးမားသော တွင်းနက်ကြီးများ တည်ရှိနေ မှုကို ရှာတွေ့ခဲ့ခြင်းကြောင့် နိုဘယ်လ်ဆုကို ထိုက်တန်စွာ ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏   ရှာဖွေတွေ့ရှိမှုကြောင့် စကြဝဠာနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများတွင် ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ ၁၁၄ ဆုမြောက် ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ရရှိကြခြင်းဖြစ်သည်။ 

အလွန်ကြီးမားသော  ကြယ်များ ကြွေကျသကဲ့သို့ ကြီးမားသောဒြပ်ထုတစ်ခုသည် အာကာသထဲသို့ ကျရောက် သည့်အချိန်တွင် ထူးဆန်းပြီး စိတ်လှုပ်ရှားစရာကောင်းသော တွင်းနက်ကြီးများစကြဝဠာအတွင်း၌ ဖြစ်ပေါ်လာကြသည်ဟု ၎င်းတို့က ဆိုသည်။ 

ဗြိတိန်နိုင်ငံသား သင်္ချာနှင့်ရူပဗေဒပညာရှင် ပါမောက္ခ ပန်ရို့စ်က စကြဝဠာအတွင်းရှိ  တွင်းနက်ကြီးများ ဖွဲ့စည်းထားခြင်းနှင့် ပတ်သက်ပြီး ၎င်း၏ သင်္ချာနည်းပညာများကို အသုံးပြုကာ သက်သေထူနိုင်ခဲ့ပြီဖြစ်သည်။ အလားတူ ဂျာမနီနိုင်ငံသား နက္ခတဗေဒပညာရှင် ပါမောက္ခရိုင်ဟတ် ဂျင်ဇယ်လ်နှင့် အမေရိကန်နိုင်ငံသား ပါမောက္ခအန်ဒရယ်ဂက်သည် ကြယ်တာရာများ၏ ရွေ့လျားမှုများအပါအဝင် နဂါးငွေ့တန်းအလယ်ဗဟို၌ တွင်းနက်ကြီးတည်ရှိသည်ကို သက်သေပြသနိုင်ခဲ့သည့်အတွက် ဆုရရှိခဲ့ခြင်းဖြစ် သည်။

ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆု 
ယခုနှစ် ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို အမျိုးသမီးသိပ္ပံပညာရှင်များဖြစ်သည့် အမ်မာနျူလီချာပန်တီရာနှင့် ဂျက်နီဖာအေဒေါင်နာတို့က ရရှိခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် မျိုးရိုးဗီဇပြောင်းလဲမှုဆိုင်ရာ နည်းလမ်းသစ်တစ်ခု ရှာတွေ့ခဲ့ခြင်းကြောင့် ယခုနှစ် ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ထိုက်တန်စွာ ရရှိခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆုရရှိသည့် ပထမဆုံးသော အမျိုးသမီးသိပ္ပံပညာရှင်များ ဖြစ်လာကြသည်။

၎င်းတို့ရှာတွေ့ခဲ့သည့် မျိုးရိုးဗီဇပြောင်းလဲမှုဆိုင်ရာ နည်းလမ်းသစ်ကို Crispr-Cas9 genetic scissors ဟု အမည်ပေးထားပြီး အဆိုပါနည်းလမ်းဖြင့် သက်ရှိဆဲလ်များ တွင်ပါရှိသည့် မျိုးရိုးဗီဇများကိုတိကျစွာ ပြောင်းလဲပေးနိုင် မည်ဖြစ်သည်။  

အဆိုပါတွေ့ရှိမှုသည် ဆေးပညာဆိုင်ရာ သုတေသနပြုလုပ်ရာတွင် များစွာအထောက်အကူပြုသည့် အပြင် ကင်ဆာရောဂါကုထုံးအသစ်များဖြင့် စမ်းသပ်ကုသ ရာတွင်လည်း  အထောက်အကူပြုနိုင်သည်။ လက်ရှိအချိန် တွင် အဆိုပါမျိုးရိုးဗီဇပြောင်းလဲမှုဆိုင်ရာ နည်းလမ်းသစ်ကို အသုံးပြုပြီး သွေးအားနည်းရောဂါသည်များအား ကုသရာ တွင် အကျိုးသက်ရောက်မှု ရှိ၊ မရှိ စမ်းသပ်လျက်ရှိသည်။ 

