သင်က ဆရာ၊ ဆရာမအလုပ်ကို စတင်လုပ်ကိုင်တော့မယ်ဆိုရင် ဘွဲ့ရပြီး စာသင်တတ်ရုံနဲ့ လစာမြင့် အလုပ်အကိုင်ကောင်းတွေ မရရှိနိုင်ပါဘူး။ TKT၊ TESOL၊ TEFL တို့လို နိုင်ငံတကာအသိအမှတ်ပြု သင်ကြားရေးအရည်အချင်းစစ် အောင်လက်မှတ်တွေ ရှိထားမှ Private School တွေ၊ International School တွေမှာ အလုပ်ဝင်လုပ်လို့ရမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီတစ်ပတ်မှာတော့ Teaching Konwledge Test ရဲ့ အတိုကောက်ဖြစ်တဲ့ TKT နဲ့ပတ်သက်ပြီး သင်ကြားရမယ့်မော်ဂျူးတွေ၊ စာမေးပွဲဖြေဆိုရမယ့်ပုံစံနဲ့ ကုန်ကျစရိတ် စတာတွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။
TKT စာမေးပွဲဆိုတာဘာလဲ?
TKT စာမေးပွဲဆိုတာ အင်္ဂလိပ်ဘာသာစကားသင်ကြားတဲ့ ဆရာ၊ ဆရာမတွေအတွက် သင်ကြားရေးအသိပညာကို Cambridge English Langugage Assessment ကနေ စစ်ဆေးတဲ့ သင်ကြားရေးအရည်အချင်းစစ် စာမေးပွဲတစ်ခုဖြစ်ပါတယ်။
ဒီ TKT လက်မှတ်ကို နိုင်ငံတကာကက အသိအမှတ်ပြုထားတာဖြစ်တဲ့အတွက် ပြည်တွင်းသာမက ပြည်ပမှာပါ သင်ကြားရေးအလုပ်တွေ လျှောက်တဲ့အခါ အတော်လေး အသုံးဝင်ပါတယ်။ သင်က အင်္ဂလိပ်ဘာသာစကား သင်တဲ့သူဖြစ်ဖြစ်၊ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုပြီး ဘာသာရပ်တစ်ခုခုကို သင်ကြားနေရတဲ့သူဖြစ်ဖြစ် TKT စာမေးပွဲကို ဖြေထားသင့်ပါတယ်။
CELTA (သို့) DELTA တို့လို အင်္ဂလိပ်စာသင်ကြားခြင်းဆိုင်ရာ နောက်ထပ်အရည်အချင်းစစ် စာမေးပွဲတွေအတွက် TKT က အကောင်းဆုံး အခြေခံလည်း ဖြစ်ပါတယ်။
TKT မှာ ပါဝင်တဲ့ မော်ဂျူးများ
TKT မှာ သင်ကြားရေးနဲ့ ပတ်သက်ပြီး အဓိက မော်ဂျူး (၃) ခုနဲ့ အထူးပြု မော်ဂျူး (၂) ခုဆိုပြီး စုစုပေါင်း မော်ဂျူး (၅) ခုရှိပါတယ်။
Core Modules:
Module 1 : Background to language learning and teaching
ဘာသာစကားသင်ကြားရေးအပါ် လွှမ်းမိုးနိုင်တဲ့ အဓိကအချက်တွေ၊ သင်ကြားသူတွေရဲ့ လိုအပ်ချက်ကိုလိုက်ပြီး အသုံးပြုနိုင်တဲ့ သင်ကြားနည်းတွေကို လေ့လာနိုင်ပါတယ်။
Module 2 : Lesson planning and use of resources for language teaching
အင်္ဂလိပ်စာ သင်ကြားရေးအတွက် သင်ခန်းစာအစီအစဉ်ပြုလုပ်ပုံတွေ၊ သင်ကြားရေးအရင်းအမြစ် အသုံးပြုပုံတွေကို လေ့လာရပါတယ်။
Module 3 : Managing the teaching and learning process
သင်ကြားရေးနဲ့ သင်ယူမှုလုပ်ငန်းစဉ်ကို ဆရာ၊ ဆရာမတစ်ယောက်အနေနဲ့ ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ သင်ယူရမှာ ဖြစ်ပါတယ်။
ဒါကတော့ TKT ရဲ့ အဓိက မော်ဂျူး (၃) ခု ဖြစ်ပြီး ဒီမော်ဂျူး (၃) ခု စလုံးကို တစ်ပြိုင်တည်း ဖြေစရာမလိုသလို အစဉ်တိုင်း ဖြေဆိုစရာလည်း မလိုပါဘူး။ ကိုယ်အဆင်သင့်ဖြစ်တဲ့အချိန်မှာ ကိုယ်ဖြေချင်တဲ့ မော်ဂျူးကို ရွေးပြီး ဖြေလို့ရပါတယ်။
