Sales Hotline : 09448001653       Download App



၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် စာရင်းပေးထားသူ ရှစ်သိန်းကိုးသောင်းကျော်ရှိ

၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် စာရင်းပေးထားသူ ရှစ်သိန်းကိုးသောင်းကျော်ရှိ

၂၀၁၉ ခုနှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် ဖြေဆိုရန် စာရင်းပေးထားသူ ပျမ်းမျှရှစ်သိန်းကိုးသောင်းခြောက်ထောင်ကျော်ရှိပြီး ယခင် ၂၀၁၈ ခုနှစ်ထက် ၅၀၀၀၀ ကျော်ပိုများလာကြောင်း၊ စိတ်ကြိုက်မြန်မာစာဖြေဆိုရန် စာရင်းပေးသွင်းထားသူ သုံးဦးသာ ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ နိုဝင်ဘာ ၂၁ ရက်တွင် သိရသည်။

‘ဒီနှစ်အတွက် စာရင်းပေးထားတာ ရှစ်သိန်းကိုးသောင်းခြောက် ထောင်ကျော်ရှိတယ်။ အပြင်ဖြေတွေအနေနဲ့ စာရင်းပေးထားတာက သုံးသိန်းသုံးသောင်းကျော်နဲ့ ကျောင်းတွင်းဖြေအတွက် စာရင်းပေးထားတာက ငါးသိန်း ခြောက်သောင်းသုံးထောင်ကျော်ရှိတယ်။

မနှစ်ကထက်စာရင်းက ရှစ်သိန်း လေးသောင်းကျော်စာရင်း ပေးသွင်းထားတာဆိုတော့ ဒီနှစ်မှာ ငါးသောင်းကျော်လောက် ပိုများလာတာပေါ့။ အချိန်စာရင်းကတော့ မကြေညာနိုင်သေးဘူးပေါ့။ စာရင်းသွင်းတဲ့ အထဲမှာ စိတ်ကြိုက်မြန်မာစာဖြေဆိုဖို့ စာရင်းပေးထားတာ သုံးဦးရှိပါတယ်။

ရန်ကုန်တစ်ဦး၊ မန္တလေးတစ်ဦး၊ ရခိုင်ကတစ်ဦးပေါ့’ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က စံတော်ချိန်သို့ ပြောဆိုသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို နှစ်စဉ်မတ်လအတွင်း ကျင်းပလေ့ရှိသော်လည်း ယခုနှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်စာရင်းကို မထုတ်ပြန်နိုင်သေးကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင်တန်း မေးခွန်းပုံစံကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ၊ ဇီဝဗေဒ၊ သမိုင်း၊ ပထဝီဝင်စသည့် ဘာသာရပ်ကိုးခုကို မေးခွန်းပုံစံ သစ်အဖြစ် ပြောင်းလဲ သွားမည်ဖြစ်ပြီး စိတ်ကြိုက်မြန်မာစာ ဘာသာရပ်တစ်ခုသာ မေးခွန်းပုံစံ မပြောင်းလဲကြောင်း၊ ယင်းကဲ့သို့ မေးခွန်းပြောင်းလဲရခြင်းမှာ စဉ်းစားတွေးခေါ်ရသည့် မေးခွန်းပုံစံများအဖြစ် ဖန်တီးပေးခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြရာတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၈၄၄၃၅၈ဦး၊ ဝင်ရောက်ဖြေဆိုသူ ၇၈၈၈၆၃ဦးရှိခဲ့ပြီး ပျက်ကွက်သူ ၅၀၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: စံတော်ချိန်

News Read 2925 times