စာပေဆိုင်ရာနိုဘယ်လ်ဆု 
ယခုနှစ် စာပေဆိုင်ရာ နိုဘယ်လ်ဆုကို အမေရိကန် ကဗျာဆရာမ လူးဝစ်ဂလပ်ခ်က ရရှိသွားခဲ့သည်။ ကဗျာ ဆရာမ လူးဝစ်ဂလပ်ခ်၏ ထင်ရှားပေါ်လွင်စေသည့် ကဗျာစပ်ဆိုမှုကြောင့် နိုဘယ်လ်ဆုရရှိခဲ့ခြင်းဖြစ်သည်။ 

လူးဝစ်ဂလပ်ခ်ကို ၁၉၄၃ ခုနှစ်တွင် နယူးယောက်မြို့၌ မွေးဖွားခဲ့သည်။ လက်ရှိအချိန်တွင် ယေးလ်တက္ကသိုလ်၌အင်္ဂလိပ်စာပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိ သည်။ လူးဝစ်ဂလပ်ခ်သည် ၂၀၁၀ ပြည့်နှစ်မှစပြီး စာပေဆိုင်ရာ နိုဘယ်လ်ဆုရရှိသည့် စတုတ္ထမြောက်အမျိုးသမီး ဖြစ်ပြီး နိုဘယ်လ်ဆုများ စတင်ချီးမြှင့်သည့် ၁၉၀၁ ခုနှစ်မှ စပြီး ၁၆ ယောက်မြောက်  စာပေဆိုင်ရာ နိုဘယ်လ်ဆုရှင် ဖြစ်လာခဲ့သည်။ 

လူးဝစ်ဂလပ်ခ်သည် ၁၉၉၃ ခုနှစ်တွင် The Wild Iris စာအုပ်ဖြင့် ပူလစ်ဇာဆု၊  ၂၀၁၄ ခုနှစ်တွင် အမျိုးသားစာပေ ဆု၊ ၂၀၀၁ ခုနှစ်တွင် ဘောလင်ဂန်ကဗျာဆု၊ ၂၀၀၈ ခုနှစ် တွင် ဝေါ်လစ်စတီဗင်ဆုနှင့် ၂၀၁၅ ခုနှစ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အမျိုးသားဆုစသည့် ဂုဏ်သိက္ခာကြီးမားသော ဆုပေါင်းများစွာကို ရရှိခဲ့သည်။ 

ငြိမ်းချမ်းရေးနိုဘယ်လ်ဆု 
ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ရရှိခဲ့သည်။ အဆိုပါ အေဂျင်စီသည် ကမ္ဘာ့ငြိမ်းချမ်းရေးအခြေအနေ ပိုမိုတိုးတက် ကောင်းမွန်စေရန်နှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးသည့် လုပ်ငန်းစဉ်များကိုပါ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ခြင်းကြောင့် ၁၀၁ ဆုမြောက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ထိုက်တန်စွာ ရရှိခဲ့ခြင်းဖြစ်သည်။ 

ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ရန် အဖွဲ့အစည်း ၁၀၇ ဖွဲ့နှင့် လူပုဂ္ဂိုလ် ၂၁၁ ဦးတို့အား ကနဦးလျာထားခဲ့သည်။ ၎င်းတို့အနက်မှ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ဝန်ထမ်းများကို ဂုဏ်ပြုသည့် အနေဖြင့် ၂၀၂၀ ပြည့်နှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို အဆိုပါအေဂျင်စီအား ချီးမြှင့်ခဲ့ခြင်းဖြစ် သည်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့လျက် ရှိနေလင့်ကစား စစ်ဘေး၊ ကပ်ဘေးနှင့် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ကမ္ဘာသူကမ္ဘာသား များအတွက် ကိုယ်ကျိုးမငဲ့ဘဲ ရှေ့တန်းမျက်နှာစာတွင် ကူညီဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ကိုယ်ကျိုးစွန့် အနစ်နာခံသည့် ဝန်ထမ်းများ၏ စိတ်ဓာတ်နှင့် ခံယူချက် သည် နောင်အနာဂတ်ကမ္ဘာကြီးအတွက် ရှေ့ဆောင်စံပြ တစ်ခုဖြစ်သည်ဟု နိုဘယ်လ်ဆုချီးမြှင့်ရေးကော်မတီက ပြောကြားခဲ့သည်။ 