ဒီမော်ဂျူး (၃) ခုစလုံး မဖြစ်မနေ ဖြေရမယ်လို့ သတ်မှတ်ထားတာမျိုးလည်း မရှိပါဘူး။ မော်ဂျူး (၁) ခုဖြေတိုင်း စာမေးပွဲကြေးသပ်သပ် ပေးရမှာဖြစ်ပြီး အောင်လက်မှတ်တစ်ခု ထုတ်ပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ဆရာ၊ ဆရာမတွေကတော့ အပေါ်က မော်ဂျူး (၃) ခုက တကယ်လိုအပ်တဲ့အတွက် (၃) ခုစလုံးကိုတော့ အချိန်ပေးပြီး ရအောင်ဖြေကြပါတယ်။ ဒီထပ်ပိုပြီး Specific ဖြစ်ချင်တဲ့ ဆရာ၊ ဆရာမတွေက ကိုယ်သွားချင်တဲ့ လမ်းကြောင်းပေါ်မူတည်ပြီး အောက်က မော်ဂျူး (၂) ခုကိုပါ ထပ်ဖြေကြတာ ရှိပါတယ်။
Specialist Modules:
TKT: CLIL - Content and Language Integrated Learning
ဘာသာရပ်နဲ့ ဘာသာစကားကို ရောပြီး သင်ကြားနေရတဲ့ ဆရာ၊ ဆရာမတွေ ဖြေဆိုသင့်တဲ့ စာမေးပွဲပါ။
TKT: YL - Youn Learners
ကလေးငယ်တွေကို အင်္ဂလိပ်ဘာသာစကား သင်ကြားနေရတဲ့ ဆရာ၊ ဆရာမတွေ ဖြေဆိုသင့်တဲ့ စာမေးပွဲပါ။
TKT စာမေးပွဲကို ဘယ်သူတွေ ဖြေဆိုသင့်လဲ?
သင်တန်းတက်ရောက်ရမယ့်ပုံစံ
TKT စာမေးပွဲ ပြင်ဆင်မှုကို အွန်လိုင်းပဲဖြစ်ဖြစ်၊ လူကိုယ်တိုင်ပဲဖြစ်ဖြစ် ဖွင့်လှစ်သင်ကြားပေးနေတဲ့ အပြင်သင်တန်းတွေ ရှိပါတယ်။ စျေးနှုန်းတွေကတော့ ရွေးချယ်တဲ့ သင်တန်းအလိုက် မော်ဂျူးတစ်ခုကို (၈) သောင်းကနေ (၁) သိန်းခွဲအထိ ရှိနိုင်ပါတယ်။ သင်တန်းမတက်ဘဲ ကိုယ်တိုင် Sef-study လေ့လာပြီး ဖြေဆိုခွင့်လည်း ရှိပါတယ်။
မေးခွန်းပုံစံနဲ့ ဖြေဆိုချိန်
မော်ဂျူးတစ်ခုစီမှာ မေးခွန်း (၈၀) ပါဝင်ပြီး Mutiple choice မေးခွန်းပုံစံ ဖြေဆိုရမှာ ဖြစ်ပါတယ်။ ဖြေဆိုချိန်ကို မိနစ် (၈၀) သတ်မှတ်ထားပါတယ်။
အမှတ်ပေးစည်းမျဉ်း
TKT ရဲ့ အမှတ်ပေးစည်းမျည်းက အောင်တာ/ကျတာ မရှိပါဘူး။ Band Score (1) ကနေ (4) အထိ ပေးပြီး Band 1 က အမှတ်အနည်းဆုံး၊ Band (4) က အကောင်းဆုံး ဖြစ်ပါတယ်။
စာမေးပွဲကြေး
မော်ဂျူး (၁) ခုကို စာမေးပွဲကြေး (၃) သိန်းကျော် ကျသင့်ပါတယ်။
စာမေးပွဲဖြေဆိုရမယ့်နေရာ
စာမေးပွဲ ဖြေဆိုဖို့အတွက် ကိုယ်ဖြေလိုတဲ့ မော်ဂျူးကို British Council ကနေတဆင့် Register လုပ်ပြီး ရန်ကုန်၊ မန္တလေးက စာမေးပွဲစင်တာတွေမှာ ဖြေဆိုနိုင်ပါတယ်။ Register လုပ်ရမယ့်အချိန်နဲ့ စာမေးပွဲဖြေဆိုရမယ့်ရက်တွေက အတိအကျ မရှိတဲ့အတွက် British Council က ကြေညာချက်တွေကို စောင့်ကြည့်ဖို့ အကြံပြုပါတယ်။
British Council > https://www.britishcouncil.org.mm/exam/cambridge/which/tkt
===================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။