"IRODORI" ဂျပန်အွန်လိုင်းသင်တန်းဆိုတာ Japan Foundation ကနေ ထုတ်ဝေထားတဲ့ "IRODORI-Japanese for Life in Japan" ဖတ်စာအုပ်ရဲ့ သင်ရိုးမာတိကာ၊ သင်ရိုးညွှန်းတမ်း၊ သင်ထောက်ကူတို့ကို အခြေခံပြီး အခမဲ့ သင်ခန်းစာတွေ ပို့ချပေးနေတဲ့ ဝက်ဘ်ဆိုက်ဒ်တစ်ခု ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ "အထူးကျွမ်းကျင်လုပ်သား" ဗီဇာနဲ့ ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေအတွက် အခြေခံလောက် ဆက်သွယ်ပြောဆိုနိုင်ဖို့ ရည်ရွယ်ပြီး Japan Foundation က ဒီဝက်ဘ်ဆိုက်ဒ်လေးကို ဖန်တီးလုပ်ဆောင်ထားတာပါ။ ဘာသာစကားအနေနဲ့လည်း မြန်မာ၊ အင်္ဂလိပ် (၂) မျိုးလုံးနဲ့ လေ့လာလို့ရပါတယ်။
အွန်လိုင်းသင်တန်းဖြစ်လို့ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို လေ့လာနိုင်တဲ့အတွက် အလုပ်များပြီး သီးသန့်အချိန်မပေးနိုင်တဲ့သူတွေ၊ ဂျပန်ဘာသာစကားသင်တန်း နီးနီးနားနားမှာ မရှိတဲ့သူတွေအတွက် အဆင်ပြေပါတယ်။
ဂျပန်ဘာသာစကားကို အခုမှ စတင်လေ့လာမယ့်သူတွေအတွက် အဆင်ပြေအောင် သင်ရိုးမာတိကာမှာ အခြေခံမိတ်ဆက် (A1)၊ အခြေခံအဆင့် (၁) A2နဲ့ အခြေခံအဆင့် (၂) A2 တို့ကိုပဲ ထည့်သွင်းသင်ကြားပေးထားပါတယ်။
A1 မှာ အရေးအသားစာလုံးတွေ၊ သဒ္ဒါ၊ အသံထွက်၊ ဟီရာ့ဂါ့နာ၊ ခါတာ့ခါ့နာတို့ ပါဝင်ပြီး A2 မှာ အခြေခံကျတဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ၊ မိသားစုအချက်အလက်တွေ၊ စျေးဝယ်ထွက်ခြင်း၊ ပတ်ဝန်းကျင်၊ လုပ်ငန်းခွင် စတဲ့ နယ်ပယ်တွေနဲ့ ပတ်သက်ပြီး အသုံးများတဲ့ ဝေါဟာရတွေ၊ အသုံးအနှုန်းဖော်ပြချက်တွေ ပါဝင်ပါတယ်။
Related Article : Thailand Foundation မှ အခမဲ့ သင်ကြားပေးမယ့် ထိုင်းစကားသင်တန်း
>> https://www.edge.com.mm/article/thailand-foundation.html?
ဂျပန်ဘာသာစကား အခြေခံကို အခမဲ့လည်း လေ့လာချင်တယ်၊ မြန်မာလိုလည်း ဖြစ်ရမယ်ဆိုရင် အောက်ကလင့်ခ်ကနေတဆင့် အကောင့်ဖွင့်ပြီး လေ့လာနိုင်ပါတယ်။ အကောင့်ဖွင့်ပြီးမှ လေ့လာရမယ့် သင်ခန်းစာတွေက ပေါ်လာမှာဖြစ်ပါတယ်။
>> https://www.irodori-online.jpf.go.jp/
လေ့လာရမယ့်ပုံစံကတော့ ရုပ်ပုံ၊ အသံနဲ့ ဗီဒီယိုဖိုင်တွေကို ကြည့်ရမှာ ဖြစ်ပြီး သင်ခန်းစာတွေကို လေ့လာသင်ယူပြီးရင် လေ့ကျင့်ခန်းတွေကိုလည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ လေ့လာသင်ယူနေတဲ့ သင်ခန်းစာအကြောင်းအရာအလိုက် ဖြည့်စွက်ရှင်းလင်းချက်တွေကို ဖတ်ရှုနိုင်ပြီး အဲ့သင်ခန်းစာမှာ သင်ယူရမယ့် ဝေါဟာရတွေ၊ သဒ္ဒါ၊ ခန်းဂျီးတို့ကိုလည်း အချိန်မရွေး ပြန်ကြည့်လို့ ရပါတယ်။
သင်ရိုးမာတိကာအားလုံး ပြီးဆုံးသွားရင် စာမေးပွဲ ဖြေဆိုရပါမယ်။ စာမေးပွဲမှာ အမှတ် (၈၀) နဲ့အထက် ရရင် သင်တန်းပြီးဆုံးကြောင်းလက်မှတ်ကိုလည်း ထုတ်ပေးမှာဖြစ်ပါတယ်။
==========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။