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့နိုင်ငံများသို့ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေး လျက်ရှိသည်။ လွန်ခဲ့သောနှစ်က စားနပ်ရိက္ခာ လုံလောက်မှုမရှိသော နိုင်ငံ ၈၈ နိုင်ငံမှ  ပြည်သူ သန်း ၁၀၀ နီးပါးအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့သည်ဟု အဆိုပါအေဂျင်စီက ဆိုသည်။ 

စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆု 
ယခုနှစ် စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုကို စတန်းဖို့ဒ်တက္ကသိုလ် ပါမောက္ခများဖြစ်သည့် ပေါအာမီဂရွမ်နှင့် ရောဘတ်ဘီဝယ်လ်ဆန်တို့က ရရှိခဲ့သည်။ ၎င်းတို့သည် လေလံတင်ခြင်းသီအိုရီနှင့် လေလံတင်ခြင်းဆိုင်ရာ စနစ်သစ်ပုံစံများကို ထုတ်ဖော်ပြသခဲ့ခြင်းအတွက် ၂၀၂၀ ပြည့်နှစ် စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုကို ထိုက်တန်စွာ ရရှိခဲ့ခြင်းဖြစ်သည်။

ယခုနှစ် စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုအတွက် လေလံတင်ပွဲများနှင့်ပတ်သက်ပြီး အဓိကထား ရွေးချယ် ခဲ့သည်။ နိုဘယ်လ်ဆုရှင် စတန်းဖို့ဒ်တက္ကသိုလ် ပါမောက္ခ များ၏ လေလံတင်ခြင်းဆိုင်ရာ စနစ်သစ်ပုံစံများသည် လေလံတင်ပွဲများကျင်းပခြင်းအတွက် များစွာအထောက် အကူဖြစ်စေသည်။  ထို့ပြင်  လေလံတင် ရောင်းချသူများ၊ ဝယ်ယူသူများနှင့် အခွန်အခပေးချေသူများအတွက်လည်း အကျိုးကျေးဇူးရှိစေနိုင်သည်ဟု နိုဘယ်လ်ဆုချီးမြှင့် ရေးကော်မတီကဆိုသည်။ 

အင်တာနက်ကြော်ငြာများ၊ လျှပ်စစ်ဓာတ်အား လက်ကားရောင်းချခြင်း၊ ငါးဖမ်းခြင်းခွင့်ပြုချက်များစသည့် ရောင်းချလိုသည့်ပစ္စည်းအားလုံး၏ သတ်မှတ်တန်ဖိုးနှုန်းထားတစ်ခု ရရှိစေရန် လေလံတင်ပွဲများကို ကျင်းပရခြင်းဖြစ်သည်။ 

လေလံတင်ပွဲသို့ တက်ရောက်သူများ၏ အပြုအမူ များကို သုတေသနပြုပြီး မည်သူတစ်ဦးတစ်ယောက်မှ နစ်နာမှုမရှိဘဲ ပိုမိုကောင်းမွန်သော လေလံတင်ပွဲများ ဖြစ်တည်ရေးအတွက် ၎င်းတို့၏ လေလံတင်ခြင်းဆိုင်ရာ နည်းလမ်းအသစ်များကို ရှာဖွေတွေ့ရှိခဲ့ခြင်းတို့ကြောင့် နိုဘယ်လ်ဆု  ချီးမြှင့်ရေးကော်မတီက  ပေါအာမီဂရွမ်နှင့် ရောဘတ်ဘီဝယ်လ်ဆန်တို့အား အသိအမှတ်ပြု ချီးကျူးစကားဆိုခဲ့သည်။

ကိုးကား- ဘီဘီစီ၊ နယူးယောက်တိုင်းမ်
Source: The Mirror Daily
Image Source: The Mirror Daily

Latest Post Read 1194 times