ရန်ကုန်တက္ကသိုလ်တွင် သိပ္ပံပွဲတော် (Science Fair) ပြန်လည် ကျင်းပမည်

ရန်ကုန်တက္ကသိုလ်တွင် ကျင်းပလေ့ရှိခဲ့သော သိပ္ပံပွဲတော်ကို ကိုဗစ်ကာလမှစတင်၍ ကျင်းပမှုရပ်ဆိုင်းခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီတွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန သိပ္ပံပွဲတော်အောင်မြင်စွာ ကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ (၃) ရက်နေ့တွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဒုတိယ၀န်ကြီးက သိပ္ပံပွဲတော်ကို ရန်ကုန်တက္ကသိုလ်တွင် ကျင်းပလေ့ရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလမှ စတင်၍ ကျင်းပမှုရပ်ဆိုင်းခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီတွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သိပ္ပံပွဲတော်တွင် စိတ်ဝင်စားဖွယ်ကောင်းသည့် ဘာသာရပ်ဆိုင်ရာပြခန်းများ၊ ပြကွက်များ၊ ပြိုင်ပွဲများဖြင့် ခမ်းနားထည်ဝါစွာ၊ ခေတ်မီစွာ စနစ်တကျ ပြန်လည် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံကိုပါ ပူးတွဲ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက သိပ္ပံပြခန်းများ ခင်းကျင်းပြသနိုင်ရေး အကြံပြုဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့သည်။

Local News Read 267 times