မန္တလေးတွင် Speedboat မောင်းသင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးကော်မတီမှ ကြီးမှူး၍ မကြာမီ ကျရောက်လာနိုင်သည့် ရေကြီး/ရေလျှံမှုဖြစ်စဉ်များတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်စေရန် Speedboat မောင်းသင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

စနစ်ကျပြီး စွမ်းရည်မြင့်မားသော ရေပြင် ရှာဖွေကယ်ဆယ်ရေးသမားများ မွေးထုတ်ပေးရန် ရည်ရွယ်ကာ အဆိုပါသင်တန်းအား မေလ (၂၅) ရက်မှ မေလ (၃၀) ရက်အထိ သင်ကြားပေးနေသည်မှာ ပဉ္စမမြောက်ရက်ရှိပြီဖြစ်သည်။

သင်တန်းကို အသက် (၂၀) နှစ်မှ (၄၀) နှစ်ကြား လူငယ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၏ ကယ်ဆယ်ရေး သင်တန်း (အခြေခံ) တတ်ရောက်ပြီးသူများသာ လက်ခံသင်ကြားပေးသည်ဟု သိရသည်။

သင်တန်းတွင် ရေကူးစမ်းစစ်ခြင်း၊ ကယ်ဆယ်ရေးသုံး Speed Boat များအကြောင်း၊ Speed Boat သုံး Engine များအကြောင်းနှင့် အသုံးပြုနည်းများ၊ Speed Boat ‌အမျိုးမျိုးမောင်းနှင်ခြင်းနှင့် ဆောင်ရန်ရှောင်ရန်များ၊ Accident များ အကြောင်းနှင့် ‌ဖြေရှင်းဆောင်ရွက်နည်းများ၊ ရေရှည် ထိမ်းသိမ်းဆောင်ရွက်နည်းများကို စာတွေ့၊ လက်တွေ့ သင်ခန်းစာများအဖြစ် သင်ကြားပေးနေသည်။

သင်တန်းကို စာတွေ့လက်တွေ့ သင်ခန်းစာများဖြင့် ကန်တော်ကြီးနှင့် ဒုဋ္ဌဝတီမြစ်အတွင်း သင်ကြားပို့ချနေသည်ဖြစ်ပြီး နိုင်ငံတဝှမ်းမှ ကယ်ဆယ်ရေးအဖွဲ့ဝင် (၄၀) ကျော် တက်ရောက်သင်ကြားလျက်ရှိသည်။

သင်တန်းကာလအတွင်း အသုံးပြုသည့် သင်ထောက်ကူများအားလုံးကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ကော်မတီရုံး) မှ ထောက်ပံ့ပေးပြီး Speed Boat များ၏ စက်သုံးဆီ ကုန်ကျစရိတ်ကို သင်တန်းတက်ရောက်မည့် သင်တန်းသားမှ တစ်ဝက် ကျခံရကြောင်း သိရသည်။

ယခု ရှာဖွေ‌ကယ်ဆယ်ရေးသုံး Speed Boat အသုံးပြု/မောင်းနှင်ခြင်း သင်တန်းအတွက် ထာဝရဝိန့်စိန် အဆင့်မြင့်စိန်ရွှေရတနာဆိုင် မိသားစုမှ အဓိက ကူညီပံ့ပိုးလှူဒါန်းပေးကြောင်းလည်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီမှ ဖော်ပြထားသည်။

=======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 375 times